Plawat, WESTERN NEWS
test1

ပလက်ဝတွင် မိုင်းရှင်းလင်းမှုမရှိဘဲ စစ်ဘေးရှောင်များနေရပ်ပြန်ရ


Western News – အောက်တိုဘာ၊ ၂၉ ရက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ စစ်ရှောင်စခန်းများမှ စစ်ဘေးရှောင်များမှာ မိုင်းရှင်းလင်းမှုမပြုလုပ်ရသေးဘဲ နေရပ်သို့ပြန်ကြရသည်ဟု ပလက်ဝရှိ စစ်ဘေးရှောင်များမှပြောသည်။

လက်ရှိတွင် ပလက်ဝမှ ရွာ ၉ ရွာခန့်နေရပ်ပြန်သွားကြပြီဖြစ်ကာ နေအိမ်ပျက်စီးသူများနှင့် ပြုပြင်ရန်လိုအပ်သူများ ကိုထောက်ပံ့ငွေများပေးပြီး ရွာအနီးအနားကိုမူ မိုင်းရှင်းလင်းပေးမှုမရှိဟု ဘောလုံးကွင်းစစ်ဘေးရှောင် စခန်းမှ စစ်ဘေးရှောင်တာဝန်ခံ ဦးရဲဒက်မောင် ကပြောသည်။

“အခုက ရွာ ၉ ရွာကလူတွေပြန်သွားပြီ။ ရွာတွေကတော့ စိမ့်စမ်းဝ၊ ငပွေ၊ ပင်ဝ၊ ဆီးဖလောင်း၊ အင်ခိုးဝ၊ တမန်းသား၊ သဲမဝ၊ မီးလက်ဝအောက်ရွာ၊ ပြီးတော့ ပလက်ချောင်းဝ အဲဒီရွာတွေကအကုန်ပြန်သွားကြရပြီ။ ထောက်ပံ့ငွေက တော့ ပျက်စီးနေတဲ့အိမ်တွေဆို ၅၈၃၀၀၀ ရတယ်။ ပြုပြင်ရမယ့် အိမ်တွေဆိုတော့ ၃၈၃၀၀၀ ရတယ်။ ရွာအနီးနား မှာမိုင်းရှင်းလင်းပေးတာမျိုးတော့မရှိဘူး။ ဒီအတိုင်းပြန်သွားကြရတာ အနားမှာလည်း တပ်စွဲထားတဲ့နေရာတွေရှိ သေးတယ်” ဟုပြောသည်။

ဘောလုံးကွင်းစခန်းတွင် ယခင်စစ်ရှောင်အိမ်ထောင်စု ၃၁၉ စုရှိရာ တစ်ချို့နေရပ်ပြန်သွားသည့် အတွက် လက်ရှိ အိမ် ထောင်စု ၂၀၀ ကျော်လောက်ရှိပြီး ကျန်သည့်သူများလည်း ထောက်ပံ့ငွေရလျှင် နေရပ်ပြန်ကြရမည် ဖြစ်သည် ဟု သူကဆက်ပြောသည်။

နေရပ်ပြန်ကြရာတွင် မိုင်းရှင်းလင်းမှုမရှိသည့်အတွက် ရွာတွင်နေထိုင်ပြီး ရှာဖွေစားသောက်ရမည့်ပိုင်းတွင် စိုးရိမ် ဖွယ်ရာဖြစ်နေရကာ စားရေးရိက္ခာအတွက်လည်း ထောက်ပံ့မှုများမရှိဟု စိုက်ပျိုးရေးစစ်ရှောင်စခန်းမှ ဦးစိန်ရွှေမောင် ကပြောသည်။

“စားနပ်ရိက္ခာပိုင်းက ၁၁ လပိုင်း ၂၀ နေ့အထိ ရမယ်လို့ပြောတယ်။ အဲဒါကုန်ရင်တော့ နောက်ထပ်မရတော့ဘူး။ ရွာပြန်ရတယ်ဆိုပေမယ့် မိုင်းလည်းရှင်းမထားတော့ ရှာဖွေစားသောက်နေထိုင်ရမှာကိုက စိုးရိမ်စရာဖြစ်နေရတယ်။ သူတို့ထောက်ပံ့မှုကလည်း ၁၁ လပိုင်းထိပဲဆိုတော့ ကျန်တဲ့ အချိန်တွေက နေရပ်ပြန်သူတွေအတွက် ခက်ခဲမှာသေ ချာပါပဲ” ဟုပြောသည်။

စစ်ဘေးရှောင်များနေရပ်ပြန်မည်ဆိုလျှင် ကျေးရွားများအားမိုင်းရှင်းလင်းပြီးမှ ပြန်လွှတ်မည်ဟု ရခိုင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အောက်တိုဘာလ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုမှုရှိခဲ့သည်။

ပလက်ဝတွင် အထက၊ ဝိသုဒါရုံ၊ ဘောလုံးကွင်း၊ စိုက်ပျိုးရေး၊ အာစီ ဟူ၍ စစ်ဘေးရှောင်စခန်း ၅ ခုရှိပြီး စခန်းတစ်ခု ချင်းစီတွင် နေရပ်ပြန်ရမည့်ရွာများမှ ရွာသားများအားလုံး နေရပ်ပြန်သွားကြပြီဖြစ်ကာ ကျန်လူများမှာလည်း ထောက်ပံ့ငွေများရလျှင် ပြန်ကြရမည်ဖြစ်သည်ဟု စစ်ရှောင်များကပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စစ်ဘေး#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်