test1

အသက် ၁၂ နှစ်အရွယ်အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ ၃ ဦးထဲမှ ၁ ဦးကိုဖမ်းမိ


Western News- ခင်သီတာ
ဒီဇင်ဘာ ၃၁ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပုဏ္ဏားကြီးအုပ်စု၊ ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းတွင် နိုဝင်ဘာ ၂၉ ရက်နေ့က အသက် ၁၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ကျုးလွန်သူ ၃ ဦးအနက် ၁ ဦးကို ဖမ်းဆီးရမိကြောင်း ပေါက်တောမြို့နယ်၊ ရဲစခန်းမှူးကပြောသည်။

ပြစ်မှုကျုးလွန်သူများကို ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေ ၇ နာရီအချိန်ခန့်က ပေါက်တောစခန်းမှ ရဲအရာရှိများကသွားရောက်ဖမ်းစီးခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးရမိသူ ၁ ဦးကို ပေါက်တောရဲစခန်းတွင် စစ်ဆေးမှုများလုပ်ဆောင်နေကာ ကျန် ၂ ဦးအားလည်း ဖမ်းဆီး ရမိရေးအတွက် ဆောင်ရွက်နေကြောင်း ပေါက်တောစခန်းမှူး က Western News သို့ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေက ကျွန်တော်ကိုယ်တိုင်သွားရောက်ဖမ်းဆီးခဲ့တာပါ။ ရဲအင်အား ၁၄ ဦးနဲ့ သွားရောက် ဖမ်းဆီးခဲ့ပါတယ်။ ၁ ဦးကိုတော့ ဖမ်းဆီးရမိခဲ့ပါတယ်။ သူကိုတော့ ကျွန်တော်ကို စစ်ဆေး မေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။ ကျန် ၂ ဦးကိုလည်း ဖမ်းဆီးရမိအောင် ကျွန်တော်တို့ ကြိုးစား နေပါတယ်

ပေါက်တောစခန်းမှူး

မွတ်ဆလင် ဒုက္ခသည်စခန်းမှ တရားခံအား ညနေဖက်တွင် ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရပြီး ကျန်တရားခံ ၂ ဦးအား လည်း စစ်တွေဘက်မှ ရဲဌာနများသို့ ပုံများပို့ကာ အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် လုပ်ဆောင်နေကြောင်း စခန်းမှူးက ဆက်ပြောသည်။

ကျွန်တော်တို့က တရားလိုရဲ့ ဆွေမျိုးဖြစ်တဲ့ ကိုမောင်နုနဲ့ ချိတ်ဆက်ပြီးတော့ ဖမ်းဆီးရတာ။ ရွာတွေကို သွားသလို ၄/၅ ယောက်လောက်နဲ့ သွားလို့မရဘူး။ လုံလောက်တဲ့ လူအင်အားနဲ့သွားရတယ်။ ဖမ်းဆီးတဲ့ အခါမှာလည်း လွယ်လွယ်နဲ့ဖမ်းဆီးရတာလဲမဟုတ်ဘူး။ သူတို့က ခဲတွေနဲ့ထုတာတွေရှိတယ်။ ဒုက္ခသည် စခန်းမှာကတရား ခံကိုဖမ်းရတာမလွယ်ဘူး။ ဘယ်မှာရှိတယ်ဆိုတာလည်း သူတို့ကမပြောဘူး။ နေ့ခင်းဖက်သွားဖမ်းရင်ပိုတောင်အဆင်မပြေဘူး။ ညနေဖက်တောင် ရှောင်တခင်ဝင်ပြီးတော့ အချိတ်အဆက်နဲ့ သွားဖမ်းရတာ။

ပေါက်တောစခန်းမှူး

ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေက တရားခံ ၃ ဦးမှ ဇူဘိုင်ကို ရဲအရာရှိများအား ဖမ်းဆီးသွားပြီးနောက်ပိုင်း တရားခံ၏ ဆွေမျိုးများက လာရောက် ခြိမ်းခြောက်ရန်ရှာမှုများရှိနေသည်ဟု နစ်နာသူ အမျိုးသမီးငယ်၏ ဦးလေးဖြစ်သူဦးမောင်နုကပြောသည်။

ကျွန်တော်တို့ အဲ့ဒီနေ့က ပေါက်တောစခန်းက စခန်းမှူးပြီးတော့ ရဲအင်အားတွေနဲ့ ကျွန်တော်တို့ နယ်မြေစခန်းက ဗိုလ်ကြီးတို့ပါ လာရောက်ဖမ်းဆီးပြီးပြန်သွားပြီး အဲဒီနေ့ ညနေမှာပဲ သူတို့ဆွေမျိုးတွေက ကျွန်တော်တို့လာပြီး ဒုတ်တွေ၊ ဓါးတွေနဲ့လာပြီး ကျွန်တော်တို့ကို ရန်ရှာတယ်။ ခြိမ်းခြောက်ပါတယ်။ ဒီနေ့ထိ ရန်ရှာနေတုန်းပဲ

နစ်နာသူ အမျိုးသမီးငယ်၏ ဦးလေးဖြစ်သူဦးမောင်နု

ပြီးခဲ့သည့်နိုဝင်ဘာ ၂၉ ရက်နေ့က အသက် ၁၂နှစ် အရွယ် မွတ်ဆလင်အမျိုးသမီးငယ်တစ်ဦးအား ယင်းစခန်းမှ ဟိုင်တာအလီ၊ ဇူဘိုင်နှင့် အဒူဂေါ်ဖူတို့ ၃ ဦးက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့သည်ဟု ကာယကံရှင်အမျိုးသမီးငယ်က ဆိုထားသည်။

အဓမ္မပြုကျင့်ခံခဲ့ရသည့်အမျိုးသမီးငယ်မှာ ဇူဘိုင်အိမ်တွင် ထမင်းချက်ရေခပ်အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး နို ဝင်ဘာ ၂၆ရက်နေ့က ဇူဘိုင်၏ ဦးလေးဖြစ်သူ ဟိုင်တာအလီတွင် ငွေကျပ် ၁၂ သိန်းပျောက်သွားပြီး ၎င်းတို့ မှာ အိမ်နီးချင်းဖြစ်သည့်အတွက်အမျိုးသမီးငယ်မှာ အဝင်အထွက်ရှိသဖြင့် ငွေခိုးသည်ဟုဆိုကာ ၂၆ ရက်နေ့မှ ၂၈ ရက် နေ့ထိ ရိုက်နှက်ကာ စစ်ဆေးမေးမြန်းကြပြီး ၂၉ ရက်နေ့တွင် အထက်ပါ ၃ ဦးကအဓမ္မပြုကျင့်ခဲ့ကြောင်း ဦးလေးဖြစ်သူကပြောသည်။

အမျိုးသမီးငယ်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ပေါက်တောဆေးရုံမှ စစ်တွေဆေးရုံသို့ပြောင်းရွေ့ကာဆေးကုသမှု ခံယူလျက်ရှိပြီး ကျုးလွန်သူ ၃ ဦးကိုလည်း ပြစ်မှုပုဒ်မ ၃၂၃၊ ၃၄၃၊ ၃၅၄၊ ၃၇၆၊ ၁၁၄ တို့ဖြင့် ပေါက်တောရဲစခန်းတွင် အမှုဖွင့်ထားသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်