test1

တစ်နှစ်ကျော်ကြာပိတ်ထားသည့် လမ်းကြောင်းများပြန်ဖွင့်သော်လည်း ဒါးလက်အုပ်စုမှ ဒေသခံများ သွားလာရေး စိုးရိမ်


Western News – အောင်စိုး
ဒီဇင်ဘာလ ၃၁ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တပ်မတော်မှတစ်နှစ်ကျော်ကြာပိတ်ထားသည့် ဒါးလက်အုပ်စုရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းတို့ကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ယင်းဒေသရှိတပ်ရင်းများက ပြန်ဖွင့်ပေးလိုက်သော်လည်း ဒေသခံများက အန္တရာယ်တစ်ခုခု ဖြစ်သွားမည်ကိုစိုးရိမ်ကာ သွားလာမှုများမရှိကြောင်း ဒေသခံများကပြောဆိုကြသည်။

ဒါးလက်အုပ်စုရှိ ကုန်းလမ်း၊ ရေလမ်းကြောင်းတို့ကို ၂၀၁၉ ခုနှစ်မှစတင်ကာ တပ်မတော်ကလုံခြုံရေးအရ ပိတ်ပင်ထားခြင်းဖြစ်သဖြင့် ယင်းအုပ်စုမှကျေးရွာပေါင်း ၄၀ ကျော်မှဒေသခံများမှာ စားသောက်ကုန်ပစ္စည်းများကို သယ်ယူရာ၌ အခက်အခဲများဖြစ်ပေါ်လျက်ရှိကြ သည်ဟု ရှမ်းကုန်းကျေးရွာမှဒေသခံတစ်ဦး ကပြောသည်။

တပ်မတော်ကဒီနေ့မှာရွာကလူကြီးတွေကို ဖုန်းဆက်လို့ပြောလာတယ်။ ရေလမ်း၊ ကုန်းလမ်းကြောင်းတွေကို ပြန်ဖွင့်ပေးမယ် ဆိုပြီးတော့။ ဒါပေမဲ့သွားလာဖို့ဆိုရင် သူတို့ကိုအသိပေးပြီးမှသွားရမှာဖြစ်တယ်။ လမ်းကြောင်းကို ပြန်ဖွင့်ပေးတယ်ဆိုပေမဲ့ ကျွန်တော်တို့ကိုလမ်းမှာ လက်နက်ကြီးတွေ၊သေနတ်တွေနဲ့လှမ်းပစ်မှာကို ကြောက်နေရ တယ်။ မသွားရဲဘူး

ရှမ်းကုန်းကျေးရွာမှဒေသခံတစ်ဦး

အဆိုပါအုပ်စုရှိကျေးရွာများမှာ ဒါးလက်အနောက်ရွာ၊ တောင်ရွာ၊ အလယ်ကျွန်း၊ မြောက်ရွာ၊ ရှမ်းကုန်း၊ နတ်မော်၊ ကွေ့ရှည်၊ နတ်မော်အထက်၊ အောက်ရွာဟောင်း၊ ပြိုင်းကုန်းအစရှိသည့်ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများမှ ဒေသခံကျေးရွာသား ၁၂၀၀၀ ဦးရေမှာစားဝတ်နေရေးအခက်အခဲဖြစ်ပွားနေခြင်းဖြစ်သည်။

ယခုလိုတပ်မတော်က ဒါးလက်အုပ်စုရှိကုန်းလမ်း၊ ရေလမ်းတို့ကို ပြန်ဖွင့်ပေးခြင်းသည် ဒေသခံများအတွက် စေတနာထားပြီးစိတ်ရင်း အမှန်ဖြင့် ၎င်းတို့၏ စားဝတ်နေရေးအတွက် ဖွင့်ပေးခြင်းမျိုးသာဖြစ်စေချင်ကြောင်း အမ်းဒေသခံကိုမျိုးလွင်ကပြောသည်။

မနေ့ကတပ်ရင်းမှူးတစ်ဦးက ကဇူးကိုင်းကျေးရွာကရွာလူကြီးတစ်ဦးကို ဖုန်းဆက်လာတယ်။ ပြီးတော့ ဒါးလက်လမ်းကြောင်းတွေကို ဖွင့်ပေးမယ်လို့ပြောတယ်။ ဒီလိုလမ်းကြောင်းတွေပြန်ဖွင့်ပေးလို့ဝမ်းသာတယ်။ မဖွင့်ပေးဘူးဆိုရင်ဒေသခံတွေရဲ့ စားသောက်ရေအလွန် အခက်အခဲဖြစ်နေတာ။ ဖွင့်ပေးတာကလည်း စေတာနဲ့ စိတ်ရင်းအမှန်နဲ့ဖြစ်ဖို့လိုတယ်

— အမ်းဒေသခံကိုမျိုးလွင်

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်