တိမ်ညို
test1

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်တွင်း မီးလောင်မှု ၄၅ကြိမ်ဖြစ်ပွား၊ တန်ဖိုး၇၅၀ သိန်းကျော်ဆုံးရှုံး


Western News- နိုဝင်ဘာ ၂ ရက်

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်တွင် ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁၀)လ အတွင်း တစ်ပြည်နယ်လုံးမီးလောင်မှု ၄၅ ကြိမ်ဖြစ်ပွားခဲ့သည်ဟုရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနမှသိရသည်။

မီးလောင်မှု ၄၅ ကြိမ်ဖြစ်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ၇၅. ၅၇၁ သန်းခန့်ရှိခဲ့သည်ဟု ရခိုင်ပြည်နယ်မီးသတ်တပ်ဖွဲ့ရုံး ဒု-ဦးစီးမှူးဦးဘုန်းမြင့်အေးက Western News ကို နိုဝင်ဘာလ ၂ ရက်နေ့ကပြောသည်။

အဆိုပါ မီးလောင်မှုစုစုပေါင်း ၄၅ ကြိမ်တွင် မီးဖိုမီး ၁၉ ကြိမ်၊ ပေါ့ဆမီး ၁၀ ကြိမ်၊ အလိုအလျောက်မီး ၁ ကြိမ်၊ လျှပ်စစ်မီး ၅ ကြိမ်၊ ရှို့မီး ၇ ကြိမ်နှင့် တောမီး ၃ ကြိမ်ပါဝင်သည်။

“၂၀၂၁ ခုနှစ်မှာ မီးလောင်မှုက ၄၅ ခုရှိခဲ့ပါတယ်။ ဆုံးရှုံးမှုတန်ဖိုးက စုစုပေါင်း ၇၅.၅၇၁ သန်းရှိတယ်။ မီးလောင်မှုအများဆုံးက မီးဖိုမီးကြောင့် အများဆုံးဖြစ်တယ်” ဟုပြောသည်။

ယခုအခါ ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် လူနေအိမ်များနှင့် စစ်ဘေးရှောင်စခန်းများတွင် မီးဘေးဆိုင်ရာအသိပညာပေးမှုများလုပ်ဆောင်ရန်စီစဉ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မတ်လတွင်မြောက်ဦးမြို့နယ် တိမ်ညိုစစ်ဘေးရှောင်စခန်း၌ မီးလောင်ကျွမ်းမှုကြောင့် အိမ် ၆၆၀ ကျော်ပျက်စီးဆုံးရှုံးခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း ဇန်နဝါရီလတွင် မီးလောင်မှု ၆ ကြိမ်၊ ဖေဖော်ဝါရီလတွင် မီးလောင်မှု ၁၁ ကြိမ်၊ မတ်လတွင် ၁၄ ကြိမ်၊ ဧပြီလတွင် ၂ ကြိမ်၊ မေလတွင် ၅ကြိမ်၊ ဇူလိုင်တွင် ၁ ကြိမ်၊ ဩဂုတ်တွင် ၂ ကြိမ်၊ စက်တင်ဘာလတွင် ၃ ကြိမ် နှင့် အောက်တိုဘာလတွင် ၁ ကြိမ်ရှိခဲ့ပြီး ဇွန်လတွင် မီးလောင်ကျွမ်းမှုမရှိခဲ့ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #သဘာဝဘေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်