မင်းဒီပါ
test1

အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့်ခံထားရသည့် လူငယ်စာရေးဆရာ မိသားစုနှင့်တွေ့ခွင့်မရ


Western News – အောက်တိုဘာ ၂၈ ရက်

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေး ရွာမှ လူငယ်စာရေးဆရာ မင်းဒီပါ(ခ)ကိုအောင်နိုင်မြင့်နှင့် မိသားစုဝင်များကတွေ့ခွင့်ပေးရန်တောင်းဆိုခဲ့ရာ တွေ့ခွင့်မပေးကြောင်း မိသားစုဝင်များကပြောသည်။

ကိုအောင်နိုင်မြင့်နှင့် မိသားစုတို့တွေ့ခွင့်မရသည်မှာ ၁၄ ရက်ကြာနေပြီဖြစ်သဖြင့် ၎င်း၏ကျန်းမာရေး အခြေအနေကို စိုးရိမ်နေကြသည်။ လက်ရှိတွင် ၎င်းကို မြောက်ဦးခရိုင်ရဲစခန်း၏အချုပ်ခန်း၌ ထိန်းသိမ်းခံထားရ သည်ကို သိရှိခဲ့ရသည်ဟု အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကဆိုသည်။

“ ဖမ်းသွားတဲ့နေ့ကစလို့ ဒီနေ့အချိန်ထိ လုံးဝတွေ့လို့မရဘူး။ ကျွန်တော့်ညီကကျန်းမာရေးသိပ်မကောင်းဘူး။ သွေးကျရောဂါတွေရှိတယ်။ အခု သူတစ်ယောက်တည်း အချုပ်ခန်းထဲမှာ ဘယ်လိုရှိမလဲ အရမ်းသိချင်တယ်။ တွေ့ခွင့်တောင်းတာလည်း အကြိမ်ကြိမ်ရှိပြီ။ မရဘူး” ဟု ၎င်းကပြောသည်။

ကိုအောင်နိုင်မြင့်ကို ရဲတပ်ဖွဲ့ကဖမ်းဆီးသွားပြီး ၃ ရက်အကြာ အောက်တိုဘာ ၁၈ရက်နေ့တွင် ၎င်းကို PDFနှင့် ဆက်စပ်နေသည်ဟုစွပ်စွဲကာ မြောက်ဦးမြို့နယ်ရဲ စခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့် အမှုဖွင့်တရားဆိုစွဲခံလိုက်ရပြီး အောက်တိုဘာ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု ကိုအောင်မြင့် ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့နယ်ရဲစခန်းကို Western News ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

အလားတူ အောက်တိုဘာ ၉ ရက်နေ့ကလည်း သံတွဲမြို့မှ ဦးစိန်ချစ်ကို ရဲတပ်ဖွဲ့က PDFနှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ

၅၀(က)၊၅၂(က)တို့ဖြင့် စစ်ကောင်စီအရာရှိတစ်ဦးက သံတွဲရဲခစန်းတွင် အမှုဖွင့်ထားသည်။

ယင်းအပြင် သံတွဲမြို့၊ လင်းသာရပ်ကွက်နေ လူမှုရေးလှုပ်ငန်များဆောင်ရွက် နေသူ ကိုရဲနိုင်ဦးကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၃ ရက်‌နေ့တွင် ဖမ်းဆီးခဲ့ပြီး ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၀(က)၊ ၅၂(က)တို့ဖြင့်တရားစွဲဆိုထားသည်ဟု ၎င်းနှင့်ရင်းနှီးသူတစ်ဦး ကပြောသည်။

Western News- WN


ဆက်စပ်စကားလုံများ : #PDF
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်