ဂွမြို့နယ်တွင် ဒီရေပင်များကို စိုက်ပျိုးနေမှုမြင်ကွင်း
test1

ရခိုင်ရှိဒီရေတောများအလွန်အကျူးခုတ်လှဲမှုကြောင့် ၅၀ ရာခိုင်နှုန်းခန့် ပြုန်းတီးလာနေ


ရခိုင်ကမ်းရိုးတန်းဒေသရှိ ဒီရေတောများကို ခုတ်လှဲမှုကြောင့် ယခင်ကထက် ၅၀ ရာခိုင်နှုန်းခန့် ပြုန်းတီးလာနေကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းများကပြောသည်။

ရခိုင်ပြည်နယ်တွင် ဒီရေတောများမှာ ကမ်းရိုးတန်းဒေသများဖြစ်သည့် ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ စစ်တွေ၊ ပေါက်တော၊ မြေပုံ မြို့နယ်များတွင် အများဆုံးပေါက်ရောက်ကြသည်။

ဒီရေတောများမှ ဒီရေပင်ကြီးများကို ရခိုင်မြောက်ပိုင်းမြို့နယ်များအပါအဝင် သံတွဲ၊ ဂွမြို့နယ်တို့တွင် မီးသွေးအဖြစ် ရောင်းချရန် ခုတ်လှဲခြင်း၊ သားငါး ပုဇွန်ရှာဖွေရန်အတွက် ဒီရေပင်များကို လိုအပ်မှုထက်ခုတ်လှဲကြခြင်းတို့ကြောင့် ဒီရေပင်များ ပိုမိုပြုန်းတီးလာနေသည်ဟု ရခိုင်ကမ်းရိုးတန်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့( RCA) ဥက္ကဌ ဒေါက်တာ မောင်မောင်ကြည်က Western News ကိုပြောသည်။

“ဒီရေတောတွေက ဒီရေပင်တွေကို မီးသွေးအဖြစ်ရောင်းချဖို့အတွက် ခုတ်လှဲတာတွေရှိတယ်။ ပြီးတော့ အုတ်ဖုတ်ဖို့အတွက် အများကြီး ခုတ်လှဲကြတာပေါ့။ ဝန်ဗိုက်လို ဒီရေတောကြီးတွေကဆိုရင် မြောက်ပိုင်း မြို့နယ်တွေကပါ စက်လှေတွေ ၊ ဘုတ်တွေနဲ့လာခုတ်တာတွေရှိတယ်။ ဒီရေပင်တွေဟာ အရင်တုန်းက ၄ သိန်းကျော်လောက်ရှိတယ်။ ခုဆိုရင် ၂ သိန်းကျော်လောက်ပဲရှိတော့တယ်”ဟုပြောသည်။

ယင်းပြင် ဒီရေပင်များမှာ ကာဗွန်စုပ်ယူမှုပိုအားကောင်းသောကြောင့် တောင်ပေါ်မှ သစ်ပင်များထက် အလေးချိန်များ၍ ပိုမိုခုတ်လှဲမှုများ ရှိနေသည်ဟု ဒေါက်တာမောင်မောင်ကြည်က ဆက်လက် ပြောဆိုသည်။

ဒီရေပင်များကို ခုတ်လှဲ၍ လုပ်စာအဖြစ်အသုံးပြုမည့်အစား ဆန်စက်များမှထွက်သည့် စပါးခွံကို လောင်စာအဖြစ် အသုံးပြုလျှင်လည်း ရလဒ်အတူတူဖြစ်သည့်အတွက် စပါးခွံကိုသာ နည်းလမ်းတကျ လောင်စာအဖြစ် အသုံးပြုရန်လည်း ဒေါက်တာ မောင်မောင်ကြည်က တိုက်တွန်းပြောဆိုသည်။

“ အုတ်ဖုတ်မယ့် လုပ်ငန်းတွေမှာ သုံးဖို့နဲ့ မီးသွေးလုပ်ဖို့ ဒီရေပင်ကို သစ်ပင်တွေထက်ပိုခုတ်လှဲကြတယ်။ ဘာလို့လဲဆိုတော့ ဒီရေပင်က တောတောင်တွေက သစ်ပင်တွေထက် ကာဗွန်ပိုများတော့ ပိုပြီးလေးတယ်။ မီးခံတယ်လေ။ ဒီနေရာမှာ အကြုံပြုချင်တာက ဒီလိုလောင်စာအဖြစ် အသုံးပြုချင်ရန် ကျွန်တော်တို့ ရခိုင်ဒေသမှာ စပါးခွံကိုအသုံးပြုလို့ ရပါတယ်။ စပါးခွံနဲ့ အုတ်ဖုတ်ရင်လည်း ထင်းတွေနဲ့ ဖုတ်သလို ခိုင်ခံမှုက အတူတူပါပဲ။ စပါးခွံသုံးရင် ဒီရေပင်တွေကို ပိုပြီးထိန်းသိမ်းနိုင်တာပေါ့”ဟုပြောသည်။

ဒီရေတောကြီးများ ပြုန်းတီးသွားလျှင် သဘာဝဘေးအန္တရာယ်ဖြစ်သည့် ရေလှိုင်းကြီးခြင်းများ၊ လေမုန်တိုင်းတိုက်ခတ်လျှင်လည်း အကာအကွယ်မဲ့ခြင်း၊ ကမ်းပါးတိုက်စားခံရမှု ပိုများခြင်းနှင့် ရေသယံဇာတဖြစ်သည့် ငါး ၊ပုဇွန်များ ပါ မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်းလည်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ယခင်က ဒီရေပင် ဧက ၄ သိန်းကျော်ခန့်ရှိပြီး လက်ရှိတွင် တရားမဝင် ခိုးယူခုတ်လှဲမှုများကြောင့် ဒီရေပင် ဧက ၂ သိန်းကျော်ခန့်သာကျန်ရှိပြီး ကျန်နေသည့် ဒီရေပင်များမှာလည်း အပင်ငယ်များသာဖြစ်ကြောင်း ရခိုင်ကမ်းရိုးတန်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။


ဆက်စပ်စကားလုံများ : #သဘာဝ သယံဇာတ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်