ရခိုင်စိုက်ပျိုးရေး
test1

စက်သုံးဆီနှင့် မြေသြဇာစျေးနှုန်းများ အဆမတန်မြင့်တက်မှုကြောင့် ဆောင်းသီးနှံ စိုက်ပျိုးသူများကို အရှုံး ပေါ်မည်ကိုစိုးရိမ်နေကြ


Western News – အောက်တိုဘာ ၂၈ရက်

ရခိုင်ပြည်တွင် ယခုနှစ် ဆောင်းသီးနှင်စိုက်ပျိုးချိန်တွင် မြေသြဇာစျေးနှင့်စက်သုံးဆီစျေးနှုန်းမြင့်တက်မှုတို့ကြောင့်  ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ အရှုံးပေါ်မည် စိုးရိမ်နေကြသည်။

ယခင်နှစ်က စက်သုံးစီ တစ်ဘီဘာ( ၂၅ ဂါလံ) လျှင် ၁သိန်းကျော်အထိသာရှိသော်လည်း ယခုနှစ်စိုက်ပျိုး ရာသီ တွင် ၃ သိန်း ကျော်အထိစျေးမြင့်တက်နေသလို မြေသြဇာစျေးနှုန်းမှာလည်း ယခင် ၂၅၀၀၀ ကျပ်မှ လက်ရှိ ၇၀၀၀၀ ကျပ် အထိစျေးနှုန်းများမြင့်တက်နေသည့်အတွက် ဆောင်းသီးနှံစိုက်ပျိုးသူများမှာ အရှုံးပေါ်မည်ကို စိုးရိမ်နေ ကြခြင်းဖြစ်သည်။

ယင်းသို့ မြေဆီစျေးနှုန်းများ၊ စက်သုံးဆီစျေးနှုန်းများမြင့်တက်မှုတို့ကြောင့် ငွေကြေးကုန်ကျမှုမတတ်နိုင်သည့် အတွက် ယခင်နှစ်ကစိုက်ပျိုးခဲ့သည့် ပမာဏ၏ တစ်ဝက်ခန့်သာစိုက်ပျိုးနိုင်တော့မည်ဖြစ်ကြာင်း မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာမှ ဆောင်းသီးနှံစိုက်ပျိုးသူ ကိုခိုင်မောင်လွင်ကပြောသည်။

“စက်သုံးဆီစျေးနှုန်းတွေနဲ့ မြေဆီစျေးနှုန်းတွေ အရမ်းကိုမြင့်တက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကထက် ၂ ဆ ၃ ဆလောက်မြင့်နေတော့ ကျွန်တော်တို့မှာ ငွေးကြေးတွေအဲ့လောက်ထိ မတတ်နိုင်ကြဘူးလေ။ သီးနှံထွက်ရင် လည်း စျေးကောင်းမရတာလည်းပါပါတယ်။ အရင်နှစ်တွေက ၁ ဧကစိုက်ရင် ဒီနှစ် ဧကဝက်လောက်ပဲစိုက်ပျိုး နိုင်တော့မယ်”ဟုပြောသည်။

ရခိုင်ပျိုးစိုက်ခင်း

ယင်းပြင် ဆောင်းသီးနှံစိုက်ပျိုးသည့် မြေကွက်တွင် မိုးစပါးစိုက်ပျိုးလျှင်လည်း သီးနှံစိုက်ပျိုးသည့်အခါ မြေသြဇာ အများအသုံးပြုရသည့်အတွက်ကြောင့် ဆောင်းသီးနှံနှင့် နွေစပါးကို မြေကွက်သီးခြားစီစိုက်ပျိုးရသည်ဟု ၎င်းက ဆက်ပြောသည်။

ဆောင်းသီးနှံစိုက်ပျိုးထားသည့်အချိန်အတွင်း ရာသီဥတုမမှန်ပြန်လျှင် အပင်များသေဆုံးသွားသဖြင့် တစ်ဖန် ပြန်လည်စိုက်ပျိုးရကြောင်း စိုက်ပျိုးချိန်နောက်ကျသည့်အခါတွင်လည်း အသီးပေါ်ချိန်မမှီတော့သဖြင့် စျေးမရ သည့်အခါ အရှုံးနှင့်ရင်ဆိုင်ရသည်ဟု မင်းပြားမြို့သင်းခုံမော်ကျေးရွာမှ ကိုအောင်တင်ဝင်းကပြောသည်။

“ဆောင်းသီးနှံတွေစိုက်ထားတုန်း ရာသီကဥမမှန်ရင်လည်း အပင်တွေသေသွားတာတွေရှိပါတယ်။ ပြန်စိုက်ရင် လည်းအသီးပေါ်ချိန် စျေးကောင်းရချိန်ကို မမှီတော့ဘူး။ အဲ့လိုဖြစ်တော့ အရှုံးပေါ်ကြပါတယ်။ ပြည်မဖက်က လူတွေမှာဆိုရင် အပင်မသေအောင်အတွက် ဆေးသုံးကြတာတွေရှိပါတယ်။ ကျွန်တို့တော်က စိုက်ပျိုးရေးနဲ့ ပတ်သတ်ပြီး ဆေးတွေလည်း သိပ်မသိပါဘူး။ မိရိုးဖလာအတိုင်းပဲ အရှုံးပေါ်လည်းလုပ်ကြရပါတယ်။ စိုက် ပျိုးရေးနဲ့ နည်းပညာတွေပေးရင်တော့ ကောင်းတာပေါ့”ဟုပြောသည်။

ဆောင်းသီးနှံကို သီးတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး တန်ဆောင်မုန်းလပြည့်ကျော်ခန့် ဟင်းသီး၊ ဟင်းရွက် ပေါ်ချိန်တွင် စျေးကောင်းရရှိပြီး နောက်ပိုင်းပေါများလာချိန်တွင် ဖြစ်စလောက်သာရရှိတော့ကြောင်း မြောက်ဦး မြို့နယ် ဆင်အိုးချေ ကျေးရွာမှ ဆောင်းသီးနှံစိုက်ပျိးသူတစ်ဦးကပြောသည်။

“ကျွန်တော်တို့ဖက်မှာတော့ ကော်ဖီရယ်၊ပြောင်းဖူးရယ်၊ ဖရဲသီးရယ်၊ ပြီးတော့ ပဲသီးတွေအစိုက်များကြတယ်။ အသီးတွေက ပေါ်ဦးစပဲစျေးကောင်းရတာပါ။ ပေါ်ဦးစ ဟင်းတစ်မျိုး ၁ ပိဿာကို ၂၀၀၀ ရရင် နောက်ပိုင်း ကျရင် ၂၀၀ကျပ်၊ ၁၅၀ကျပ်ကနေ ၁၀၀ကျပ်၊၅၀ကျပ်ထိပဲရတဲ့အခါရှိတယ်။ ဒီနှစ်ဆိုအကုန်စျေးတက်နေတာနဲ့ ကျွန်တော်တို့ ဘယ်လိုဖြစ်မလဲတောင်မတွေးရဲသေးဘူး”ဟုပြောသည်။

ရခိုင်ပျိုးစိုက်ခင်း

ရခိုင်ပြည်နယ်တွင် ဆောင်းသီးနှံကိုသာ အဓိကစိုက်ပျိုးသည့်အတွက် မိုးရာသီနှင့်နွေရာသီတွင် ပြည်မဖက်မှ လာသည့် ဟင်းသီး၊ ဟင်းရွက်များကို စျေးကြီးပေးကာဝယ်စားကြရသည်။ ရခိုင်ပြည်ထွက် ဆောင်းသီးနှံကိုမူ သယ်ယူစရိတ်အကုန်အကျများသည့်အတွက် ပြည်မဖက်ကိုတင်ပို့မှုမရှိကြောင်း ရခိုင်ပြည်နယ် တောင်သူ လယ်သမားသမဂ္ဂဥက္ကဌ ဦးအောင်ကျော်ဇံကပြောသည်။

ရခိုင်ပြည်နယ်တွင် ဆောင်းသီးနှံများကို မြောက်ဦး၊ မင်းပြား၊ ကျောက်တော် အဆိုပါ ၃ မြို့နယ်တွင် အများဆုံး စိုက်ပျိုးကြပြီး ကျန်မြို့နယ်များတွင် တစ်ပိုင်တစ်နိုင်စားသောက်ရန်အတွက် အနည်းငယ်သာစိုက်ပျိုးမှုရှိသည်။

ကျောက်တော်မြို့နယ် ရှိကုလားတန်မြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင် မြေပဲနှင့် ဖရဲသီးကို အဓိကစိုက်ပျိုး ကြသလို မင်းပြားမြို့နယ်လေးမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင် ခရမ်းသီး၊ ပဲသီး၊ ငရုပ်သီးတို့ကို အဓိက စိုက်ပျိုး ကြပြီး မြောက်ဦးမြို့နယ်ရှိ လေးမြို့မြစ်ကြောင်းတစ်လျှောက်တွင် ကော်ဖီ၊ခရမ်းသီး၊ပြောင်းဖူး များအပါအဝင် တစ်ခြားသီးနှံများလည်းစိုက်ပျိုးကြသည်။

Western News- WN


ဆက်စပ်စကားလုံများ : #စီးပွားရေး#ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်