ကျောက်ဖြူခရိုင်တရားရုံး
test1

အကြမ်းဖက်မှုဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကျောက်ဖြူဒေသခံ ၈ ဦးအမှု ၃ လ ကျော်ကြာသည်ထိ ရုံးထုတ်စစ်ဆေးခြင်းမရှိ


ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကပ်သပြေကျေးရွာသား ၈ ဦးအမှုကို ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၃ လကျော်ခန့်ရှိပြီဖြစ်ကြောင်း အမှုလိုက်ရှေ့နေများကပြောသည်။

၎င်းတို့မှာ မောင်မောင်ငယ်၊ ဦးမောင်လှမြင့်၊ ဦးအောင်တင်ရွှေ၊ မောင်စိုးလင်း၊ ဦးလှနုအောင်၊ ဦးစံလှမောင် ၊ ဦးလှမောင်သန်း၊ ဦးမောင်လှမြင့်တို့ဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် ရုံးချိန်ထားသော်လည်း ရုံးထုတ်ခြင်းမရှိခဲ့ဟု သိရသည်။

အဆိုပါ ၈ ဦးကို ပြီးခဲ့သည့် ဇွန်လလယ်ခန့်မှ နောက်ဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ကိုဗစ်ရောဂါကြောင့် ရုံးထုတ်စစ်ဆေးမှုမပြုလုပ်နိုင်ခဲ့ဟုဆိုသည်။ သို့သော်လည်း လက်ရှိတွင် ကိုဗစ်ပိုးတွေ့မှုကျဆင်းသွားသည့်အတွက် တချို့မြို့နယ်များမှ တရားရုံးများတွင် ရုံးထုတ်စစ်ဆေးနေကြပြီဖြစ်သည်။

ရုံးထုတ်စစ်ဆေးမှုများမပြုလုပ်သည့်အတွက်ကြောင့် အမှုသည်များမှာ နစ်နာမှုများရှိနေသည်ဟု မိသားစုဝင်များနှင့် ရှေ့နေများကပြောသည်။

ဖမ်းဆီးပြီးနောက် အချုပ်ထောင်တွင်နေ၍ တရားရင်ဆိုင်နေရသည်မှာ ကြာမြင့်လာပြီဖြစ်သည့်အတွက် တရားရုံးအနေဖြင့် အပြစ်ရှိ/မရှိကို ရုံးထုတ်စစ်ဆေးရန်လိုအပ်ကြောင်း ဖမ်းဆီးတရားရင်ဆိုင်နေရသည့် ကိုမောင်ငယ်၏ အစ်မဖြစ်သူ ဒေါ်မဲမစိန်ကပြောသည်။

“ အရင်နှစ်ကတည်းက ဖမ်းပြီးတရားစွဲခံထားရတာ ၁ နှစ်ကျော်နေပြီ။ ရုံးချိန်းတွေမလုပ်တာလည်း ၃ လကျော်လောက်ရှိနေပြီ။ ကိုဗစ်နဲ့ကတည်းက ရုံးမထုတ်တာလို့ပြောတယ်။ ဒီနေ့လည်း ရုံးချိန်းရှိလို့ မိသားစုဝင်တွေသွားကြတာ။ ရုံးမထုတ်ပြန်ဘူးတဲ့။ ရုံးမထုတ်ဘဲ ထောင်မှာနေနေရတော့ သူတို့အတွက် နစ်နာတယ်။ အပြစ်မရှိဘူးဆိုလည်း အမြန်ပြန်လွတ်စေချင်တယ်””ဟုပြောသည်။

၎င်းတို့ ၈ ဦးကို စွဲဆိုထားသည့် အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၂ (က) အမှုတို့မှာ စစ်တပ်ဖက်မှ တရားလိုက အမှုရုတ်သိမ်းလွှာတင်ထားသည့်အတွက် ရုံးထုတ်စစ်ဆေးမှုများကို ရပ်တန့်ထားခြင်းဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့်ရှေ့နေဒေါ်သန္တာဝင်းကပြောသည်။

“အမှုတွေကို တရားလိုဖက်က ရုတ်သိမ်းလွှာတင်ထားပြီ။ အဲ့တာကြောင့် ရုံးမထုတ်တော့တာပါ။ အထက်က အမှုရုတ်သိမ်းလွှာကျလာရင်တော့ သူတို့က ဒီအမှုကနေ လွတ်မြောက်ကြတော့မှာပါ”ဟုပြောသည်။

ယင်းပြင် ၎င်းတို့ ၈ ဦးထဲမှ မောင်မောင်ငယ်၊ ဦးမောင်လှမြင့်၊ ဦးအောင်တင်ရွှေ၊ မောင်စိုးလင်း၊ ဦးလှနုအောင်၊ ဦးစံလှမောင်တို့ ၆ ဦးမှာ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)၊ ၅၂ (က) အမှုမှာ စစ်တပ်ဘက်မှ တရားလိုက အမှုရုတ်သိမ်းလွှာတင်ထား၍ ပြန်လွတ်နိုင်ခြေရှိသော်လည်း ၎င်းတို့ကို ထပ်မံစွဲဆိုထားသည့် အကြမ်းဖက်မှု ဥပေဒပုဒ်မ ၅၀(က)နှင့် ၅၄ တို့မှာ အရပ်သားတရားလိုက အမှုရုတ်သိမ်းလွှာမတင်သည့်အတွက် အမှုဆက်လိုက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်မြသန္တာကပြောသည်။

“စစ်တပ်ဖက်က တရားလိုက ရုတ်သိမ်းလွှာတင်ပေမယ့် သူတို့ ၈ ဦးထဲမှာ ၆ ဦးက အရပ်သားတရားလိုက စွဲဆိုထားတဲ့ ၅၀(က)၊ ၅၄ အမှုရှိသေးတဲ့အတွက် သူတို့က တရားဆက်ရင်ဆိုင်ရမယ်။ တရားလိုကိုယ်တိုင် တရားရုံးကို အမှုရုတ်သိမ်းလွှာတင်မှပဲ သူတို့က လွတ်မြောက်မှာ။ လက်ရှိအချိန်ထိတော့တရားလိုက အမှုရုတ်သိမ်းလွှာမတင်သေးဘူး။ ဆိုတော့ သူတို့ ၈ ဦးထဲမှာ ၂ ဦးပဲလွတ်မယ်ပေါ့။ ကျန် ၆ ဦးကဆက်ပြီး တရားရင်ဆိုင်ရမှာ” ဟုပြောသည်။

ကပ်သပြေကျေးရွာသား ၈ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည် ဟူသော စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ကျေးရွာအနီး ဓညဝတီရေတပ်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဗိုလ်ကြီးလင်းမြတ်ကတရားလိုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀ (က)၊ ၅၀(ည)၊ ၅၂ (က)တို့ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းထဲမှ မောင်မောင်ငယ်၊ ဦးမောင်လှမြင့်၊ ဦးအောင်တင်ရွှေ၊ မောင်စိုးလင်း၊ ဦးလှနုအောင်၊ ဦးစံလှမောင် တို့ ၆ ဦးကို ကျောက်ဖြူမြို့နယ်၊ စိုင်ခုံကျေးရွာမှ ဒေါ်ခင်ခင်ဝင်းက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၄ တို့ဖြင့်ထပ်မံတရားစွဲထားခြင်းဖြစ်သည်။

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်