ရခိုင်
test1

ရခိုင် ပြည်တော်ပြန်များ စီးနင်းလိုက်ပါလာသည့် ကားတစ်စီး တိမ်းမှောက်၊ ၁၀ ဦး ဒဏ်ရာရ ၃ ဦးပြင်းထန်


Western News

ထိုင်းနိုင်ငံမှ ရခိုင်သို့ပြန်လာသည့် ပြည်တော်ပြန်များစီးနင်းလိုက်ပါလာသည့် ခရီးသည်တင်ကားတစ်စီးမှာ မြဝတီနှင့် ကော့ကရိတ်မြို့ကြားတွင် ဘရိတ်ပေါက်ကာ တိမ်းမှောက်၍ ကားပေါ် ပါလာသူ ၂၂ ဦးအနက်မှ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ပြည်တော်ပြန်များစီးနင်းလိုက်ပါလာသည့် အဆိုပါ ငြိမ်းချမ်းခရီးသည်တင်ကားမှာ အောက်တိုဘာ ၁၃ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်တွင် မြဝတီနှင့် ကော့ကရိတ်မြို့ကြားအရောက် အာရှလမ်း၊ နတ်စင်ကွေ့အနားတွင် ဘရိတ်ပေါက်ကာ တောင်ကမ်းပါးကို တိုက်မိပြီး တိမ်းမှောက်သွားခြင်းဖြစ်သည်ဟု မြဝတီမြို့ သင်္ကန်းညီနောင်- မြို့သစ်၊ လူမှုကူညီရေးအဖွဲ့ ဥက္ကဌ ကို စိုးမိုးထွန်းက Western News ကိုပြောသည်။

“အမျိုးသား ၇ ယောက်၊ အမျိုးသမီး ၃ ယောက်က ဒဏ်ရာရတယ်။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာနည်းနည်းလေးပဲ။ သူတို့က ထိုင်းက ပြန်လာကြတာလို့သိရတယ်။ အကုန်လုံးက ရခိုင်တွေပါပဲ။ ကားက ဘရိတ်ပေါက်ပြီးတော့ တောင်ဘယံကို တိုက်မိသွားတာ” ဟုပြောသည်။

အဆိုပါ ဒဏ်ရာရရှိသွားသူများကို မြဝတီမြို့ သင်္ကန်းညီနောင်- မြို့သစ်၊ လူမှုကူညီရေးအဖွဲ့ကားဖြင့် ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ကားပေါ်ပါလာသူများ၏ နေထိုင်ရာဇာတိကို သူတို့အနေဖြင့် မသိရှိဟုဆိုသည်။

ကော့ကရိတ်အခြေစိုက် ပုလဲဖြူလူမှုကူညီရေးအသင်းအားဆက်လက်မေးမြန်းရာတွင် ဒဏ်ရာပြင်းထန်သူ ၃ ဦး၏ နာမည်ကိုသာရပြီး နေထိုင်ရာဇာတိကို မသိဟု အသင်းဥက္ကဥ ကိုလှရွှေက ဆက်ပြောသည်။

“သူတို့ရဲ့ ဇာတိကိုတော့ မသိဘူး။ ဒါပေမယ့် ဒဏ်ရာပြင်းထန်သူ ၃ ဦးရဲ့နာမည်ကိုတော့ရတယ်။ သူတို့ကတော့ စိုးရိမ်ရတယ်။ သူတို့မှာက ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေကြီးပဲ” ဟုပြောသည်။

စိုးရိမ်ရသူ ၃ ဦးမှာ ဦးစိုးနိုင် အသက်(၄၆) နှစ်၊ ဒေါ် ဦးဝေမာ (၄၃)နှစ်၊ ဒေါ်ခိုင်နွယ်ဆန်း (၂၂) တို့ဖြစ်ပြီး ဒဏ်ရာရရှိသူများနှင့် ကားပေါ်ပါလာသူ ၂၂ ယောက်လုံးကို ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ကိုလှရွှေက ဆက်ပြောသည်။

Western News -WN
ဓာတျပုံ- သင်္ဃန်းညီနောင်မြို့သစ်လူမှုကူညီရေးအဖွဲ့


ဆက်စပ်စကားလုံများ : #ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်