Sittwe University
test1

ရခိုင်တွင် အဝေးသင်တက္ကသိုလ်ကျောင်းအပ်နှံသူ ယခင်နှစ်များထက်ပိုများ


Western News – နိုင်ဝင်ဘာ၊ ၈ ရက်

ရခိုင်ပြည်နယ်တွင်  ယခုနှစ်အတွင်း အဝေးသင်တက္ကသိုလ်ကျောင်းအပ်နှံ့သူ ယခင်နှစ်များထက် ပိုများပြားသည်ဟု စစ်တွေတက္ကသိုလ်အဝေးသင်ဌာနခွဲရုံးမှ ပြောသည်။

ကျောင်းအပ်မည့် သတ်မှတ်ရက်ကို တိုးမြှင့်သတ်မှတ်လိုက်သော်လည်း ရာခိုင်နှုန်းအများ ကျောင်းအပ်ပြီးစီးပြီ ဖြစ်ပြီး အနည်းငယ်လောက်လာကျန်ရှိတော့သည်ဟု စစ်တွေတက္ကသိုလ် အဝေးသင်ဌာခွဲမှူး ဒေါ်နီနီကျော်က Western News ကိုပြောသည်။

“ကျောင်းအပ်တာကတော့ ခါတိုင်းနှစ်တွေလိုပုံမှန်ပါပဲ။ မနေ့က နိုဝင်ဘာ ၇ ရက်နေ့အထိတော့ ကျမတို့ဆီမှာ ကျောင်းသားစုစုပေါင်း ၁၇၀၃ ယောက်ရှိနေပြီ။ ဒုတိယ၊ တတိယနဲ့ နောက်ဆုံးနှစ်တွေဆိုလည်း သိပ်မကျန်တော့ဘူး။ ကျောင်းအပ်တဲ့သူတွေကအရင်နှစ်တွေကထက်တောင်ပိုများတယ်” ဟုပြောသည်။

အဝေးသင် ကျောင်းသားများမှာ နယ်မှများပြားသည့်အတွက် ကျောင်းလာရောက်အပ်နှံ့ရာတွင် အဆင်ပြေအောင်စီစဉ် ဆောင်ရွက်ပေးလျှက်ရှိသည်ဟု သူကဆက်ပြောသည်။

စစ်တွေတက္ကသိုလ်တွင် အင်္ဂလိပ်စာအထူးပြုဖြင့် အဝေးသင်နောက်ဆုံးနှစ်တက်ရောက်နေသည့် မဝေမာလွင်က “ဒီနှစ်ကတော့ ကျောင်းသားတွေက မအားရင်လည်း မအားတဲ့ကြားကတက်ကြမယ်လို့ထင်တယ်။ ဘာလို့ဆို တစ်နှစ် နောက်ဆုတ်လိုက်ရတယ်။ ဒီနှစ်လည်း ကိုဗစ်ကြောင့် နောက်ဆုတ်ထားရပြန်တာဆိုတော့ အချိန်တွေက ကုန်နေပြီလေ။ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်ရတာက မလွတ်လပ်ဘူး။ ဘယ်သူမဆို ကျောင်းအမြန်ပြီးချင်ကြတာပဲ။ အဲဒါကြောင့် အရင်နှစ်တွေကထက် ကျောင်းအပ်သူတွေပိုများသွားတာလို့ထင်တယ်” ပြောသည်။

တောင်ကုတ်တက္ကသိုလ်ရှိအဝေးသင်ကျောင်းသားများလည်း ပုံမှန်ကျောင်းအပ်နှံလျှက်ရှိပြီး သတ်မှတ်ရက်တိုး လိုက်သည့်အတွက် ကျောင်းသားများအတွက် ယခင်ထက်ပိုအဆင်ပြေသွားသည်ဟု တောင်ကုတ်ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုသော်ဇင်ထွန်း ကပြောသည်။

“ကျောင်းအပ်ရက်က ထပ်တိုးလိုက်တော့ ကျောင်းအပ်ရတဲ့ကျောင်းသားတွေအတွက်ပိုအဆင်ပြေသွားတယ်။ ၉ ရက်နေ့အထိတုန်းကဆိုရင် နယ်ဖက်ကလူတွေဆိုအခက်ခဲတွေများတာပေါ့နော်။ တစ်ခြားတော့ ထွေထွေထူးထူး မရှိဘူး အရင်နှစ်တွေကအတိုင်းပါပဲ” ဟုပြောသည်။

၂၀၂၀ ခုနှစ်တွင် ကိုဗစ်ဖြစ်ပွားမှုများကြောင့် တစ်နိုင်ငံလုံးရှိအခြေခံပညာစာသင်ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများပိတ်ခဲ့ရကာ ၂၀၂၁ ခုနှစ် တက္ကသိုလ်ကျောင်းဖွင့်ချိန်တွင်လည်း ကိုဗစ်အခြေနေများကြောင့် ကျောင်းများကိုနောက်ဆုတ်ခဲ့ရပြီး ယခု နိုဝင်လာလအတွင်းမှ ကျောင်းပြန်လည် လက်ခံခြင်းဖြစ်သည်။

Western News-WN


ဆက်စပ်စကားလုံများ : #Sittwe
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်