ပလက်ဝ
test1

တရားရုံးက အပြစ်မရှိဟုဆိုကာ လွှတ်ပေးခဲ့သည့် ပလက်ဝဒေသခံ ၄ ဦးကို ရဲက ပြန်ဖမ်း


Western News

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ ပြန်လွှတ်ပေးခဲ့သည့် ပလက်ဝဒေသခံ ၄ ဦးကို ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးသွားသည်ဟု မိသားစုဝင်များကပြောသည်။

၎င်းတို့ ၄ ဦးကို ပလက်ဝမြို့အခြေစိုက် မြန်မာစစ်တပ် အရာရှိတစ်ဦးက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ စွဲဆိုထားသည့်အမှုကို ကျူးလွန်ခြင်းမရှိသည့်အတွက် အောက်တိုဘာ ၁၂ ရက်တွင် အပြီးသတ်လွတ်မြောက်သွားသူများဖြစ်သည်ဟု ပလက်ဝမြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက Western News ကို ပြောဆိုထားသည်။

ပြန်လည်ဖမ်းဆီးခံရသူများမှာ ကိုအိုက်ထွန်းမင်း(ကုမ္ပဏီ)၊ ကိုထွန်းမင်း(အဆိုတော်)၊ ကိုထွန်းမင်း(သစ်တော) နှင့် ကိုအောင်ထွန်းစိုးတို့ဖြစ်ကြသည်။

၄င်းတို့ ၄ ဦးကို ယနေ့အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်တွင်ရဲတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြို့နယ်ရဲမှူးကတွေ့ချင်သည်ဟုဆိုကာ ခေါ်ယူခဲ့ပြီးနောက် အချုပ်ခန်းထဲတွင် ချုပ်နှောင်ထားသည်ဟု ကိုအိုက်ထွန်းမင်း၏ဖခင် ဦးချစ်ထွန်းက Western News ကို ယနေ့ ည ၄ နာရီအချိန်ခန့်တွင်ပြောသည်။

“ပြန်ပြီးဖမ်းဆီးထားတာဟုတ်ပါတယ်။ ၄ ယောက်လုံးကိုဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းတာဆိုတာတော့ မသိရသေးဘူး။ နံနက် ၉ နာရီလောက်မှာ ရဲမြို့နယ်မှူးက ခေါ်ခိုင်းတယ်ဆိုပြီးလာခေါ်သွားတာ။ စခန်းရောက်တော့ တခါတည်း အချုပ်ထဲထည့်လိုက်တာပါ”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပလက်ဝမြို့နယ်မှူး ရဲမှူး ထွန်းကိုကိုလတ်အား Western News က ဆက်သွယ်ရာတွင် ၄င်းတို့ ၄ ဦးပြန်လည်ဖမ်းဆီးခံရခြင်းကို သူ့အနေဖြင့်မသိရှိကြောင်းပြောဆိုသည်။

“သေချာမေးကြည့်ပါအုံးမယ်။ ကျနော်လည်းသေချာမသိဘူး။ လိုအပ်တဲ့အချိန်မှာ ကျနော်သတင်းထုတ်ပြန်ပေးပါ့မယ်”ဟုပြောသည်။


ပြန်လည်ဖမ်းဆီးခံရသူ ၄ ဦးမှာ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ပလက်ဝမြို့ မြန်မာ့စီးပွားရေးဘဏ်ရှေ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးပေါက်ကွဲမှုဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဗုံးပေါက်ကွဲပြီးနောက် ၎င်းတို့ ၄ ဦးနှင့်အတူ ဦးရာကျော် ဆိုသူကိုလည်း ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့မ ရဲစခန်းကို ပို့ဆောင်ခဲ့သည်။ ယင်းနောက် ဇူလိုင်လ ၁၁ ရက်နေ့တွင် ဦးရာကျော်ကို စစ်တွေမြို့မရဲစခန်းမှ ပလက်ဝမြို့မရဲစခန်းသို့ ပြန်လည်ယူဆောင်ခဲ့ပြီး ၎င်းကိုအပြစ်မရှိဟုဆိုကာ စက်တင်ဘာ ၂၂ ရက်နေ့ ပလက်ဝရဲစခန်းက ပြန်လည်လွှတ်ပေးခဲ့သည်။

Western News- WN
ဓာတ်ပုံ- ခူမီး မီဒီယာ


ဆက်စပ်စကားလုံများ : #ပလက်ဝ
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်