test1

ညီနောင်မဟာမိတ် ၃ ဖွဲ့ အပစ်အခတ်ရပ်စဲရေးအား ၂ လတာတိုးမြှင့်ကြောင်းထုတ်ပြန်


Western News – ထွန်းလှ
ဇန်နဝါရီ ၁ ရက်

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ တစ်ဖက်သတ်အပစ်အခက်ရပ်စဲခြင်းအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ၂ လတာ ထပ်မံ၍သက်တမ်း တိုးမြှင့်လိုက်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့ကစတင်ပြီး တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား အသုတ်လိုက်ခွဲ၍ အကြိမ်ကြိမ်သက်တမ်းတိုးမြှင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား အကြိမ်ကြိမ်ထုတ်ပြန်ရခြင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချော့မွေ့စေပြီး လက်တွေ့ကျသောလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် နှစ်ဖက်အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော အိမ်နီးချင်းနိုင်ငံများအားလုံး၏ နယ်စပ်‌ဒေသများ၌ တည်ငြိမ်အေးချမ်းမှု ရရှိနိုင်စေရန်နှင့် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်တားဆီးရေးဆိုင်ရာလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် စသောရည်ရွယ်ချက်များဖြင့် တစ်ဖက်သတ် အပစ်အခက်ရပ်စဲခြင်းများအား ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားပါရှိသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့သည် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲ ထားသော်လည်း မြန်မာ့တပ်မတော်ဖက်က ထိုးစစ်ဆင်တိုက်ခိုက်မှုများပြုလုပ်လာပါက မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် အဖိနှိပ်ခံပြည်သူများနှင့်လက်တွဲကာ တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ကြေညာသည်။

မြန်မာ့တပ်မတော်မှလည်း အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ထားသော နေရာများကိုချန်လှပ်၍ ဇန်နဝါရီလ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၁ လတာ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်