Myanmar army
test1

ပလက်ဝတွင် တပ်ထောက်ခံပွဲလုပ်ရာတွင် ပြည်သူများပူးပေါင်းပါဝင်ရန် ဆော်ဩခိုင်းထား


Western News- အောက်တိုဘာ ၂၉ ရက်

ချင်းပြည်နယ်၊ မတူပီခရိုင် ပလက်ဝမြို့ တပ်ထောက်ခံပွဲလုပ်ရန်အတွက် မြို့ပေါ်ရပ်ကွက်အုပ်ချူပ်ရေးမှူးများထံ ပြည်သူများပူးပေါင်းပါဝင်ပေးဖို့ မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် တပ်မ ၁၁ မှ တပ်မမှူး၊ မြို့နယ်ရဲမှူးတို့က ဆော်ဩခိုင်းထားသည်ဟု ပလက်ဝမြို့ရပ်ကွက်အုပ်ချုပ်ရေးမှူများကပြောသည်။

တပ်မတော်ထောက်ခံပွဲလုပ်ရာတွင် ပြည်သူများပူးပေါင်းပါဝင်လာအောင် ရပ်ကွက်အုပ်ချူပ်ရေးမှူးများကို ဆော်ဩပေးဖို့အတွက် အောက်တိုဘာ ၂၈ ရက်နေ့က မြို့နယ်အုပ်ချူပ်ရေးမှူး၊ တပ်မမှူးစိုးမင်းနှင့်မြို့နယ်ရဲမှူးက ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ပလက်ဝမြို့ ရပ်ကွက်အုပ်ချူးရေးမှူးတစ်ဦးက Western News ကိုပြောသည်။

“တပ်ထောက်ခံပွဲမှာ ပြည်သူတွေပူးပေါင်းပါဝင်လာအောင် ဆော်ဩခိုင်းထားတာတော့ရှိတယ်။ ပြောတာကတော့ မနေ့ကပေါ့။ မြို့နယ်အုပ်ချူပ်ရေးမှူး၊ တပ်မ ၁၁ မှ တပ်မမှူးနဲ့ မြို့နယ်ရဲမှူး ၃ ယောက်လုံးကပြောတာ”ဟုပြောသည်။

အောက်တိုဘာ ၂၈ ရက်နေ့ကပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များနှင့်တွေ့ဆုံရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် တပ်မမှူးစိုးမင်း၊ မြို့နယ်ရဲမှူးတို့က ပြောဆိုခဲ့သည်ဟုဆိုသည်။

စစ်တပ်ထောက်ခံပွဲတွင် ဌာနဆိုင်ရာဝန်ထမ်းများပါလာနိုင်ပြီး ရပ်ကွက်နေ ပြည်သူလူထုများလည်း ပူးပေါင်းလာဝင်ဖို့ ရပ်ကွက်အုပ်ချူပ်ရေးမှူးများကို ကြေငြာခိုင်းထားသည်ဟု အမည်မဖော်လိုသည့် နောက်ထပ်ပလက်ဝမြို့ရက်ကွက်အုပ်ချူပ်ရေးမှူးတစ်ဦးပြောသည်။

“ပြည်သူတွေပူးပေါင်းပါဝင်ပေးဖို့အတွက် ကျွန်တော်တို့ မြို့ပေါ်က အုပ်ချူပ်ရေးမှူးတွေကို ထွေအုပ်နဲ့ ရဲတို့ကတိုင်ပင်ထားတာတွေရှိတယ်။ တစ်ရပ်ကွက်လူဘယ်နှစ်ယောက် ပါရမယ်လို့တော့မပြောဘူး။ ဌာနဆိုင်ရာလူတွေက ပါနိုင်သလို ရပ်ကွက်နေပြည်သူတွေပါလာအောင် နည်းနည်းလှုံဆော်ခိုင်းတဲ့သဘော”ဟုပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်အား Western News မှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပါ။

အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ပလက်ဝမြို့နယ်ရဲမှူးထွန်းကိုကိုလတ်အား ဆက်သွယ်မေးမြန်းသောအခါ တပ်ထောက်ခံပွဲရှိခြင်းနှင့်ပတ်သက်ပြီးသတင်းမကြားမိသလို ရဲကဆော်ဩခိုင်းထားခြင်းလည်းမရှိဟု Western News ကိုပြောသည်။

နိုဝင်ဘာ ၁ ရက်နေ့တွင် ပလက်ဝမြို့၌ တပ်မတော်ထောက်ခံပွဲလုပ်ရန်ရှိသည်ဟု ဒေသခံများထံမှသိရသည်။

Western News-WN

ဓာတ်ပုံ- Chin Human Rights Organization


ဆက်စပ်စကားလုံများ : #ပလက်ဝ#မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်