လေးတောင် ရခိုင်
test1

အရက်ဆိုင်များပိတ်သိမ်းဖို့ လေးတောင်မြို့တွင် အမျိုးသမီးများဆန္ဒပြ


Western News- အောက်တိုဘာ ၃၁ ရက်

ရခိုင်ပြည်နယ် လေးတောင်မြို့ ဆင်တပ်မော်ကျေးရွာပိုက်ဆိပ်တွင် ရောင်းချနေသော အရက်ဆိုင်များအား အမြန်ဆုံးပိတ်သိမ်းပေးဖို့ အမျိုးသမီး ၆၀ ကျော်လောက်က အောက်တိုဘာ ၃၀ ရက်နေ့ နေ့လည်ပိုင်းက လှည့်လည် ဆန္ဒပြခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို ဆင်တပ်မော်ကျေးရွာ ပိုက်ဆိပ်က အမျိုးသမီး ၆၀ ကျော်လောက်က လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး အရက်ဆိုင်များပိတ်သိမ်းရေးကို လက်မှတ်ရေးထိုးတောင်းဆိုခဲ့ကြသည်ဟု ဆန္ဒပြရာတွင် ဦးဆောင်သူ ဒေါ်မေကြီးက Western News ကို ပြောသည်။

“အခုကအရက်ဆိုင်တွေကများလာတယ်။ အရက်သောက်တဲ့သူတွေကို ပိုများလာတယ်။ ကလေးတွေက အစသောက်လာကြတယ်။ ခိုးမှုတွေများလာတယ်။ လူသတ်မှုများလာတယ်။ မုဒိမ်းမှုဖြစ်လာတယ်။ ကလေးတွေအကျင့်စရိတ်တွေပျက်ပြားလာတယ်။ တဖြေးဖြေးနဲ့ဆိုးရွားလာတယ်လေ။ မိဘတွေကထိန်းမနိုင်တော့ဘူး။ အဲ့ကြောင့် ဒီဆိုင်တွေကိုပိတ်သိမ်း ဖို့ကျမတို့အမျိုးသမီးတွေ လမ်းပေါ်ထွက်ပြီးဆန္ဒပြတာ” ဟုပြောသည်။

ဆင်တပ်မော်ကျေးရွာပိုက်ဆိပ်တွင် အိမ်ထောင်စုပေါင်း ၁၀၃ အိမ်ထောင်စုရှိပြီး အရက်ဆိုင်ပေါင်း ၁၀ ကျော်ရှိကာ ပြည်မဖက်က တင်သွင်းသည့် အရက်မျိုးစုံရောင်းချကြကြောင်း ဒေါ်မေကြီးက ပြောသည်။

ဆင်တပ်မော်ကျေးရွာ ပိုက်ဆိပ်က ဦးဇော်နိုင်ထွန်းက “ကျနော်ကတော့ အမျိုးသမီးတွေဆန္ဒပြတာကို ထောက်ခံတယ်။ လက်မှတ်တွေထိုးပြီးတော့ အထက်ကို စာတင်မယ်လို့ပြောတယ်။ ဒါပေမယ့် ထိရောက်ပါ့မလားလို့စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ဆန္ဒပြတဲ့လူကနည်းပြီးတော့ အရက်သောက်တဲ့သူကများနေတာကို” ဟုသည်။

ဆင်တပ်မော်ကျေးရွာတွင် အရက်ဆိုင်းများပိတ်သိမ်းရေးနှင့်ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူးအနေဖြင့် မည်သို့လုပ်နေသလဲဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေဘော်ကို Western News က မေးမြန်းရာတွင် ယခုကဲ့သို့အချိန်မျိုးတွင် လုပ်ဆောင်ရန်ခက်ခဲ‌ကြောင်းပြန်လည်းဖြေဆိုသည်။

“ဆန္ဒပြကြတယ်လို့ကြားတယ်ဗျ ကျနော်လည်းနေမကောင်းတော့ မထနိုင်ဘူး။ ပြောရာမှာတော်တော်ခတ်တယ်ဗျ။ သက်ဆိုင်ရာကိုတော့ ဒီလိုဖြစ်နေတာကိုတော့ တင်ပြလို့မရှိဘူး။ လုပ်ဆောင်ချက်မရှိဘူးလားဆိုတော့ ဒီအချိန် ကျနော်လည်းမလုပ်ရဲဘူးလေ။ လုပ်ပိုင်ခွင့်တော့ရှိတာပေ့ါ။ ဥပဒေအရကတော့ လုပ်လို့ရတာပေ့ါ။ ဒါပေမယ့် မလုပ်ရဲဘူး။ အခြေအနေချိန်ချပြီးနေနေရတာ” ဟုပြောသည်။

ဆင်တပ်မော်ကျေးရွာပိုက်ဆိပ်တွင် ပြီးခဲ့သည် ၂၀၂၀ ခုနှစ် ဧပြီလ က အမျိုးသားဖြစ်သူက အရက်သောက်၍ စိတ်ဂယောင်ချောက်ချားဖြစ်ကာ နေအိမ်သို့ပြန်လာစ် အိပ်နေသည့် ၄င်း၏ ဇနီးအား ဓာတ်ဆီလောင်း မီးရှို့မှုကြောင့် သေဆုံးခဲ့သည့်ဖြစ်စဥ်တစ်ခုဖြစ်ခဲ့သည်။

Western News- WN


ဆက်စပ်စကားလုံများ : #မူးယစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်