test1

လွှတ်တော်မရှိသည့် စစ်ကောင်စီ NCA မူအတိုင်းဆွေးနွေးရန် ခက်ခဲနေ


အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို နိုင်ငံရေးပါတီ ၁၆ ခုတက်ရောက်ခဲ့ပြီး လွှတ်တော်မရှိသည့် စစ်ကောင်စီသည် NCA မူအတိုင်းဆွေးနွေးရန်ခက်ခဲနေကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ပါတီများကပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မူညှိနှိုင်းရေးကော်မတီ NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲကို ယမန်နေ့ အောက်တိုဘာလ ၉ ရက်က နေပြည်တော်တွင် ၁ ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။လက်ရှိတွင် စစ်ကောင်စီသည် လွှတ်တော်မရှိသည့်အတွက် NCA မူအတိုင်းဆွေးနွေးရန်ခက်ခဲနေသည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ရခိုင့်ဦးဆောင်ပါတီ AFP ဥက္ကဌ ဒေါက်တာ အေးမောင်က Western News ကိုပြောသည်။

“ အစိုးရပ်တစ်ရပ်ကနေ SAC က အာဏာထိမ်းလိုက်ရတဲ့အခါမှာ တဖက်က လက်မှတ်ထိုးထားတဲ့ EAOs က ၁၀ ဖွဲ့ရှိသွားပြီလေ။ သူတို့က NCA မူမှာဆိုရင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်ပါတာပေါ့။ ဆိုတော့ အခုက လွှတ်တော်မရှိတဲ့အစိုးရဖြစ်နေလို့ NCA မူအတိုင်း သူတို့က ဆွေးနွေးဖို့ခက်ခဲနေတယ်” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ယင်းအပြင် ပိတ်ဆို့နေသည့်ငြိမ်းချမ်းရေးကို စဖွင့်ရန် NCA စာချုပ်တွင်ပါဝင်သည့် သုံးခြမ်းထဲမှ နိုင်ငံရေးပါတီများအခန်းကဏ္ဍကို ငြိမ်းချမ်းရေးဖြစ်စဉ်များတွင်ပါဝင်လာရန်အတွက် UEC မှ နိုင်ငံရေးပါတီများကို ပြန်လည်ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်းလည်း သူကပြောသည်။ဆက်လက်၍ NSPNC နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီ ၁၆ ခုတို့ တွေ့ဆုံမှုမှာ ကနဦးတွေ့ဆုံ မှုသာဖြစ်ပြီး NSPNC ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်လိုသည့်ပါတီများကိုလည်း ၁ လ(သို့) ၁ လကျော်ကြာမြင့်သည့်အချိန်တခုတွင် ပြန်လည်အစည်းအဝေးပြုလုပ်ကာ NSPNC ၏ နိုင်ငံရေးပါတီအစုအဖွဲ့တွင် ထည့်သွင်းရန် ရွေးချယ်မည်ဟု ဆုံးဖြတ်ခဲ့ကြောင်း ဒေါက်တာ အေးမောင်က ဆက်ပြောသည်။အစည်းအဝေးတွင် စစ်တပ်၏ အဓိကရည်မှန်းချက်ထဲတွင်ပါဝင်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို PR(အချိုးကျစနစ်)ဖြင့် ရွေးကောက်တင်မြှောက်ပေးမည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အစည်းအဝေးတွင် ရှင်းပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖွဲ့စည်းခဲ့ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ထားခြင်း ဖြစ်သည်။စစ်ကောင်စီဖွဲ့ထားသည် NSPNC သည် ဦးသိန်းစိန်လက်ထက်ကဖွဲ့စည်းခဲ့သည့် မြန်မာ့ငြိမ်းချမ်းရေးဗဟိုဌာန MPC နှင့် NLD အစိုးရလက်ထက်ဖွဲ့စည်းခဲ့သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကို နာမည်ပြောင်းပြီး ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC အစည်းအဝေးသို့ ရခိုင်မှ ရခိုင်အမျိုးသားပါတီ ANP မတက်ရောက်ခဲ့သလို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)သည်လည်း ဆွေးနွေးပွဲသို့ဖိတ်ကြားမှုမရှိ၍ မတက်ရောက်ခဲ့ကြောင်းသိရသည်။


ဆက်စပ်စကားလုံများ : #NLD#မြန်မာ့စစ်တပ်#အာဏာသိမ်း
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်