နေရပ်ပြန်ခိုင်းထားသည့် ပလက်ဝမြို့မှ စစ်ဘေးရှောင်များ ကျေးရွာအနီး မိုင်းများရှင်းလင်းပေးရန် တောင်းဆို
test1

နေရပ်ပြန်ခိုင်းထားသည့် ပလက်ဝမြို့မှ စစ်ဘေးရှောင်များ ကျေးရွာအနီး မိုင်းများရှင်းလင်းပေးရန် တောင်းဆို


ချင်းပြည်နယ် ပလက်ဝမြို့ စစ်ဘေးရှောင် စခန်း ၅ ခုတွင် နေထိုင်သူများအား စစ်တပ်က မိမိနေရပ်ပြန်ခိုင်း နေသော်လည်း ကျေးရွာအနီးတော၊ တောင်များမှ မိုင်းရှင်းလင်းပြီးမှသာ ပြန်လိုကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ပလက်ဝမြို့မှ စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် စက်တင်ဘာလအတွင်း တပ်မ ၁၁ မှ တပ်မမှူးမှ ၂ ကြိမ်နှင့် နောက်ထပ်စစ်ဗိုလ်ကြီး တစ်ဦးက တစ်ကြိမ် ခေါ်ယူတွေဆုံခဲ့ပြီး စစ်ဘေးရှောင်များအား နေရပ်ပြန်ရန် စေခိုင်းခဲ့သည်ဟု စစ်ဘေးရှောင်များကပြောသည်။

စစ်ဘေးရှောင်များအား ရပ်ပြန်ရန် စေခိုင်းထားခြင်းရှိသော်လည်း မိုင်းရှင်းလင်းရေးနှင့် စားနပ်ရိက္ခာထောက်ပံမှုအတွက် တစ်စုံတစ်ရာအာမခံချက်ပေးထားခြင်းမရှိသေးဟု စိုက်ပျိုးရေးစစ်ဘေးရှောင် စခန်းတာဝန်ခံ ဦးရွှေစိန်မောင်က Western News ကိုပြောသည်။

“ကျွန်တော်တို့ကတောင်းဆိုတာက မိုင်းတွေရှင်းလင်းဖို့နဲ့ ရိက္ခာ၂နှစ်စာထောက်ပံပေးဖို့ တောင်းဆိုခဲ့တာတွေရှိတယ်။ သူတို့ကတော့ ပေးမယ်လို့မပြောဘူး။ မိုင်းတွေရှင်းလင်းပေးဖို့ ပြောကြားတာတွေရှိပဲ မယ့် လက်ရှိအချိန်ထိမိုင်းရှင်းလင်းတာမရှိသေးဘူး။ ကျွန်တော်တို့က တော၊ တောင် နဲ့ လယ်တွေဘဲလုပ်စားနေကြတာ။ ကိုယ်ရွာကိုယ်မြေရောက်ရင် တောတောင်၊ လယ်၊ ချောင်းကို လွတ်လွတ်လပ်လပ်လပ်သွားလာချင်တာပေါ့။ မိုင်းရှင်းလင်းမှုမရှိဆိုရင်တော့ ကျွန်တော်တို့အတွက် စိုးရိမ်မှုတွေရှိတယ်”ဟုပြောသည်။

နေရပ်ပြန်လျှင် အသစ်ပြန်ဆောက်ရမည့်အိမ်များအား ငွေကျပ် ၅၈၆၀၀၀ ကျပ်နှင့် ပြုပြင်ရမည့် အိမ်များအား ၃၈၆၀၀၀ ကျပ်အား အောက်တိုဘာ ၇ ရက်နေ့တွင် ထောက်ပံ့မည်ဟု တပ်မ ၁၁ မှ တပ်မမှူးမှ ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်ထိ ပေးခြင်းမရှိသည့်ဟု ၎င်းကဆက်ပြောသည်။

စစ်ဘေးရှောင်များအား နေရပ်ပြန်လျှင် ယခင်ငွေ ၅ သိန်းနှင့် ဆန်တစ်လစာ ပေးခဲ့သော်လည်း ယခုပြန်မည့်သူများအား လျော့ပေးမည်ဖြစ်ပြီး နေရပ်ပြန်မည့် ရွာများအား မိုင်းလင်းပြီးမှပို့ဆောင်မည်ဟု အောက်တိုဘာ ၈ ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥဒေချုပ်ဦးလှသိန်းက ပြောသည်။

“နေရပ်ပြန်မယ့် လူတွေကို ငွေဘယ်လောက်ပေးမယ်လို့ အစိုးရရဲ့ မူတော့ မရှိပါဘူး။ ပထမတစ်ခေါက်ကတော့ ပိုက်ဆံ ၅သိန်းနဲ့ ဆန်တစ်လစာ ပေးခဲ့ပါတယ်။ ဒါပဲမယ် ငွေ ၅သိန်းကမဖြစ်မနေပေးရမယ့် အထဲမှာမပါဘူး၊ ၃သိန်းနဲ့ရရင် ၃သိန်းပေးမယ်၊ ဆန်တစ်လစာမဖြစ်မနေပေးမှာပါ။ ကျွန်တော်တို့က ပို့မယ်လို့ စာရင်းပြုစုလိုက်ရင် အဲဒီရွာသည် မိုင်းရှင်းလင်ပြီးဖြစ်ရပါမယ်။ ကျွန်တော်တို့ ပို့မယ်လို့ တရားဝင် ပြောရင်တော့ အဲဒီရွာကို မိုင်းရှင်းပြီးသားဖြစ်မှ ပို့မှာပါ”ဟုပြောသည်။

စစ်ဘေးရှောင်များအား ခေါ်ယူတွေဆုံစဉ်က မိုင်းရှင်းလင်းမှုအပေါ် အာမခံချက်ပေးခဲ့ခြင်းမရှိသလို ဆန်ရိက္ခာအတွက်လည်း အာမခံချက်မပေးသေးသောကြောင့် ရွာပြန်လျှင် အဓိက အခက်ခဲ့ဖြစ်လာနိုင်သည်ဟု အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို ခေါ်ယူတွေဆုံစဉ်က မိုင်းရှင်းပေးဖို့ အားလုံးအပြီးစီးလုပ်ပေးမယ်လို့တော့မပြောဘူး။ နောက်တစ်ခုက သူတို့ဆီက စားနပ်ရိက္ခာ ပေးဖို့တိတိကျကျ ပေးဖို့ပြောထားတာမရှိတော့ အခက်ခဲတွေဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ ရွာနီးတွေမှာ မိုင်းမရှိဘူး၊ စစ်ကျန်လက်နက်မရှိဘူးလို့ မပြောနိုင်ဘူး။ အဲဒါတွေ ရှင်းလင်းမှုမရှိရင် ပေါက်ကွဲမှုတွေရှိလာနိုင်ပြီး စိုးရိမ်မှုတွေရှိတယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်တစ်ချို့သည် မိမိကျေးရွားများသို့သွားကြပြီး အိမ်များအား သန့်ရှင်းရေးတွေ လုပ်နေကြပြီးဖြစ်သော်လည်း ရုပ်ဝကျေးရွာနဲ့ ကေသရွာတို့မှာ ရွာသို့သွားရဲသေးဟု စစ်ဘေးရှောင်များက ပြောသည်။

ပလက်ဝမြို့နယ်တွင် စိုက်ပျိုးရေးစခန်း၊ ဘောလုံးကွင်းစခန်း၊ ဝိသုဒါရုံစခန်း၊ အထက စခန်းနှင့် RC စခန်းတို့တွင် စစ်ရှောင်စခန်းအရေအတွက်အားဖြင့် ၅ ခုရှိပြီး အိမ်ထောင်စုအားဖြင့် ၈၀၀ နီးပါးခန့်ရှိသည်။


ဆက်စပ်စကားလုံများ : #စစ်ဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်