test1

သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း ၆၈ ရာနှုန်းပြီးစီး


Western News – ခိုင်ဇော်ထွန်း
ဇန်နဝါရီ ၁ ရက် 

၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် သံတွဲမြို့နယ်ရှိ သူဌေးချောင်းရေအားလျှပ် စစ်စီမံကိန်းသည် ယခုအချိန်တွင် ၆၈ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကာ စီမံကိန်းပြီးစီးခဲ့လျှင် ထွက်ရှိမည့်ဓာတ် အားများကို ရခိုင်ပြည်နယ်တွင်သုံးစွဲ သွားမည်ဖြစ်ကြောင်းသိရသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းပြီးစီးလျှင် လျှပ်စစ်ဓာတ်အား ၁၁၁ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ စီမံကိန်းမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို ရခိုင်ပြည်နယ်အတွင်းအသုံးပြုမည်ဖြစ်ကြောင်း သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းတာဝန်ရှိသူတစ်ဦးက Western News ကိုပြောသည်။

ထွက်ရှိမည့်ဓာတ်အားကတော့ ၁၁၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်တယ်။ ထွက်ရှိမည့် ဓာတ်အားတွေကိုတော့ ရခိုင်ပြည်နယ်မှာ သုံးစွဲမှာ ဖြစ်တယ်။ ဓာတ်အားကတော့ပိုလျှံမည်ထင်တယ်။ ပိုလျှံတဲ့ဟာတွေကိုတော့ မဟာဓာတ်အားလိုင်းကိုသွင်းပေးသွားမှာဖြစ်တယ်။ စီမံကိန်းကတော့ ၆၅ ရာခိုင်နှုန်းလောက်ပြီးစီးနေပြီ

သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းတာဝန်ရှိသူ

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းသည် ပြည်ထောင်စုရန်ပုံငွေဖြင့် ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေးကို ဦးစားပေး တည်ဆောက်ထားသော စီမံကိန်းတစ်ခုဖြစ်ကာ စီမံကိန်းအကောင်အထည် ဖော်မှုလုပ်ငန်း ဧရိယာတွင်ပါဝင်သွားသည့် ကျေးရွာနယ်မြေနှင့် လယ်ယာစိုက်ပျိုးမြေကိစ္စရပ်များကိုလည်း ပြည်ထောင်စုအစိုးရ၏ လမ်းညွန်မှုအတိုင်းဆောင်ရွက်လျှက်ရှိ ကြောင်းသိရသည်။

ယင်းအပြင်စီမံကိန်း၏ ရေဝပ်ဧရိယာတွင်ပါဝင်သွားသည့် ရေကောက်ကျေးရွာနှင့် ပုရစ်ကျေးရွာတို့မှ ဒေသခံများရွှေ့ပြောင်းနေရာ ချထားရေးကိုလည်း ရခိုင်ပြည်နယ်အစိုးရ၏ လမ်းညွန်မှုအတိုင်းဆောင်ရွက်နေကြောင်းလည်းသိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ အားဆက်သွယ်မေးမြန်ရာ “အဲဒီကိစ္စကိုတော့ သက်ဆိုင်ရာဒါရိုက်တာက ကျွန်တော်တို့အစိုးရအဖွဲ့ကို တင်ပြထားတုန်းပဲရှိသေးတယ်။ အဲဒီကိစ္စကိုတော့ ကျွန်တော်တို့ (အစည်အ‌ဝေးမှာ)ပဲ ဆုံးဖြတ်ပေးသွားမှာဖြစ်တယ်။ အဲဒါကို အစည်းအ‌ဝေးမှာတင်ပြရမယ်။ ကျွန်တော့်တစ်ယောက်တည်း သဘောနဲ့လုပ်လို့မရဘူး။ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ပဲ လုပ်သွားမယ်။ အဲဒီ သူဌေးချောင်းရေအား လျှပ်စစ်စီမံကိန်းကတော့ ၁၁၁ မဂ္ဂါဝပ်ထွက်ရှိမှာဖြစ်တယ်။ အဲဒါကို national grid ထဲကိုသွင်းမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် အတွင်းမှာလဲ national grid ထဲက လိုသလောက်ထုတ်သုံးနေတာပဲ။ အဲဒါကို ပရိုဂျက်တစ်ခုတည်းက ဘယ်ရွာပေးမယ်၊ ဘယ်မြို့ကိုပေးမယ်လို့တော့မဟုတ်ပါဘူး”ဟုပြောသည်။

သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် စူးစမ်းတိုင်းတာရေးလုပ်ငန်းများစတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ လာမည့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်းလည်းသိရသည်။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်