Arakan army
test1

စစ်တပ်ဘက်မှ AA နယ်မြေသို့ ဝင်ရောက်လာသော်လည်း စစ်တပ်မှ ပြန်လည်ဆုတ်ခွာခဲ့ရ


Western News – အောက်တိုဘာ၊ ၂၈ ရက်

ရခိုင်ပြည်နယ် မင်းပြားမြို့နှင့် ၅ မိုင်ခန့်အကွာ ချော်ချောင်းကျေးရွာအနီး AA နယ်မြေအနီးသို့ စစ်တပ်မှ ဝင်လာရန်ပြုလုပ်ခဲ့ရာ ဝင်ရောက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု အနီးအနားရှိကျေးရွာဒေသခံများကပြောသည်။

စစ်တပ်မှ ဝင်ရောက်လာမှုတွင် တင်းမာမှုဖြစ်မည်ကိုစိုးရိမ်သောကြောင့် နှစ်ဖက်လုံးအားညှိနှိုင်းပြီး ပြောဆိုခဲ့ရကာ နှစ်ဦးနှစ်ဖက်ထိတွေ့မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ချော်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိန် မှပြောသည်။

“စစ်တပ်ကဝင်လာတယ်။ ဟိုဖက်ကလည်း ရှေ့တိုးလာရင် ရွာနားမှာဖြစ်လိမ့်မယ်လို့ပြောတော့။ ကျနော်တို့ကပဲ နှစ်ဖက်လုံးကို ညှိနှိုင်းတောင်းပန်ပြီးပြောဆိုခဲ့ရတယ်။ စစ်တပ်ကတော့ပြန်ဆုတ်သွားတယ်” ဟုပြောသည်။

လက်ရှိတွင် အဆိုပါစစ်တပ်မှာ ဖလောင်းပြင်ကျေးရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲလျက်ရှိပြီး လူအင်အား ၆၀ ကျော်ခန့်ပါရှိသည်ဟု ဖလောင်းပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသိန်းမောင် ကပြောသည်။

“နှစ်ဖွဲ့ကထိပ်တိုက်တွေ့ခဲ့တာမျိုးမဟုတ်ပါဘူး။ ပြည်သူလူထုတွေကလည်း အရင်တုန်းကဖြစ်ပျက်ခဲ့တာတွေရှိ တော့စိုးရိမ်မှုတွေများကြတယ်လေ။ အဲ့ဒီတပ်ကတော့ ခုကျနော်တို့ရွာရဲ့ဘုန်းကြီးကျောင်းမှာ တပ်စွဲနေနေကြ တယ်။ လူအင်အားကတော့ ၆၂ ယောက်၊ ၆၃ ယောက်လောက်တော့မြင်တယ်” ဟုပြောသည်။

၎င်းစစ်တပ်မှာ မင်းပြားမြို့ ခမရ ၅၄၁ တပ်ရင်းမှဖြစ်ပြီး နံနက်ပိုင်းအချိန်ခန့်တွင် ကြပ်စင်တံတားအနီးအထိ ကားများဖြင့် လာရောက်ကြခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှသိန်းအောင်အား မေးမြန်းကြည့်ရာ စစ်တပ်မှ AA သတ်မှတ်နယ်မြေနားသို့ရောက်ရှိလာပြီး စစ်တပ်ဖက်မှပြန်ဆုတ်ခွာခဲ့သည်ဟု ကြားသိရကြောင်း ပြောသည်။

“မင်းပြားဘက်ကနေ စစ်ကားတွေကတော့မနက်တိုင်းထွက်တယ်။ သူတို့က ဖလောင်းပြင်ဘက်တွေကိုသွားတော့ အဲမှာ ဖြစ်ကြတာတွေတော့ကြားမိပါတယ်။ ဒါပေမယ့်ပစ်ခတ်ကြတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ AA ဖက်ကသူတို့နယ် မြေလို့ သတ်မှတ်ထားတဲ့ နေရာတွေနားထိ သူတို့ရောက်သွားတယ်။ စစ်တပ်ကတော့ပြန်ဆုတ်လာတယ်လို့ ကြားပါတယ်” ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူအား Western News က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော် AA နှင့် မြန်မာစစ်တပ်တို့ကြား၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းမရှိသည်မှာ ၁ နှစ်ခန့်ရှိနေပြီးဖြစ်ပြီး စစ်ပွဲကာလတွင်းအဖြစ်ပျက်များပြန်လည်ခံစားရမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်