ရခိုင်ဖျံဥ
test1

ရခိုင်တွင် ကပ္ပလီဥ(ပီလောပီနံဥ) ကို ဂျုံအစားထိုးထုတ်ကုန် ထုတ်လုပ်ရန်ပြင်ဆင်


Western News

ရခိုင်ပြည်နယ်တွင် ဒေသခေါ် ကပ္ပလီဥ(ပီ‌လောပီနံဥ) ကို ကုန်ချောထုတ်လုပ်ပြီး ဂျုံအစားထိုးအဖြစ်အသုံးပြုနိုင်အောင် ထုတ်လုပ်ရန်ပြင်ဆင်နေကြောင်း ကုန်ချောထုတ်စက်ရုံတည်ထောင်မည့် သူများကပြောသည်။

စက်ရုံကို သံတွဲခရိုင်တွင် လာမည့် ၁၂ လပိုင်း၌တည်ဆောက်ရန်စီစဉ်ထားပြီး ရလာမည့်ကုန်ချောကို ရန်ကုန်၊ မန္တလေးဖက်သို့တင်ပို့ရန် လုပ်ဆောင်ထားကြောင်း လုပ်ငန်းတည်ထောင်မည့် တောင်ကုတ်မြို့မှ ဒေါ်နှင်းနှင်းဝေ မှWestern News ကိုပြောသည်။

“ပီလောပီနံဥကို ဒီလိုမျိုးကုန်ချောထုတ်တာက ဧရာဝတီကျုံပျော်ဖက်တွေမှာ စက်ရုံကြီးတွေရှိတယ်။ ဒီလိုမျိုးလုပ်မယ့် ပညာတွေကိုလည်း အဲဒီဖက်ကနေသင်လာခဲ့တာပါ။ ရခိုင်မှာက စိုက်ပျိုးမယ့် မြေတွေအများကြီးရှိတယ်လေ။ စက်ရုံကိုတော့ လာမယ့် ၁၂ လပိုင်းမှာတည်မယ်။ လက်ရှိမှာတော့ အပင်တွေစိုက်ထားတယ်။ ရလာတဲ့ ဥတွေကို အမှုန့်ကြိတ်ပြီး ရန်ကုန်၊ မန္တလေးဖက်တွေကိုပို့ဖို့လုပ်ထားတယ်။ အဲဖက်တွေမှာက မုန့်ထုတ်လုပ်တဲ့စက်ရုံကြီးတွေရှိတယ်လေ။ ဒီအမှုန့်ကနေပြီးတော့ ဂျုံနဲ့လုပ်တဲ့မုန့်တွေအကုန် လုပ်လို့ရတယ်။ အကြမ်းအားဖြင့် ပြောရရင် ပေါက်ဆီ၊ ပလာတာ၊ နောက်ပြီး ဖျော်ရည်တွေမှာလည်း ထည့်တယ်။ စားသုံးကုန် တော်တော်များများလုပ်လို့ရတာပေါ့” ဟုပြောသည်။

ဓာတ်ပုံ-စိုးသီဟ

ဂျုံအစားထိုးအဖြစ်ထုတ်လုပ်မည့် ကပ္ပလီဥ(ပီလောပီနံဥ)၏ မျိုးစိတ်မှာ ဒေသမျိုးစိတ်ကိုအသုံးပြု၍ မရ၍ ထိုင်း၊ ဂျပန်မျိုးစိတ်များကို ဝယ်ယူ၍ စိုက်ပျိုးထားရကြောင်း ဒေသမျိုးစိတ်များမှာ အမျှင်နှင့် အဆိပ်အတောက်များ၍ ဈေးကွက်ဝင်ရန်ခက်ခဲကြောင်း သူကဆက်ပြောသည်။

တောင်ကုတ်မြို့မှ ပီလောပီနံဥ စိုက်ပျိုးရောင်းချသူ ဦးတင်ထွန်းကလည်း ပီလောပီနံဥကိုပုံမှန်စားသောက်၍ ရသည့်ပုံစံထက် ယခုကဲ့သို့ ကုန်ချောအဖြစ်ပြောင်းထုတ်ခြင်းမှာ စိုက်ပျိုးသူတောင်သူများအတွက်ဝမ်းသာစရာ ဖြစ်ကြောင်း ပြောသည်။

“လက်ရှိတော့ ဒီဥတွေကို ပိဿာ ၂၀၊ ၂၂ ပိဿာအဲ့လောက်ဆန့်တဲ့အိတ်တွေနဲ့ရောင်းတယ်။ ရန်ကုန်၊ ကျောက်ဖြူ၊ စစ်တွေနဲ့ တခြားနေရာတွေက စားသုံးဖို့ဝယ်ကြတာတွေရှိတယ်။ ဒီအပင်က ရာသီဥတုဒဏ်ခံနိုင်တဲ့အပင်တစ်မျိုးပါ။ ပုံမှန်ကတော့ ဥတွေကိုပြုတ်ပြီး ဆီတွေနဲ့နှပ်စားကြတာလေ။ ခုက စားသောက်ကုန်တော်တော်များများ ထုတ်လို့ရတဲ့ ကုန်ချောထုတ်စက်ရုံတည်ဆောက်မယ်ဆိုတော့ စိုက်ပျိုးတဲ့တောင်သူတွေအတွက်က ဝမ်းသာစရာ ပဲပေါ့” ဟုပြောသည်။

ကပ္ပလီပင်(ပီလောပီနံပင်) သည် အပူဒဏ်နှင့် မိုးရေချိန်ကို အများဆုံးခံနိုင်သည့် နှစ်ရှည်ခံပင်တစ်မျိုးဖြစ်ပြီး အကိုင်းကိုဖြတ်၍ နောက်ထပ်အပင်တစ်ပင်အဖြစ်မျိုးပွားစိုက်ပျိုးနိုင်ကာ စီးပွားဖြစ်စိုက်ပျိုးနိုင်သည့် အပင်တစ် မျိုးပင်ဖြစ်သည်။

Western News -WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်