Bamar tap
test1

ပေါက်တောမြို့နယ်ရှိ ကျေးရွာတစ်ချို့ကို စစ်တပ်က ဝင်ရောက် စစ်ဆေးမှုများရှိနေ


Western News – အောက်တိုဘာ ၃၀ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က စစ်ကဲပြင်၊ ပြိုင်းတောင်၊ ချိုင်ပြင်ကျေးရွာများကို ၂၈ ရက်နေ့ ၃၀ ရက်များ က စစ်တပ်မှ ဝင်ရောက်စစ်ဆေးမှုများရှိခဲ့သည်ဟု ဒေသခံများက Western Newsကိုပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကစ၍ ပေါက်တောမြို့နယ်၊ စစ်ကဲပြင်( မွတ်ဆလင်ကျေးရွာ) ပလီအတွင်း ဝင်ရောက်နေထိုင်ကြပြီး ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင်လည်း ပြိုင်းတောင်ကျေးရွာနှင့် ချိုင်ပြင်ကျေး ရွာတို့ကို ဝင်ရောက်စစ်ဆေးမှုများရှိသည်ဟု ကျေးရွာသားများကပြောသည်။

ယနေ့အောက်တိုဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီ ခွဲခန့်က စစ်ကဲပြင်ကျေးရွာမှ မြန်မာစစ်တပ်က တပ်သားများမှာ ပြိုင်းတောင် ကျေးရွာသို့ ဝင်ရောက်လာကာ ဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ခဲ့သလို ရွာအတွင်းလှည့်လည်ကြည်ရှုမှုများ လည်းရှိသည်ဟု အဆိုပါကျေးရွာမှ ကျေးရွာသားတစ်ဦးကပြောသည်။

“ကျွန်တော်တို့ ထမင်းစားနေတုန်းမှာ ဝင်လာတာတွေ့ပါတယ်။ အင်အားကတော့ ၇၀ နီးပါးလောက်ပဲ။ စစ်သား ၆၀ ဦးနဲ့ ရဲတပ်သား ၆ ဦးပါတယ်။ ရွာကို စစ်သားတွေဝင်တော့ ရွာမှာလူတွေတောင်မပြင်ကို သိပ်မထွက် ရဲကြဘူး။ နည်းနည်းကြာတော့ စစ်သား ၅ ယောက်လောက် ရွာကိုပတ်ပြီး သေနတ်တွေနဲ့ လှည့်ပတ်ကြည့်တာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လည်းမသိပါဘူး။ ULAရဲ့ လှုပ်ရှားမှုတွေရှိလား အဲ့လိုမျိုး လာ ကြည့်တာဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ရွာမှာ ULAမရှိပါဘူး” ဟုပြောသည်။

အဆိုပါစစ်သားများသည် ပြိုင်းတောင်ကျေးရွာမှ တစ်ဆင့် ချိုင်ပြင်ကျေးရွာသို့ ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည် ၂ နာရီ အချိန်ထွက်သွားကြပြီးဖြစ်ကြောင်း ပြိုင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်ကပြော သည်။

“ကျွန်တော်တို့ ရွာကိုတော့ ဒီနေ့မနက် ၉ နာရီခွဲလောက်ကရောက်လာတာ။ စစ်ကဲပြင်ကျေးရွာကို လွန်ခဲ့တဲ့ ၂ ရက် လောက်ကတည်းကရောက်နေတာပါ။ အဲ့ဒီရွာကို အင်အား ၈၀ လောက်ရောက်ပါတယ်။ကျွန်တော်တို့ ရွာကို ရောက်တဲ့အခါတော့ အင်အား ၅၀ ကျော်လောက်ရောက်ပါတယ်။ ရွာက ဘုန်းကြီးကျောင်းမှာ ပစ္စည်းတွေလှူပါ တယ်။ ဆရာကန်တော့ပြီး ချိုင်ပြင်ဖက်ကို ၂နာရီကျော်လောက်ကထွက်သွားကြတယ်” ဟုပြောသည်။

ချိုင်ပြင်ကျေးရွာကို ထွက်ခွာသွားသည်ဆိုသောကြောင့် ချိုင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံသိန်းကို ဆက်သွယ် ရာ” ကျွန်တော်တို့ ရွာကို ဒီနေ့နေ့လည် ၃ နာရီနီးပါးလောက်ကရောက်ပါတယ်။ အင်အား ၃၀ လောက်ရှိပါတယ်။ ဘယ်တပ်ကလဲကျွန်တော်တို့မသိပါဘူး။ ပြိုင်းချောင်းရွာဖက်ကနေလာတာပါ” ဟုပြောသည်။

စစ်ကဲ ပြင်၊ ပြိုင်းတောင်နှင့် ချိုင်ပြင်ကျေးရွာတို့ကို မြန်မာ့စစ်တပ်က ဝင်ရောက်စစ်ဆေးမှုများရှိသည်ဟု ပေါက်တောမြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ကျော်ထွီးက ပြောသည်။

အဆိုပါ စစ်ကဲပြင် ကျေးရွာတွင် အိမ်ထောင်စု ၅၀၀ နီးပါး၊ ပြိုင်းတောင်ကျေးရွာတွင် အိမ်ထောင် စု ၅၀၀ခန့်နှင့် ချိုင်ပြင်ကျေး ရွာတွင် နေအိမ် ၇၀ ခန့်ရှိသည်ဟုလည်းသိရသည်။

၎င်းတို့ ကျေးရွာများသို့ ယခင်ကမြန်မာစစ်တပ်ဖက်ကဝင်ရောက်ခြင်းမရှိ၍ လက်ရှိတွင် စစ်တပ်ကဝင်ရောက်မှု များရှိလာ၍ တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို စိုးရိပ်နေကြသည်ဟုလည်း ဒေခံများကပြောသည်။ အဆိုပါစစ်သားများမှာ ရသေ့တောင်မြို့နယ် ၅၃၇ တပ်ရင်း စစ်သားများဖြစ်ကြောင်း ပြိုင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား Western News က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

Western News-WN


ဆက်စပ်စကားလုံများ : #ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်