test1

ပါတီဝင်များ အန္တရာယ်ကင်းစွာ လွတ်မြောက်လာသည့်အတွက် ကျေးဇူးတင်ကြောင်း ALP ပြော


Western News- ခင်သီတာ
ဇန်နဝါရီ ၂ ရက်

ရက္ခိုင့်တပ်တော် AA မှဖမ်းဆီးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ တပ်ဖွဲ့ဝင် ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ALP ၏ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။တပ်ဖွဲ့ဝင် ၄ ဦးမှာ ခိုင်မင်းမြတ်စံ၊ ခိုင်မောင်လုံးနှင့် ခိုင်မောင်ဝင်းတို့ကို ရက္ခိုင်တပ်တော် AA မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် လွှတ်ပေးခဲ့ပြီး ခိုင်ဝင်းလှိုင်ကို ဇန်နဝါရီလ ၁ ရက်နေ့က ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသည်။

ယင်းသို့ လွှတ်ပေးခြင်းနှင့် ပတ်သက်ပြီး ယခုလိုအချိန်မျိုးတွင် တန်းတူညီမှု အခွင့်အရေးရရန် တိုက်ပွဲဝင်နေသည့် အချိန်ကာလ၌ မိမိတို့ယုံကြည်ချက်အပေါ် မူတည်သည့် အဖွဲ့အစည်းများရှိကြမည် ဖြစ်ကာ တိုက်ပွဲဝင်နေသည့်ကာလ၌ မိမိတို့အချင်းချင်း ယခုလိုဖမ်းဆီးမှုမှာ မကောင်းသော်လည်း မိမိတို့ရဲဘော်များ ဘေးမသီရန်မခဘဲ ပြန်လည်လွတ်မြောက်လာသည့်အတွက် ကျေးဇူးတင်ကြောင်း ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP) မှပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ခိုင်စိုးမြကပြောသည်။

ကျွန်တော်ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ဒီနေ့ချိန်ခါ ကျွန်တော်တို့ဟာ တန်းတူညီမျှ ခွင့်ရေးရဖို့ တိုက်ပွဲဝင်နေတဲ့ အချိန်ကာလမှာ ကိုယ်တို့ယုံကြည်ချက်အပေါ်မှာ မူတည်ပြီး အဖွဲ့အစည်းတွေက ရှိကြမှာပဲ။ အဲဒီလိုတိုက်ပွဲဝင်နေတဲ့ အချိန်ကာလမျိုးမှာ ကိုယ်တို့အချင်းချင်း ခုလိုဖမ်းလိုက် ဆီးလိုက်လုပ်နေတာတော့ မကောင်းဘူးလို့ပြောချင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ ရဲဘော်တို့မှာ ဘာအပြစ်မှ မရှိဘူးလို့ အစကတည်းကသိပြီးသားပါ။ ဘာပဲဖြစ်ဖြစ် ဘေးမသီ ရန်မခဘဲ အခုလို လွတ်မြောက်လာတယ်ဆိုတော့ ကျွန်တော်တို့ အများကြီး ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်

ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ (ALP) မှပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ခိုင်စိုးမြ

အမျိုးသားရေးအတွက်တိုက်ပွဲဝင်နေချိန်တွင် အမျိုးသားရေးလက္ခာဏာကိုရှေးရှုပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယခုကဲ့သို့ ဖမ်းဆီးမှုများမရှိစေလိုကြောင်းနှင့် ရဲဘော်များတွင် အပြစ်ရှိခဲ့လျှင်လည်း မိခင်အဖွဲ့အစည်းအား အကြောင်းကြား ပြီးမှ ဆောင်ရွက်စေလိုကြောင်းလည်း ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)၏တပ်ဖွဲ့ဝင်များဖြစ်သော ရဲဘော် ခိုင်မောင်ဝင်းနှင့် ရဲဘော် ခိုင်မောင်လုံးတို့ကို ပေါက်တော်မြို့နယ်၊ ရပက်ချိုင်ကျေးရွာတွင် မေလ ၂၃ ရက် နေ့က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ပြည်ပစည်းရုံးရေးကော်မတီအဖွဲ့ဝင် ခိုင်ဝင်းလှိုင်ကိုလည်း မေလ ၃၁ ရက်နေ့က ရက္ခိုင်တပ်တော် AA မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်