Rakhine traditional drum
test1

ရခိုင်ရိုးရာစည်ကို စည်းစနစ်တကျဖြင့် တီးခတ်တတ်သူနည်းပါးလာ၍ မူလတီးခတ်ပုံ ပပျောက်လာမည်ကို စိုးရိမ်နေရ


Western News

ရခိုင်ယဥ်ကျေးမှုအ‌မွေအနှစ်တစ်ခုဖြစ်သည့် ရိုးရာစည်တော်ကို စည်းစနစ်တကျဖြင့် တီးခတ်သူနည်းပါးလာခြင်း ကြောင့် မူလတီးခတ်မှုပုံစံများ ပပျောက်လာမည်ကို စိုးရိမ်ရကြောင်း စိုင်းဒြားရခိုင်စည်အဖွဲ့မှပြောသည်။

ရိုးရာစည်ကို ယခင်ထက်ပို၍ အသုံးပြုမှုနှင့် တီးခတ်မှုတို့များလာသော်လည်း ယဉ်ကျေးမှုကိုထိန်းသိမ်းသည့် သ ဘောမျိုးမဟုတ်ပဲ စီးပွားရေးအမြင်ဖြင့် ပုဂ္ဂလိကတည်ထောင်ခြင်းများရှိလာပြီး စည်းစနစ်မကျဘဲ တီးခတ်သူများ လည်းများလာကြောင်း စည်တီးခတ်သည့် သက်တမ်းနှစ် ၄၀ ခန့်ရှိပြီဖြစ်သည့် စိုင်းဒြားရခိုင်စည်အဖွဲ့မှ စည်ဆရာ ကြီး ဦးကျော်ဇံမောင် ကပြောသည်။

“စည်တီးလာတာကတော့ နှစ်ပေါင်း ၄၀ ရှိပြီ။ စိုင်းဒြားရခိုင်စည်အဖွဲ့ဆိုတာ စစ်တွေမှာ ပထမဆုံးထောင်တဲ့ စည် အဖွဲ့ပဲ။ လက်ရှိမှာတော့ စည်အသုံးပြုမှုနဲ့ တီးခတ်တဲ့သူတွေကတော့ အရင်ကထက်များလာတယ်။ မြို့နယ်တိုင်း လိုလိုမှာလည်း စည်အဖွဲ့တွေရှိနေပြီ။ ဒါပေမယ့် တစ်ခုဝမ်းနည်စရာ ကောင်းတာက ရိုးရာယဉ်ကျေးမှုကို ရှေးရှုပြီး အများအကျိုး အတွက်လုပ်နေတဲ့အဖွဲ့အစည်းတွေက စည်တည်ထောင်တာမဟုတ်ဘဲ စီးပွားရေးသမားတွေက စည်တီးရင်ပိုက်ဆံရတယ်ဆိုပြီး ပုဂ္ဂလိကတည်ထောင်လာတာတွေများလာတာပဲ။ ဒါကတော့ကောင်းတဲ့ လက္ခဏာမျိုးမဟုတ်ဘူး။ တကယ်တော့ စည်ကအခြင်းနဲ့လိုက်ပြီး တစ်နေရာနဲ့တစ်နေရာ တီးတာချင်းမတူဘူး။ ခုက စည်သံကိုအခြင်းအလိုက်မဟုတ်တော့ဘဲ ကြားတဲ့အတိုင်း လိုက်တီးနေကြတာတွေရှိလာတယ်” ဟုပြော သည်။

ယခုကဲ့သို့ဖြစ်လာခြင်းနှင့်ပတ်သက်၍ ရိုးရာယဉ်ကျေးမှုဆိုင်ရာအဖွဲ့စည်းများနှင့် စည်အဖွဲ့များ အားလုံးပူးပေါင်း ညှိနှိုင်းပြီး စည်းစနစ်ဖြင့်တီးခတ်နိုင်ရန် ပညာပေးမှုများပြုလုပ်သင့်ကြောင်း ယခုကဲ့သို့ဆက်သွားနေလျှင် တီးခတ်နည်းစနစ်အမှန်မှာ ပျောက်ကွယ်လာတော့မည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ရခိုင်ရိုးရာစည်ထုတ်လုပ်မှုနှင့် ပတ်သက်၍လည်း မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်မှ စည်လုပ်ငန်းလုပ်ကိုင်သူ ဦးမောင်အေးသာက စည်ကို အသံ ၃ မျိုးအပေါ်အခြေခံ၍ပြုလုပ်ကြောင်း စည်လုပ်ရာတွင် သစ်မာသားများနှင့် ပြုလုပ်ရခြင်းဖြစ်ရာ သစ်မာများမှာ ယခင်ကထက်ပိုရှားပါးလာကြောင်း ပြောသည်။

“ကျနော် စည်လုပ်လာတာက ၁၃ နှစ်သားကတည်းကပဲ ကျနော့်အဖေရဲ့လုပ်ငန်းကို ကျနော်ဆက်လုပ်တာပေါ့။ စည်ကတော့ အခု ၂ နှစ်အတွင်းမှာ ရောင်းအားကျတယ်။ ကိုဗစ်ကာလဆိုတော့ ပွဲတွေဘာတွေသိပ်မရှိဘူးလေ။ စည်လုပ်တဲ့အခါ ဗြိန်း၊ စောင်၊ ဗြိတ် ဆိုတဲ့အသံ ၃ မျိုးကိုအခြေခံပြီးလုပ်တာ။ စည်မှာ အဓိကကုန်ကြမ်း ကတော့ သစ်မာသားပဲလေ။ ပိတောက်သုံးတယ်၊ ရေမနေ ပြီးတော့ ပိန္နဲပေါ့။ အဲလိုသစ်မာသားတွေအသုံးပြုပြီးလုပ်တာ။ အခုကပိတောက်နဲ့ ရမ္မနီက အရင်ကထက်စာရင် အရမ်းရှားသွားပြီ။ ဒီလုပ်ငန်းကတော့ ယဉ်ကျေးမှုအမွေနှစ် တစ်ခုကိုထိန်းသိမ်းရာလည်းရောက်တယ် ကိုယ့်ဝမ်းအတွက်လည်း အဆင်ပြေတဲ့အလုပ်မျိုး ဆိုတော့ လုပ်ရတာ တန်တယ်လို့မြင်မိတယ်” ဟုပြောသည်။

ရခိုင်ရိုးရာစည်တော်မှာ ရခိုင်တို့၏ ရှေးအကျဆုံးတူရိယာတစ်မျိုးဖြစ်ပြီး ရှေးရခိုင်ဘုရင်များလက်ထက်ကပင် နန်းတွင်းယဉ်ကျေးမှုတစ်ခုအဖြစ်ရှိလာခဲ့ခြင်းဖြစ်ကာ စည်တီးခတ်ရာတွင်လည်း ပွဲအလိုက်တီးခတ်မှုပုံစံ ကွဲပြားပြီး အချီ၊ သရဏဂုံ၊ မင်္ဂလာခြင်း စသည့် အင်္ဂါ ၃ ရပ်နှင့်အညီ တီးခတ်ကြရသည်။
Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်