မြောက်ဦး
test1

မြောက်ဦးရှိ ဘုရားပုထိုးစေတီများထဲ၌ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာနေ


Western News – အောက်တိုဘာ၊ ၃၀ ရက်

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်သည့် မြောက်ဦးမြို့တွင် ဘုရားပုထိုးစေတီများထဲ၌ မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာနေသည်ဟု ဒေသခံများကပြောသည်။

ယခင်က သုံးစွဲမှုများအထိုက်သင့်ရှိသော်လည်း လက်ရှိအခြနေမှာ ပိုဆိုးရွားလာနေပြီး သုံးပြီးစွန့်ပစ်ပစ္စည်းများဖြင့် ပတ်ဝန်းကျင်လည်း ညစ်ညမ်း လျက်ရှိကာ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သူများကို အရေးယူဆောင်ရွက် ပေးရန်လိုအပ်သည်ဟု မြောက်ဦးဒေသခံတစ်ဦးဖြစ်သူ မညိုမာလှိုင် ကပြောသည်။

“ခုကခရီးသွားရာသီလည်းရောက်နေပြီ။ ဒီလိုအချိန်မှာ မြောက်ဦးကခုလိုဖြစ်နေတာတော့ စိတ်မကောင်းစရာပေါ့။ အရင်ကတည်းကလည်းရှိပါတယ်။ ဒါပေမယ့် ခုအနေအထားကပိုဆိုးလာတယ်။ သူတို့ဆေးသုံးတဲ့ နေရာတွေမှာ လည်း စွန့်ပစ်ပစ္စည်းတွေနဲ့ညစ်ညမ်းနေပြီး အမြင်လည်းမကောင်းဘူး။ ဒီလိုအခြေနေမျိုးကို တာဝန်ရှိတဲ့သူတွေက မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သူတွေအားလုံးကို အရေးယူဆောင်ရွက်မှုတွေလုပ်သင့်တယ်” ဟုပြောသည်။

ဆေးသုံးစွဲသူများမှာ လက်ဆည်ကန်ပတ်ဝန်းကျင်နှင့် လူအသွားအလာနည်းသည့် ရှေးဟောင်းအမွေနှစ်နေရာများ တွင် နေရာယူသုံးစွဲကြပြီး တားဆီးမှုများမှာလည်း မရှိသလောက်နည်းပါးသည်ဟု မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဥက္ကဋ္ဌ ဒေါ်ခင်သန်း ကပြောသည်။

“သူတို့တွေက တောင်ပေါ်တွေမှာ နောက်ပြီး လူအသွားအလာနည်းတဲ့ရှေးဟောင်းအမွေအနှစ်နေရာတွေမှာ သုံးစွဲကြတယ်။ တောင်တွေမှာသွားသုံးတော့ မြောက်ဦးမှာက တောင်တိုင်းနီးပါးမှာ ဘုရားစေတီတွေရှိတယ်လေ။ သူတို့တွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေတော့မရှိသလောက်ပဲ” ဟုပြောသည်။

ဤသို့မြို့ဧရိယာအတွင်း ဆေးဝါးသုံးစွဲမှုများပြားလာခြင်းနှင့် ပတ်သက်၍ မြောက်ဦးမြို့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဦးထွန်းထွန်း Western News က မေးမြန်းကြည့်ရာ အရေးယူမည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ဆောင်နေသည်ဟု ပြန်လည်ဖြေဆိုသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထိန်းချုပ်ဖို့ကျနော်တို့လုပ်နေပါတယ်။ လုပ်ဖို့အစီစဉ်ရှိပါတယ်။ လူကြီးတွေနဲ့ ကျနော်တို့ စီစဉ်နေပါတယ်” ဟုပြောသည်။

မြောက်ဦးမှာ ကမ္ဘာ့အမွေနှစ်စာရင်းဝင်ရန်ကြိုပမ်းနေသည့် နေရာတစ်ခုဖြစ်ပြီး ဒေသတွင်းမတည်ငြိမ်မှုများကြောင့် UNSCEO စာရင်းဝင်ရန် ၁ နှစ်နောက်ဆုတ်ခံခဲ့ရကာ ယခုတစ်ဖန် သက်ဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်နေကြသည့်ကြားထဲတွင် စွန့်ပစ်အမှိုက်၊ ရှေးဟောင်းနယ်မြေတွင်း နေရာယူထားမှုနှင့် လက်ရှိ မူးယစ်ဆေးဝါးအသုံးပြုမှု များပြားလာမှု စသည့်ပြဿနာများဖြင့် ရင်ဆိုင်နေရသည့် နယ်မြေတစ်ခုလည်းဖြစ်သည်။

Western News- WN


ဆက်စပ်စကားလုံများ : #မြောက်ဦး#မူးယစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်