ဦးစိန်ချစ်
test1

ဦးစိန်ချစ်ကို သံတွဲရဲစခန်းတွင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထား


ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် သံတွဲမြို့နယ်ရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့်အမှုဖွင့်ထားကြောင်း တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

ဦးစိန်ချစ်ကို ယမန်နေ့ အောက်တိုဘာလ ၉ ရက် ညဉ့် ၁၀ နာရီအချိန်တွင် ရဲတပ်ဖွဲ့ဝင်များက ဒွါရာဝတီမြို့သစ်နေအိမ်မှ ဧည့်စာရင်းစစ်ဆေးမည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးစိန်ချစ်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် ၅၀(က)၊ ၅၂(က)တို့ဖြင့် စစ်တပ်အရာရှိတစ်ဦးက အမှုဖွင့်ထားကြောင်း သံတွဲရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက Western News ကိုပြောသည်။

“အဲဒီ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတာဟုတ်ပါတယ်။ တရားလိုက စစ်တပ်ကပါဗျ။ ကျနော်တို့ သူ့ကိုဆက်လက်စစ်ဆေး နေတုန်းဗျ”ဟုပြောသည်။

လက်ရှိတွင် ရမန်ယူရန်ဆောင်ရွက်နေပြီး အမှုဖွင့်ထားသည့် စစ်တပ်အရာရှိမှာ မည်သူမည်ဝါဖြစ်သည်ကို သူ့အနေဖြင့် မသိရှိကြောင်း အဆိုပါရဲအရာရှိက ဆက်ပြောသည်။

ဇနီးဖြစ်သူကမူ ဦးစိန်ချစ်ကို သံတွဲမြို့အခြေစိုက် ခလရ ၅၅ တပ်ရင်းမှ စစ်တပ်အရာရှိတစ်ဦးက အမှုဖွင့်ထားသည်ဟု ကြားသိရကြောင်း Western News ကိုပြောသည်။
“ကျမကတော့ ခလရ ၅၅ တပ်ရင်းက စစ်တပ်အရာရှိတစ်ယောက်က အမှုဖွင့်ထားတာလို့ကြားတယ်။ ရဲကပြောတာတော့ ညနေပိုင်းလောက်မှာ ရမန်ယူမယ်လို့သိရတယ်”ဟုပြောသည်။

ဦးစိန်ချစ်ကို ဖမ်းဆီးခဲ့ပြီးနောက် မိသားစုဝင်များနှင့် လုံးဝတွေ့ခွင့်မပေးဘဲ အဝတ်အထည်များနှင့် စားနပ်ရိက္ခာများကိုသာ ပေးခွင့်ရကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ဆက်ပြောသည်။

ဦးစိန်ချစ်သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ရခိုင့်ဦးဆောင်ပါတီ AFP ၏ သံတွဲမြို့နယ် ပြည်နယ် လွှတ်တော် အမှတ် ၂ မှ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကာ လက်ရှိတွင် ပရဟိတလုပ်ဆောင် နေသူတစ်ဦးလည်းဖြစ်သည်။


ဆက်စပ်စကားလုံများ : #AFP#လွတ်တော်အမတ်#သံတွဲ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်