Rakhine volunteer health care
test1

အခမဲ့ဆေးခန်းတွင် စေတနာ့ဝန်ထမ်း မလုံလောက်၍ လူနာများအား အကန့်အသတ်ဖြင့် ကုသပေးနေရ


Western News

စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်ရှိ စစ်ကဲတော်မင်း ဘုန်းတော်ကြီးကျောင်းတွင် ငွေကြေးမတတ်နိုင်သူများအတွက် ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းတွင် စေတနာ့ဝန်ထမ်းမလုံလောက်၍ လူနာများအား အကန့်အသတ်ဖြင့် ကုသပေးနေရသည်။

ယခင်က ဆေးခန်း၌ စေတနာ့ဝန်ထမ်းဆရာဝန် ၄ ဦးရှိခဲ့ရာ ၎င်းတို့မှာကိုဗစ်ကြောင့် မိမိတို့နေရပ်သို့ ပြန်သွားသဖြင့် လက်ရှိတွင် ၂ ဦးတည်းနှင့်သာ ကုသမှုပေးနေရ၍ လူနာအရေအတွက် အကန့်အသတ်ဖြင့် လက်ခံနေရသည်ဟု အခမဲ့ဆေးကုသမှုပေးနေသည့် ဒေါက်တာ ကျော်ဇော်သန့် က ပြောသည်။

“ဆေးဝါးအခက်အခဲရှိနေတာ ထောက်ပံ့မှုရတဲ့အတွက် အနည်းငယ်အဆင်ပြေသွားပါတယ်။ ကုသပေးမယ့် ဆရာဝန်မရှိတော့ လူနာတွေကို အရေအတွက် ကန့်သတ်ပြီးလက်ခံရပါတယ်။ ဆရာဝန်တစ်ဦးဆိုရင် လူနာ ၃ဝ ဦးစီပေါ့။ ၂ ဦးဆိုရင် ၆၀ ဦး အဲ့လို လူကန့်သတ်ပြီးကုသပေးနေရပါတယ်”ဟု ပြောသည်။

ဆေးခန်းကို ကိုဗစ်ကြောင့် ဇူလိုင် ၁၇ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရသော်လည်း စက်တင်ဘာ ၃ ရက်နေ့ တွင်ပြန်လည်ကာ ကိုဗစ်စည်းကမ်းများနှင့်အညီကုသပေးနေပြီဖြစ်သည်။ ဆေးခန်းကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ဖွင့်လှစ်ပြီး လက်ရှိတွင် ကိုဗစ် ရောဂါကြောင့် တနင်္လာနေ့နှင့် သောကြာ ၂ ရက်သာ ဖွင့်လှစ်နိုင်သေးကြောင်းသိရသည်။

အဆိုပါအခမဲ့ ဆေးခန်းကို အသက် ၄ဝ နှင့်အထက် အသက်ကြီးပိုင်း သွေးတိုး၊ ဆီးချို ရှိသူများ အများဆုံးလာ‌ ရောက်ဆေးကုသမှုခံယူကြကြောင်းသိရသသည်။ ဆေးခန်း (Free Clinic Rakhine) ကို ပြီးခဲ့သည့် မေလ ၃ ရက်နေ့က Food not Bombs Rakhine အဖွဲ့ မှ ဦးဆောင်ကာ ငွေကြေးမတတ်နိုင်သူများအတွက် အခမဲ့ ဆေးကုသခွင့်ရရှိအောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #Sittwe
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်