Rakhine Refugee camp
test1

အနံ့မရသူများရှိနေသည့် တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးတွေ့


Western News

အနံ့မရသူများရှိနေသည့် ကျောက်တော်မြို့နယ်၊ တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၌ ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်က အသက် ၂၈ နှစ်အရွယ် ကိုယ်ဝန်သုံးလကျော်ရှိ စစ်ရှောင်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိကြောင်း ကျောက်တော်မြို့နယ် ဆေးရုံအုပ်က အတည်ပြုပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် အမျိုးသမီးမှာ ကျောက်တော်မြို့နယ်၊ ပညာဝကျေးရွာမှ လာရောက် စစ်ဘေးရှောင်နေသူ တစ်ဦးဖြစ်ပြီး အဆိုပါစစ်ဘေးရှောင်စခန်းမှ တခြားကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနှင့်အတူ ကိုဗစ်စစ်ဆေးစဉ် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သန်းထွန်းဦးက Western News ကို ပြောသည်။

“သူက ကိုယ်ဝန်သုံးလကျော်ဝန်ရှိပြီ။ သူနဲ့ တခြားကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကို အပေါက်ဝဆေးရုံမှာ စစ်တဲ့အခါ ကိုဗစ်ပိုးတွေ့တာ။ အဲဒီစခန်းမှာက အနံ့မရသူတွေလည်းရှိခဲ့တယ်” ဟုပြောသည်။

လက်ရှိတွင် အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသည့် ကိုယ်ဝန်သုံးလကျော်ရှိ စစ်ဘေးရှောင်အမျိုးသမီးမှာ အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ဒေါက်တာ သန်းထွန်းဦးက ဆက်ပြောသည်။

စခန်းတွင် လောလောဆယ် ရိက္ခာများရှိနေသော်လည်း ကိုဗစ်ပိုးတွေ့ရှိသည့်အတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းများမရောက်မည်ကို စိုးရိမ်နေကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးအောင်ကျော်ဝင်း က ပြောသည်။

“စားဝတ်နေရေးပိုင်းကိုလည်း နည်းနည်းစိုးရိမ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစခန်းမှာပိုးတွေ့တယ်ဆိုရင် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေမလာမှာကိုလည်း စိုးရိမ်တယ်။ အခုလောလောဆယ်တော့ စားဝတ်နေရေး ပိုင်းက အဆင်ပြေနေသေးတယ်။ မြို့နယ်ကလည်း ထောက်ပံ့ပေးတယ်။ WFP ကလည်း ငွေကြေးထောက်ပံ့ တယ်ဆိုတော့လေ” ဟု ပြောသည်။

ကိုဗစ်ပိုးတွေ့ရှိသည့် အမျိုးသမီးနေထိုင်ခဲ့သည့်နေအိမ်အား လက်ရှိတွင် အသွားအလာကန့်သတ်ထားပြီး အနံ့မရသူ ၃၁ ဦးထဲမှ ၂၀ ကျော်မှာ အနံ့ပြန်ရလာနေပြီဖြစ်သည်။ ၄င်း စခန်းအား လော့ဒေါင်းချ၊ မချကို စခန်းတာဝန်ရှိသူများနှင့် တိုင်ပင်ကာ စီစဉ်ဆောင်ရွက်သွားမည်ဟု ဦးအောင်ကျော်ဝင်း က ဆက်ပြောသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် ပညာဝကျေးရွာ၊ ပါချေကျေးရွာ၊ ငစွေကျေးရွာတို့မှ စစ်ဘေးရှောင်လူဦးရေစုစုပေါင်း ၅၃၁ ဦးထိလာရောက်နေခိုလှုံနေထိုင်နေခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းစတင်ဖြစ်ပွားသည့် မေလ ၁၂ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက် ညနေ ၅ နာရီအချိန်ထိ ကိုဗစ်ပိုးတွေ့ရှိသူ ၄၆၄၈ ဦး၊ သေဆုံးသူ ၄၄၉ ဦးနှင့် ဆေးရုံတက်ရောက်ဆဲဦးရေ ၁၅၅ ဦးထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

Western News -WN


ဆက်စပ်စကားလုံများ : #ကိုဗစ်#စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်