rakhine
test1

ဦးညီပုအပါဝင် ဝန်ကြီးဟောင်း ၅ ဦးအား ရုံးတင်စစ်ဆေး၊ ဦးညီပုတွင် ရှေ့နေလွှဲစာတင်


Western News

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပ‌ဒေများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု အပါအဝင် ဝန်ကြီးဟောင်း ၅ ဦးအား ယနေ့ စက်တင်ဘာ ၂၁ ရက်နေ့တွင် စစ်တွေထောင်တွင်တရားရုံးဖွင့်စစ်ဆေးခဲ့သည်။

ယနေ့ရုံးတင်စစ်ဆေးရာတွင် ဝန်ကြီးချုပ်ဦးညီပုတွင် ရှေ့နေကိုယ်စားလှယ်လွဲစာတင်ခဲ့ပြီး တခြားဆောင်ရွက်ခဲ့ခြင်းမရှိဟု ဦးညီပု၏ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက Western News ကိုပြောသည်။

“ဒီနေ့မှာတော့ ကျွန်တော်၏အမှုသည် ဦးညီပုအတွက် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်ပါတယ်။ တစ်ခြားတော့ ထူးထူးခြားမရှိသေးဘူး။ တခြားဝန်ကြီးဟောင်းတွေကတော့ ကျွန်တော်အမှုလိုက်ပါဆောင်ရွက်တာ မဟုတ်တာကြောင့်ပြောပြလို့အဆင်မပြေဘူး။ လာမည့် စက်တင်ဘာ ၂၉ ရက်နေ့ကို ရုံးချိန်းထပ်မံချိန်းဆိုလိုက်ပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဦးကောင်းဇော်သန့်က ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ဖြင့် အမှု ၃ ခု တရားစွဲဆိုထားသည်။

လက်ရှိတွင် ဦးညီပုအားမည့်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကိုအတိကျမသိရသော်လည်း ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

ယင်းအမှုတွင် ဦးညီပုသည်အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အပါအဝင် ပုဒ်မ ၃ ခု အပြင် နိုင်ငံတော်အညို ပျက်စေမှု ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ်တရားရုံးတွင်တရားရင်ဆိုင်နေရသည်။

ယင်းအပြင် ဦးမင်းအောင်မှာလည်း အဂတိလိုက်စားမှုဥပဒေပုဒ်မ ၅၅ အပါဝင်ပုဒ်မ ၃ ခုအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုပုဒ်မ ၂၅ နှင့် ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့်ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ် ၂ လ ချမှတ်ခံခဲ့ရသည်။

Western News-WN


ဆက်စပ်စကားလုံများ : #NLD#U Nyi Bu
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်