test1

ပလက်ဝမှ စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် စစ်တပ်မှ ခေါ်ယူပြော


ချင်းပြည်နယ် ပလက်ဝမြို့နယ် စစ်ရှောင်စခန်းတွင်နေထိုင်ကြသည့် စစ်ဘေးရှောင်များကို နေရပ်သို့ပြန်ရန် စစ်တပ်မှ ခေါ်ယူပြောဆိုမှုများရှိကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံများမှပြောသည်။စက်တင်ဘာလ ၂၅ ရက်နေ့က ခလရ ၂၈၉ တပ်ရင်းမှ တပ်ရင်းမှူးက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် အစည်းဝေးခေါ်ယူပြီး ယင်းသို့ပြောဆိုခြင်းဖြစ်ကြောင်း ဝိသုဒါရုံစစ်ရှောင်စခန်းမှ တာဝန်ခံ ဦးရဲဒက်မောင် က ပြောသည်။ “အစည်းဝေးက ထွေ/အုပ်ရုံးမှာလုပ်တာ။ ကျနော်တို့ကိုခေါ်တာကတော့ တပ်ရင်း ၂၈၉ ကခေါ်ပြီး တပ်ရင်းမှူးက အစည်းဝေးပြောတယ်။ ပျက်စီးသွားတဲ့အိမ်စာရင်းတွေကောက်တယ်။ ကျနော်တို့ဘက်ကတော့ ဘာတစ်ခုမှ ပြောဆိုတာမျိုး မလုပ်ခဲ့ရပါဘူး။ သူတို့ပြောတာပဲနား‌ထောင်ခဲ့ရတာပါ။ တကယ်လို့နေရပ်ပြန်ရမယ်ဆိုရင် စစ်ရှောင်တွေဘက်ကတော့ နေမြေရှင်းလင်းရေးတွေ လုပ်ပေးစေချင်သေးတယ်။ စစ်ကျန်လက်နက်နဲ့ မြေမြုပ်မိုင်းအန္တရာယ်ကလည်းရှိသေးတယ်လေ” ဟုပြောသည်။

အစည်းအဝေးကို အထက်အမိန့်အရခေါ်ယူ၍ ပြောခြင်းဖြစ်သည်ဟုပြောပြီး နေရပ်ပြန်လျှင် စားဝတ်နေရေး အတွက် မည်သို့ပြုလုပ်မည်ကို တစ်စုံတစ်ရာပြောကြားခြင်း မရှိကြောင်း စစ်တပ်မှခေါ်ယူသည့် အစည်းဝေးကို တက်ရောက်ခဲ့သည့်နောက်ထပ် စစ်ရှောင်တာဝန်ခံတစ်ဦးက ပြောသည်။“အစည်းဝေးကို စစ်ရှောင်စခန်းက တာဝန်ခံတွေသွားတက်တယ်။ ကျနော်က ၂၂ ရက်နေ့မှာ အစည်းဝေးသွားတက်တာ နောက်ထပ်ခေါ်တဲ့ရက်တော့ ကျနော်မပါတော့ဘူး။ အထက်အမိန့်အရခေါ်ပြောတာ လို့ပြောတယ်။ သူတို့ကဘယ်နေ့ဘယ်ရက် ပြန်ရမယ်လို့တော့ သေချာမပြောဘူး။ ဒါပေမယ့် သူတို့ပြောစကားအရ နေရပ်ပြန်ဖို့ပြောတာပါပဲ။ ပျက်စီးသွားတဲ့အိမ်တွေနဲ့ ပြန်ပြုပြင်ရမယ့် နေအိမ်တွေအတွက် ထောက်ပံ့ငွေပေးမယ် လို့ပြောတယ်။ စားဝတ်နေရေးအတွက်ကိုတော့ သူတို့ဘာမှမပြောဘူး” ဟုပြော သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ အား ယနေ့ညနေပိုင်းက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။ပလက်ဝမြို့နယ်တွင် စိုက်ပျိုးရေးစခန်း၊ ဘောလုံးကွင်းစခန်း၊ ဝိသုဒါရုံစခန်း၊ အထက စခန်းနှင့် RC စခန်းတို့တွင် စစ်ရှောင်စခန်းအရေအတွက်အားဖြင့် ၅ ခုရှိပြီး အိမ်ထောင်စုအားဖြင့် ၈၀၀ နီးပါးခန့်ရှိသည်။

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်