ကယု(ကမာ)မွေးမြူရေးလုပ်ငန်းကို ရခိုင်တွင် စီးပွားဖြစ်စတင်လုပ်ကိုင်သူရှိလာ
test1

ကယု(ကမာ)မွေးမြူရေးလုပ်ငန်းကို ရခိုင်တွင် စီးပွားဖြစ်စတင်လုပ်ကိုင်သူရှိလာ



ရေလုပ်ငန်းတစ်မျိုးဖြစ်သည့် ကယု(ကမာ)မွေးမြူရေးကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စီးပွားဖြစ် စတင်လုပ်ကိုင်သူရှိကြောင်း ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပြောသည်။

ကယု(ကမာ)မွေးမြူရေးမှာ ရခိုင်ဒေသအနှံ့တွင်လုပ်ကိုင်၍ ရသည့်လုပ်ငန်းတစ်မျိုးဖြစ်ပြီး ၂ နှစ်ခန့်မွေးမြူလျှင် ဈေးကွက်တွင်ရောင်းချ၍ရကြောင်းနှင့် ယခင်က စီးပွားဖြစ်လုပ်ကိုင်သူမရှိခဲ့ကြောင်း ကျောက်ဖြူခရိုင်ငါးလုပ် ငန်းဦးစီးဌာန၏ ခရိုင်ဦးစီးမှူး ဦးကျော်ဆန်းက ပြောသည်။

“ဒီကယုတွေက အရင်းအနှီးအများကြီးစိုက်ထုတ်ရတဲ့ လုပ်ငန်းမျိုးမဟုတ်ဘူး။ သားပေါက်တွေဆိုရင်လည်း သဘာဝအလျောက်ရနေတာ။ ပြီးရင် အစာကျွေးမွေးစရာလည်းမလိုဘူး။ ရခိုင်မှာဆို နေရာအားလုံးလိုလိုမှာ လုပ်ကိုင်လို့ရတဲ့လုပ်ငန်းမျိုးဖြစ်တယ်။ အချိန်ကတော့ ၂ နှစ်လောက်အချိန်ပေးရတယ်။ အကောင်က ၈ လက်မ၊ ၉ လက်မအရွယ်လောက်ကျရင် ဈေးကွက်ထဲ ရောင်းလို့ရပြီ။ အရင်က ဒီလုပ်ငန်းကို ရခိုင်မှာ စီးပွားဖြစ်လုပ်တဲ့သူ မရှိဘူး။ ခုတော့ ကျောက်ဖြူမှာတစ်ယောက်တော့စလုပ်နေပြီပေါ့နော်” ဟုပြောသည်။

ရခိုင်တွင် ကယုမွေးမြူရေးလုပ်ငန်းအား စနစ်တကျနှင့် တွင်ကျယ်စွာလုပ်ကိုင်လာစေချင်ကြောင်း ယခုကဲ့သို့သာ လုပ်ကိုင်ကြမည်ဆိုလျှင် ပြည်နယ်အတွက်လည်း ဝင်ငွေကောင်းရရှိလာမည်ဟု ၄င်းကဆက်ပြောသည်။

ကယု(ကမာ)မွေးမြူရာတွင် သားပေါက်များကပ်ခိုစေရန် ရေချိုရေငန်မျှသည့်နေရာနှင့် ရေစီးမသန်သည့် နေရာများတွင် ဖောင်များချ၍ မွေးမြူရခြင်းဖြစ်ကြောင်း ငါးတောက်တူ(ကျောက်ငါး) များလည်းတွဲမွေးမြူ၍ ရသဖြင့် ဝင်ငွေ ၂ မျိုးရနိုင်သည်ဟု ကယုမွေးမြူရေးလုပ်ကိုင်နေသူ ကျောက်ဖြူမြို့နယ်မှ ဦးခင်အေးမောင် ကပြောသည်။

“ဒီကောင်တွေက သဘာဝသားပေါက်တွေကိုယူရတာဆိုတော့ သူတို့ကပ်ခိုဖို့ ဖောင်တွေကို ၄၊ ၅ လလောက် ကြိုတင်ပြီးချထားရတယ်။ ဖောင်ကတော့ တာယာကွင်းတွေ ဘိလပ်မြေတုန်းတွေစသဖြင့်လုပ်ရတာပေါ့။ သူတို့ကနှုန်းတွေမှာ မကပ်ဘူး။ သူတို့ဈေးကွက်မဝင်ခင် ကြားမှာ ငါးတောက်တူတွေလည်း မွေးမြူလို့ရသေးတာ ဆိုတော့ ဝင်ငွေ ၂ မျိုးရတာပေါ့။ ရန်ကုန်ဖက်တွေမှာဆိုရင် ဒီကောင်တွေကို တရုတ်ဘက်ကမှာယူကြတာ” ဟုပြောသည်။

ကယု(ကမာ)ကောင်များမှာ တော်သလင်းနှင့် သီတင်းကျွတ်လများတွင် မျိုးစေ့ကပ်နှုန်းအများဆုံးဖြစ်ပြီး ရောင်းချလျှင် တစ်ကောင်ကို ၁၅၀၀ ကျပ်ခန့်ဈေးနှုန်းရရှိကြောင်း နှစ်ရှည်လုပ်ကိုင်နိုင်လျှင် ဝင်ငွေပိုရမည့် လုပ်ငန်းမျိုးဖြစ်ကြောင်း သူကဆက်ပြောသည်။

ကယု(ကမာ)ကောင်များမှာ တစ်ကြိမ်ပေါက်ဖွားလျှင် အကောင်ရေ သိန်း၊ သန်းချီပေါက်ဖွားနိုင်ပြီး အစာအနေဖြင့် ရေအောက်ရှိ သေးငယ်သော ပိုးမွှားနှင့် အပင်ငယ်များကိုစားသောက်ကြကာ ပူနွေးသောဒေသများ၌ ကြီးထွားနှုန်း ပိုမြန်သည့် အကောင်တစ်မျိုးဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #ကျောက်ဖြူ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်