test1

ရခိုင်တွင် စစ်အင်အား တိုးချဲ့ခြင်းမရှိဟု တပ်မတော်၏ ပြောကြားချက် မြေပြင်အနေ အထားတွင် လုံးဝကွဲလွဲ နေဟု ‌ဒေသခံများဆို


Western News – ထွန်းလှ
ဒီဇင်ဘာ ၃၁ ရက်

ရခိုင်ပြည်နယ်တွင် စစ်အင်အားတိုးချဲ့ခြင်းမရှိဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောကြားချက် သည်မြေပြင်အနေ အထားတွင် ကွဲလွဲနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ‌ဒေသခံများကပြောဆိုသည်။

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်နေ့ကပြုလုပ်သော တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်တွင် ပစ်ခက်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွားစေရေးကိုသာ ဆောင်ရွက်နေကြောင်းနှင့် စစ်အင်အားဖြည့်တင်းခြင်းများမရှိကြောင်း ပြောကြားခဲ့သည်။

တပ်မတော်က စစ်အင်းအားဖြည့်တင်းခြင်းများမရှိဟုဆိုသော်လည်း မြေပြင်အပေါ်တွင် တစ်ပတ်လျှင်အနည်းဆုံး ၃ ရက်ခန့် တပ်မတော် ရဟတ်ယာဉ်များ၊ မော်တော်ယာဉ်များနှင့် တပ်မတော်သားများပါရှိသော စက်လှေများ အများအပြား သွားလာလှုပ်ရှားနေသည်ကို တွေ့မြင်နေသည့်အတွက် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောကြားချက်သည် မြေပြင်တွင် လုံးဝကွဲလွဲနေသည်ဟု ပလက်ဝဒေသခံတစ်ဦးဖြစ်သူ ကိုတင်ထွန်းအောင်က ပြောသည်။

“ ကျွန်တော်တို့ ပလက်ဝမြို့နယ်ဖက်မှာ ဒီဇင်ဘာလာအတွင်းမှာကိုက တစ်ပတ်မှာ ၃ ရက်လောက်အနည်းဆုံး ရဟတ်ယာဉ်တွေ သွားတာတွေတွေ့ရတယ်၊ ပြောရမယ်ဆိုရင် တပ်မတော်သားတွေ စစ်လှေတွေနဲ့ လက်နက်အပြည့်အစုံနဲ့ ကုလားတန်မြစ် အထက်ဖက်ကို တက်သွားတာတွေ၊ ရိက္ခာကားတွေဆိုရင်လည်း ဆမီးဖက်ကနေ ပလက်ဝကို တစ်ပတ်မှာ ကားအစီး ၃၀၊ ၄၀ လောက်အနည်းဆုံးသွားနေတာကို ကျွန်တော်တို့ တွေ့နေရတယ်၊ တပ်မတော်သတင်းမှန်ပြောတာက မြေပြင်အနေအထားမှာ လုံးဝလွဲနေပါတယ်”

ပလက်ဝဒေသခံတစ်ဦးဖြစ်သူ ကိုတင်ထွန်းအောင်

စစ်ရေးအရ စစ်အင်အားတို့ချဲ့ခြင်း၊ မတိုးချဲ့ခြင်းကို နားမလည်သော်လည်း စစ်ရေယာဉ်များ အသွားအပြန် လုပ်နေကြသည်ကို တွေ့နေရ၍ ‌ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်းကြောင့်ကြမှုများရှိနေကြသည်ဟု ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်က ပြောသည်။

“စစ်အင်အားတိုးချဲ့တယ်၊ မတိုးချဲ့ဘူးဆိုတာ စစ်ရေးအရတော့ ကျွန်တော်တို့လည်း နားမလည်ဘူး၊ ဒါပေမယ့် ကုလားတန်မြစ်ကြောင်း တစ်လျောက် စစ်နေဗီတွေ ၄ စီး၊ ၅ စီး ဆင်းလိုက် တက်လိုက်လုပ်နေကြတာကိုတွေ့ နေရတော့ ‌ဒေသခံတွေအနေနဲ့ စိုးရိမ်းကြောင့်ကြမှုတွေရှိတယ် “

ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်

တပ်မတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်က “စစ်အင်အားများဖြည့်တင်းနေတယ်ဆိုတာ ဘာအထောက်အထားများအရ ပြောတာလဲလို့ ကျွန်တော် ပြန်ပြီးမေးချင်တယ်” ဟုလည်းပြောကြားခဲ့သည်။

ယင်းပြောကြားချက်နှင့်ပတ်သက်၍ တပ်မတော်က စစ်ရေယာဉ်များဖြင့် စစ်အင်အားများ တင်ပို့နေသည်ကို ကျေးရွားများမှ တွေ့မြင်နေရ၍ စစ်အင်းအားများတို့ချဲ့နေခြင်းကို ငြင်းဆို၍မရကြောင်း ရသေ့တောင် မှ ကိုဘက္ကာနှင့် ပရဟိတညီအစ်ကိုမောင်နှများအဖွဲ့က ဥက္ကဋ္ဌ ကိုဘက္ကာကပြောသည်။

“သူတို့ ရေတပ်သင်္ဘောတွေနဲ့ လူအင်အားပို့တာတွေ၊ လက်နက်အင်းအားဖြည့်တင်းတာတွေ ရိက္ခာပို့တာတွေအကုန်လုံး တွေ့နေကြ တာဘဲ၊ ဒီမှာက သူတို့ ရေတပ်သင်္ဘောတွေ အတက်အဆင်းလုပ်နေတဲ့ မယူမြစ်တောက်လျောက်မှာ ကျေးရွာတွေအများကြီးရှိတယ်၊ သူတို့လုပ်နေတာတွေ အကုန်လုံမြင်နေရတယ် ကျေးရွာတွေက၊ တစ်ခါတစ်လေဆိုရင် ၅ စီး၊ ၆ စီး တက်လာတတ်တယ်၊ လူအင်အားတွေပါတယ်၊ ရိက္ခာတွေပါတယ်၊ အကုန်လုံးသူမြင်နေရတာပဲ၊ အဲဒါကို ငြင်းလို့မရဘူး”

ရသေ့တောင် မှ ကိုဘက္ကာနှင့် ပရဟိတညီအစ်ကိုမောင်နှများအဖွဲ့က ဥက္ကဋ္ဌ ကိုဘက္ကာက

ရသေ့တောင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွားပေါင်း ၄၃ ရွာမှ ပြည်သူများမှာ ယခုအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ ရသေ့တောင်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းများတွင်ခိုလှုံနေကြရသည့်အပြင် ယခုကဲသို့ စစ်အင်းအားများတို့ချဲ့နေသည်ကိုမြင်ရ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို ပို၍ စိုးရိမ်နေကြရသည်ဟု ကိုဘက္ကာကပြောသည်။

Western News -WN


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်