Mobile Banking စနစ်ဖြင့်ငွေထုတ်ယူရာတွင် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိပေးဆောင်နေရ


Western News – အောက်တိုဘာ၊ ၁၈ ရက်

မြန်မာနိုင်ငံတွင် K pay ၊ Wave Money နှင့် တစ်ခြား Mobile Banking များမှ ငွေထုတ်ယူကြသည့်အခါ ငွေထုတ်ယူခအနေဖြင့် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်၍ ငွေထုတ်ယူနေကြရသည်။

ယခုကဲ့သို့ ငွေထုတ်ယူနေကြရသည်မှာ ဖေဖော်ဝါရီလဆန်းလောက်မှစ၍ ဖြစ်ပေါ်နေသည့် ဘဏ်အခက်ခဲများကြောင့် ငွေထုတ်ယူရာတွင် ရာခိုင်နှုန်းအချိုးအစားအမျိုးမျိုးဖြင့် ငွေထုတ်ယူနေကြရခြင်းဖြစ်ပြီး ယခုအချိန်အရ ၁၀ လနီးပါးခန့်ရှိလာပြီဖြစ်သည်။

ရာခိုင်နှုန်းပေးဆောင်ရာတွင် နေရာနှင့် ဆိုင်အလိုက်ကွဲပြားမှုရှိပြီး တစ်ချို့နေရာများတွင်ဆိုလျှင် ၁၀ ရာခိုင် နှုန်းအထိပေးဆောင်ရသည်များရှိသည်ဟု စစ်တွေမြို့တွင် အလုပ်လုပ်ကိုင်ရင်းနေထိုင်နေသည့် ကိုဇာနေစိုးမှ ပြောသည်။

“ကျနော်က နယ်ဘက်တွေနဲ့အမြဲ ပိုက်ဆံအလွှဲအပို့လုပ်ရတာတွေရှိတယ်။ အမြဲတမ်း ရာခိုင်နှုန်းတွေအဖြတ်ခံနေရ တာကြာတော့ ဝင်ငွေပိုင်းကထိခိုက်လာတယ်။ ငွေပမာဏ နည်းရင်မသိသာပေမယ့် များရင်တော့တော်တော် နှမြောရတယ်။ အဲဒီရာခိုင်နှုန်းတွေက ကိုယ့်ထဲကစိုက်ထုတ်ပေးရတာလေ။ တစ်ချို့နေရာတွေက ၂ ရာခိုင်နှုန်း လောက်ပဲပေးရပေမယ့် တစ်ချို့နေရာတွေမှာကျတော့ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းထိပေးရတာရှိတယ်” ဟုပြောသည်။‌

ငွေလွှဲရာတွင် ပေးရသည့် ငွေပမာဏထက် ထုတ်ယူရာတွင် ငွေပိုပေးဆောင်နေရသည့်အပြင် တစ်ချို့နေရာများ တွင် Wave Money မှ ငွေထုတ်ယူမည့်နေရာ လွယ်ကူစွာရှာမတွေ့ဟု ကျောက်တော်မြို့မှ မနွယ်လှိုင် ကပြောသည်။

“အခုငွေလွှဲငွေထုတ်လုပ်ရတာက နှစ်ခါနစ်နာတယ်။ ထုတ်ရင်လည်းပေး၊ လွှဲရင်လည်းပေးနေရတာဆိုတော့လေ။ ပြီးတော့ ရာခိုင်နှုန်းတွေပေးပြီးတော့ ထုတ်ဖို့ကိုတောင်မှ ထုတ်လို့ရမယ့်နေရာက တော်ရုံရှာမတွေ့ဘူး။ အရင်က Wave Money နဲ့ဆိုငွေလွှဲငွေထုတ်က ဘယ်နေရာဖြစ်ဖြစ်အဆင်ပြေပေမယ့် ခုကအခက်ခဲတွေကြောင့် မလုပ် တော့တဲ့ဆိုင်တွေရှိတယ်” ဟုပြောသည်။

ယခင်ငွေလွှဲငွေထုတ်ပြုလုပ်မှုများကို ဘဏ်များတွင်လွယ်ကူစွာပြုလုပ်၍ ရသော်လည်း ယခုအခါ ငွေထုတ်ယူသည့်အခါ ကြိုတင်ယူထားသည့် လက်မှတ်များနှင့်တန်းစီရပြီး လိုအပ်သလောက်ထုတ်ယူ၍မရပဲ အကန့်သတ်ဖြင့်သာ ထုတ်ယူကြရသည့်အတွက် Mobile Banking များကိုအသုံးပြုမှုပိုများလာကြသည်။

Wave Money နှင့် K pay မှာ တစ်ခြား Mobile Banking များထက်အသုံးပြုမှုပိုများပြီး Wave Money မှာ တယ်လီနော၊ ရိုးမဘဏ်နှင့် First Myanmar Investment တို့ပူးပေါင်းတည်ထောင်ထားသည့် ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ကာ K pay မှာ KBZ ဘဏ်၏ သုံးစွဲသူဝန်ဆောင်မှုတစ်ခုဖြစ်သည်။

လက်ရှိတွင် ၎င်းတို့နှင့်ဆက်စပ်သည့် ဘဏ်လုပ်ငန်းများ၏ ငွေကြေးလည်ပတ်မှုဆိုင်ရာ အကျပ်အတည်းများ ကြောင့် ငွေထုတ်ယူရာတွင် အခက်ခဲဖြစ်နေကြရခြင်းဖြစ်သည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်