test1

သံတွဲမြို့နယ်တွင်ရှိသော သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ရေဝပ်ကျေးရွာ ၂ ရွာ ပြောင်းရွေ့ရမည်


Western News – ခိုင်ဇော်ထွန်း
ဒီဇင်ဘာ ၃၁ ရက်

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ရေဝပ်ဧရိယာထဲတွင်ပါဝင်သည့် သံတွဲမြို့နယ် ရေကောက်နှင့်ပုရစ် ကျေးရွာ ၂ ရွာမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ပြောင်းရွေ့ပေးရမည်ဟု တာဝန်ရှိသူများက ပြောဆိုလာကြောင်း ကျေးရွာသားများကပြောသည်။

ရွာသားများအနေဖြင့် ပြောင်းရွေ့ပေးရမည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်သိန်း ၁၀၀ တောင်းဆိုထားပြီး တောင်းဆိုမှုကို လိုက်လျှောမှုမရှိပါက ကျေးရွာမှ ဖယ်ပေးမည်မဟုတ်ကြောင်း ပုရစ်ကျေးရွာမှ ရာအိမ်မှူး ဦးသန်းဌေးကပြောသည်။

ကျွန်တော်တို့က အချက် ၅ ချက်တင်ပြပြီးတောင်းဆိုထားတယ်။ သူတို့က အချက် ၄ ချက်ပဲ သဘောတူတယ်။ ကျွန်တော်တို့ တောင်းဆိုထားတဲ့ အချက် ၅ ချက်ထဲက နောက်ဆုံးအချက်ဖြစ်တဲ့ ဖြိုဖျက်ခံရတဲ့နေအိမ်တွေအတွက် တစ်အိမ်ထောင်စုကို သိန်း ၁၀၀ ပေးရမည်ဆိုပြီးပါရှိတယ်။ သူတို့ကအဲဒီအချက်ကို သဘောမတူဘူး။ ဆိုတော့ အဲဒီအချက်ကို သူတို့ လိုက်လျှော့မပေးရင် ကျွန်တော်တို့လည်း ဖယ်မပေးနိုင်ဘူး

ပုရစ်ကျေးရွာမှ ရာအိမ်မှူး ဦးသန်းဌေး

ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေကောက်နှင့် ပုရစ်ကျေးရွာမှ လယ်မြေ ၊ ကိုင်းမြေနှင့် ဥယျာဉ်မြေဧက ၄၅၀ ခန့် စီမံကိန်းထဲတွင် ပါဝင်သွားခဲ့ပြီး အစိုးရမှ လယ်မြေနှင့်ကိုင်းမြေ တစ်ဧကကို ငွေ ၁၀ သိန်းကျပ်၊ ဥယျာဉ်မြေ တစ်ဧကကို ငွေ ၃ သိန်းကျပ်ဖြင့် ဂရုဏာကြေးပေးထားကြောင်းလည်းသိရသည်။

ကျေးရွာသားများတောင်းဆိုသည့် ငွေကျပ်သိန်း ၁၀၀ ကျပ်ကိစ္စနှင့်ပတ်သက်ပြီး ရေအားလျှပ်စစ်စီမံကိန်းမှ တဝန်ရှိများကို ဆက်သွယ်ရာတွင် ကျေးရွာသားများတောင်းဆိုသည့် ငွေကျပ်သိန်း ၁၀၀ ကို မပေးဆောင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးမှတ်တမ်း (၄၄/၂၀၁၈)အရ ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။

သို့သော်လည်း ရေဝပ်ဧရိယာကျေးရွာသားများ တောင်းဆိုထားသော နစ်နာကြေးငွေနှင့်ပတ်သက်ပြီး ပြောင်းရွေ့ခံကျေးရွာ ၂ ရွာမှ ဒေသခံများ နေရာသစ်သို့ပြောင်းရွေ့စဉ်ကာလတွင် စားဝတ်နေရေးအဆင်ပြေပြီး အခက်အခဲများမပေါ်ပေါက်ရေးအတွက် ထောက်ပံ့ငွေပမာဏတစ်ခုကို ပေးအပ်သွားနိုင်ရန် ရေဝပ်ကျေးရွာ ပြောင်းရွေ့နေရာချထားရေး ဦးစီးကော်မတီမှ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားကြောင့် သူဌေးချောင်းရေ အားလျှပ်စစ်စီမံကိန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါစီမံကိန်း၏တမံအမြင့်မှာ ယခုနှစ်မိုးရာသီမတိုင်မီတွင် EL 52 m ထိရောက်ရှိမည်ဖြစ်ပြီး ရေကောက်နှင့်ပုရစ်ကျးရွာသည် ရေဝပ်ဧရိယာ EL 20 m ဝန်းကျင်တွင်တည်ရှိနေ၍ ကျေးရွာအတွင်းရှိနေအိမ်များ ရေမနစ်မြုပ်စေရန်အတွက် ကျေးရွာသစ်မြေနေရာသို့ ယခုနှစ်မိုးရာသီမတိုင်မီ ရွေ့ပြောင်းနေရာချထားရမည်ဖြစ်ကြောင်းလည်းသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်