ရခိုင်သဘာဝသယံဇတပြုန်းတီးလာ
test1

သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ရခိုင်ကမ်းရိုးတန်းတွင် ငါးသယံဇာတ ပြုန်းတီးမှုမြင့်မားလာနေ


Western News

မြန်မာနိုင်ငံတွင် ငါးသယံဇာတအများဆုံးထွက်ရှိသည့် ဒေသထဲ၌ ရခိုင်ကမ်းရိုးတန်းလည်းပါဝင်ပြီး လက်ရှိတွင် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ချမှတ်ထားသည့် ငါးလုပ်ငန်းဆိုင်ရာဥပဒေများကို လိုက်နာမှုအားနည်းသည့် အတွက် ငါးသယံဇာတပြုန်းတီးမှုအခြအနေ မြင့်မားလာနေကြောင်း ရခိုင်ပြည်ငါးလုပ်ငန်းဦးစီးဌာနမှ ပြောသည်။

ပြည်သူလူထု၏ ဗဟုသုတနည်းပါးမှုနှင့် စီးပွားရေးလောဘများကြောင်း တစ်ချို့ငါးမျိုးစိတ်များလည်း ရှားပါးလာပြီး ငါးမဖမ်းရရာသီများတွင် ငါးဆင်းဖမ်းခြင်းများ ရှိနေခြင်းတို့ကြောင့် ငါးသယံဇာတပြုန်းတီးမှုမှာ များပြားလာကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးသက်ဦးက ပြောသည်။

“စည်းကမ်းမဲ့ငါးဖမ်းဆီးတာတွေကြောင့် ရှားပါးလာတဲ့ငါးမျိုးစိတ်တွေလည်းရှိတယ်။ ဥပမာ ငါးသလောက်ပေါ့။ အရင်တုန်းကဆို သူ့ရဲ့ရာသီရောက်ပြီဆိုရင် တားမနိုင်ဆီးမနိုင်ကိုများတယ်။ ဒါပေမယ့်ခုနောက်ပိုင်းမှာ သုံးရမယ့် ပိုက်ကွက်ထက်ငယ်တဲ့ပိုက်တွေကို သုံးလာကြတယ်။ ငါးတွေပေါက်ဖွားကြီးပြင်းရမယ့်အရွယ်မှာ မ‌ကြီးထွားနိုင် တော့ဘူး။ ငါးသားပေါက်ချိန်မှာ ငါးဖမ်းဆီးတာမျိုးတွေ့ရင်တော့ အရေးယူတယ်။ ပြစ်ဒဏ်ကလည်း ထောင် ၂ နှစ် ၃ နှစ်လောက်ထိရှိတယ်။ ငါးမဖမ်းရရာသီပဲရှိတယ်။ ဒါပေမဲ့စျေးထဲမှာတော့ အဲငါးကရှိနေတာပဲ။ ဒါတွေကြောင့်လည်း သံယံဇာတပြုန်းတီးမှုပိုင်း တွေကိုထိခိုက်တာပေါ့” ဟုပြောသည်။

၎င်းအပြင် ငါးဖမ်းလှေများ၏ တားမြစ်ဧရိယာအတွင်းငါးဝင်ရောက်ဖမ်းဆီးမှုများနှင့် စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်း များကြောင့်လည်း အစာကွင်းဆက်များထိခိုက်ပြီး ငါးသံယံဇာတပြုန်းတီးမှုပိုများလာရကြောင်းး သူကဆက်ပြော သည်။

“ကျနော်တို့မှာ သတ်မှတ်ထားတဲ့ ငါးမဖမ်းရ တားမြစ်နယ်မြေတွေရှိတယ် စစ်တွေကမ်းရိုးတန်းနား၊ ဘင်္ဂလားဒေ့ရှ် ဖက်၊ သံတွဲဖက်တွေမှာပေါ့။ အဓိကက ဘာလဲဆိုတော့ ငါးတွေက သားပေါက်ချိန်မှာ ကမ်းအနီးမှာပဲနေတယ် သူတို့ကြီးထွားကြတယ်။ အဲလိုအချိန်မျိုးမှာ ကမ်းနီးငါးဖမ်းတာတွေကို တားမြစ်ထားတယ်။ အဲလိုနေရာတွေကို ငါးဝင်ခိုးဖမ်းတာတွေရှိတယ်။ နောက်ပြီး လူတွေရဲ့စွန့်ပစ်ပစ္စည်းတွေကနေတစ်ဆင့်ပေါ့နော်။ အရင်တုန်းက ဆို စိုက်ပျိုးရေးလုပ်ရင်လည်း သဘာဝအတိုင်းပဲ ခုကဓာတ်မြေဩဇာတွေ ပိုးသတ်ဆေးတွေ သုံးလာကြပြီ။ ဒါတွေဟာ နောက်တော့ ချောင်းတွေ မြစ်တွေဆီရောက်သွားတာပဲ။ ငါးတွေကိုတိုက်ရိုက်မထိခိုက်ရင်တောင်မှ သူတို့ရဲ့ အစာကွင်းဆက်တွေကို ထိခိုက်သွားတယ်။ ဒီလိုဆက်စပ်မှုတွေကြောင့်လည်း ပြုန်းတီးမှုတွေပိုလာတာပေါ့” ဟုပြောသည်။

ကျောက်ပုဇွန်၊ ကင်းပုဇွန်၊ ‌ကျောက်ငါး၊ ရေချိုပုဇွန်နှင့် တခြားငါးမျိုးစိတ်များဖမ်းယူခြင်းကို လအလိုက်တားမြစ် ထားမှုများရှိသော်လည်း အဆိုပါငါးပုဇွန်မျိုးစိတ်များမှာ ဈေးကွက်တွင် ရာသီတိုင်းရောင်းချမှုရှိနေမြဲပင်ဖြစ် သည်။

မြန်မာနိုင်ငံ၏ ရေပေါ်၊ ရေအောက် ငါးသယံဇာတအခြေနေနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်က နော်ဝေနိုင်ငံ၏ သုတေသနဆန်းစစ်ချက်စစ်တမ်းတွင် ဤသို့ငါးသယံဇာတလျော့ကျသွားခြင်းမှာ ငါးအလွန်အကျွံဖမ်းဆီးခြင်း ကြောင့်ဖြစ်ပြီး ထိုသို့ဖမ်းဆီးခြင်းကြောင့် စီးပွားရေးအရအရေးပါသည့် ငါးမျိုးစိတ်များ သိသာစွာလျော့နည်း သွားကာ တန်းဖိုးနည်း ငါးမျိုးစိတ်များ များပြားလာကြောင်းပါရှိသည်။

အဆိုပါစစ်တမ်းတွင် မြန်မာနိုင်ငံရှိ ရေပေါ်လွှာငါးသယံဇာတမှာ ၁၉၈၀ ခုနှစ်နှင့်ယှဉ်လျှင် ၈၀ ရာခိုင်နှုန်းခန့် ၊ ရေအောာက်ငါးသသယံဇာတမှာ ၆၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး သေးငယ်‌သော ပလစ်စတစ်အမှုန်များကို ရခိုင်ကမ်းရိုးတန်း ရေတိမ်ပိုင်းတွင် အများဆုံးတွေ့ရကြောင်းလည်း ဖော်ပြပါရှိသည်။

Western News- WN


ဆက်စပ်စကားလုံများ : #သဘာဝဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်