Myanmar troops in Rakhine
test1

AA ကို ရိက္ခာမထောက်ပံ့ရန် ဘူးသီးတောင်မှ ကျေးရွာတာဝန်ခံတချို့ကို စစ်တပ်က ခေါ်ယူသတိပေး


Western News

AA ကို စားနပ်ရိက္ခာများမထောက်ပံ့ရန် ဘူးသီးတောင်မြို့နယ်မြောက်ပိုင်း ငါးရံ့ချောင်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာတာဝန်ခံ ၃ ဦးအား စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာစစ်တပ်က ခေါ်ယူသတိပေး ခဲ့ကြောင်း ကျေးရွာတာဝန်ခံများက ပြောသည်။

ကျေးရွာတာဝန်ခံများကို ဘူးသီးတောင်မြို့နယ်၊ ပီရွက်ကျေးရွာ စေတီတောင်ဘုရား တောင်ထိပ်တွင် တပ်စွဲနေထိုင်သည့် ခမရ ၅၃၅ တပ်ရင်းမှ တပ်ရင်းမှူးက ငါးရံ့ချောင်းကျေးရွာအုပ်စုအတွင်းက ကျေးရွာသားများမှာ ICRC ကပေးသည့် စားနပ်ရိက္ခာများကို AA အားထောက်ပံ့နေကြောင်းစွပ်စွဲပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် မွတ်ဆလင် ကျေးရွာ တာဝန်ခံတစ်ဦးက Western News ကိုပြောသည်။

“ကယ်ဆယ်ရေးနဲ့ပတ်သတ်ပြီးတော့မေးတယ်။ ICRC ကပေးတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေအထဲက ၁၅ ရာခိုင်နှုန်းကို AA ကိုပေးနေကြတယ်မလားဆိုပြီးပြောတယ်။ ရိက္ခာတွေမထောက်ပံ့ဖို့သတိပေးတယ်။ ပြီးတော့ ကျေးရွာတွေမှာ AA ကအဖွဲ့ ဖွဲ့ပေးထားတွေရှိလားမေးတယ်။ ဖွဲ့ထားတယ်လို့ပြောလိုက်တယ်။ ဘယ်သူတွေပါလဲ မေးတော့ ကျနော်ပါတယ်လို့ ပြောလိုက်တယ်။ တပ်ရင်းမှူးကတော့ ဘာမှပြန်မပြောဘူး” ဟုပြောသည်။

ငါးရံ့ချောင်းကျေးရွာ၊ တောင်ဘဇာကျေးရွာနှင့် ကျီးနှုတ်သီးကျေးရွာမှ ကျေးရွာတာဝန်ခံများအပြင် ပီရွက်ကျေးရွာနှင့် တရဂူကျေးရွာတို့မှ ကျေးရွာတာဝန်ခံများကိုလည်း ယင်းမတိုင်ခင်ကတည်းက ခေါ်ယူသတိပေးခြင်းများ ပြုလုပ်ခဲ့ပြီး စစ်တပ်က ကျေးရွာအုပ်စုတိုင်းကို AA အား ရိက္ခာမထောက်ပံ့ရန် ခေါ်ယူသတိပေးနေကြောင်း ကျေးရွာတာဝန်ခံများက ပြောသည်။

AA အား ရိက္ခာများဆက်လက်ထောက်ပံ့ခြင်းမပြုလုပ်ရန် တပ်ရင်းမှူးက သတိပေးပြောဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် နောက်ထပ်ကျေးရွာတာဝန်ခံတစ်ဦးက ပြောသည်။

“မင်းတို့ AA ကိုဘာလို့ထောက်ပံ့လဲဆိုပြီးမေးတယ်။ AA ဟာ ရခိုင်ကို ကမ္ဘာပြိုအောင်ထိ သိမ်းပိုက်နိုင်မှာမဟုတ်ဘူး လို့ပြောတယ်။ KIA တို့ တော်လှန်ရေးလုပ်လာတာ ဘယ်လောက်ကြာပြီလဲ။ အောင်မြင်လား ဆိုပြီး ပြောတယ်” ဟုပြောသည်။

ခမရ ၅၃၅ တပ်ရင်းမှာ ပီရွက်ကျေးရွာ စေတီတောင်ဘုရား တောင်ထိပ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ကာ တပ်စွဲနေထိုင်နေခြင်းဖြစ်ပြီး AA ၏စားနပ်ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ရန်ရည်ရွယ်ချက်ဖြင့် လာရောက်တပ်စွဲထားပုံရကြောင်း ကျေးရွာတာဝန်ခံက ဆက်ပြောသည်။
အဆိုပါပြောဆိုမှုနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ အား စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

စက်တင်ဘာ ၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ မွတ်ဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးများကို ကျောက်တော်မြို့ ခမရ ၃၇၅ တပ်ရင်းမှ တပ်ရင်းမှူး အောင်သူရကိုနှင့် စကခ ၉ မှ ဗိုလ်မှူး ကျော်မင်းအောင်တို့ကခေါ်ယူကာ AA ၏ တရား စီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်နှင့် ပူးပေါင်း ဆောင်ရွက်ပါက တရားဥပဒေအရ အရေးယူမည်ဟု ခေါ်ယူသတိပေး ပြောဆိုခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများကို ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ တပ်နယ်မှူးကခေါ်ယူပြီး ULA/AA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကိစ္စရပ်များနှင့် AA တပ်ဖွဲ့ဝင်များတွေ့ရှိလျှင် သတင်းပေးတိုင်ကြားကြရန်ခေါ်ယူပြောဆိုခဲ့သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်