မြောက်ဦး
test1

မြောက်ဦးမြို့တွင် ယခုဆောက်လုပ်ရန်စီစဉ်နေသည့် ယာယီယာဉ်ဂိတ်နေရာမှာသင့်တော်မှုမရှိဟု ဒေသခံများဆို


Western News – နိုဝင်ဘာ၊ ၁၀ ရက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ နန်းရာကုန်း တတိယတံတိုင်းအောက် ဘောလုံးကွင်းဘေးနေရာတွင် ဆောက်လုပ်မည့် ယာယီကားဂိတ်နေရာမှာ မြို့အခြေအနေအရသင့်တော်မှုမရှိဟု ဒေသခံများကပြောသည်။

လက်ရှိတွင်လည်း ကားဂိတ်ချ၍ ရှိနေဆဲနေရာဖြစ်သော်လည်း တရားဝင်သတ်မှတ်ခြင်းဖြင့် ပြုလုပ်လျှင် မြေပြင် အနေအထားအရ အဆင်ပြေနိုင်မည့် အနေအထားတွင်မရှိသည့်အတွက် တစ်ခြားနေရာတစ်ခုကို ပြောင်းရွေးချယ် သင့်သည်ဟု မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောကပြောသည်။

“ဂိတ်ချမယ့်နေရာက ပြောရမယ်ဆိုရင် သင့်တော်တဲ့နေရာအနေအထားမဟုတ်ဘူး။ မြို့အဝင်အထွက်နဲ့ မြို့လမ်းတွေကလည်းကျဉ်းတော့ ရှုပ်ပြီးအဆင်မပြေဖြစ်မှာပဲ။ ခုနေရာမဟုတ်တဲ့ တစ်ခြားနေရာတစ်ခုကို ပြောင်းထားသင့်တယ်။ ဒါပေမယ့် ခက်တာက ရှေးဟောင်းသုတေသနနယ်မြေနဲ့ လွတ်တဲ့နေရာကလည်း မြောက်ဦးမှာ မရှိတော့ဘူး။ ယာယီဂိတ်ချမယ့်နေရာကလည်း အခုလည်းကားတွေထား ဆိုင်တွေတည်နေကြ တာဆိုတော့ ဒေသခံတွေကလည်း အဲ့နေရာကို ရှင်းရှင်းလင်းလင်းဖြစ်စေချင်ကြတာကြာပြီ။ အမှန်တော့ အခုယာယီဂိတ်လုပ်မယ့် နန်းရာကုန်းအောက်ဖက်က နေရာမှာဘာမှမရှိသင့်ဘူး” ဟုပြောသည်။

မြို့ဖွံ့ဖြိုးရေးကိုလည်းလုပ်ဆောင်သလို ဒေသ၏ရှေးဟောင်းအမွေနှစ်များကိုလည်း ထိန်းသိမ်းရန်လိုအပ်ပြီး အစွန်း တစ်ဖက်တည်းတွင် ရပ်မနေဘဲ နှစ်ဖက်မျှပြီးလုပ်ရန်လိုအပ်သည်ဟု သူကဆက်ပြောသည်။

ယာယီဂိတ်ပြုလုပ်မည်ဆိုလျှင် သက်ဆိုင်ရာဌာနများ၏ သဘောတူညီမှုတစ်ခုတည်းနှင့်မဆုံးဖြတ်ဘဲ လူထု၏ သဘာထားများအားလည်း စောင့်ကြည့်ရန်လိုအပ်သည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဟောင်း ဦးထွန်းသာစိန် ကပြောသည်။

“အခုယာယီဂိတ်လုပ်မှာကို သဘောတူထားတာကတော့ စည်ပင်နဲ့ ရှေးသုနဲ့ပေါ့နော်။ သူတို့ကတော့ တစ်ပိုင်းပေါ့။ နောက်ထပ်အနေနဲ့ မြို့သူမြို့သား နယ်သူနယ်သားဆိုပြီး လူထုပိုင်းတစ်ခုရှိမယ်။ ဆိုတော့ သူတို့နှစ်ပိုင်းပဲ သဘောတူရုံမဟုတ်ဘဲ လူထုရဲ့သဘောထားကိုလည်း ခံယူသင့်တယ်။ လူထုက ဘယ်လိုသဘောရှိတယ် အကြံ ဘယ်လိုပေးတယ် ဆိုတာကိုလည်း နားထောင်သင့်တယ်လို့မြင်တယ်” ဟုပြောသည်။

တစ်ခြားသော သီရိလင်္ကာ၊ နီပေါ၊ ပုဂံရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နေရာများကို သဘာဝအတိုင်းသာထားရှိကြပြီး မြောက်ဦးမှာ လည်း လက်ရှိကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်ကြိုးစားနေသည့် အချိန်ဖြစ်သည့်အတွက် ယခုကဲ့သို့ ယာယီဂိတ်ပြု လုပ်မည်ကို  လက်မခံနိုင်ဟု ဝံလက်ဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကပြောသည်။

“တစ်ခြားနေရာတွေမှာဆိုရင် ရှေးဟောင်းယဉ်ကျေးမှုအမွေနှစ်နေရာတွေမှာ ကားဂိတ်မဆိုထားနဲ့ပေါ့ ကွန်ကရက် လမ်းတွေ ကတ္တရာလမ်းတွေတောင်မခင်းဘဲ သဘာဝအတိုင်းထားတာကို တွေ့ရတယ်ပေါ့နော်။ ပြောရမယ်ဆိုရင် သီရိလင်္ကာ၊ နီပေါ၊ နောက်ပြီး ပုဂံမြို့မှာကအစပေါ့။ ရှေးဟောင်းအမွေအနှစ်ဆိုတာက ကမ္ဘာမှာရှားပါးတဲ့အရာဖြစ်တယ်။ နောက်ပြီး မြောက်ဦးဆိုတာ ယူနီစကိုက အသိအမှတ်ပြုခံရဖို့ ကြိုးစားနေတဲ့အချိန်ဖြစ်တယ်။ အဲ့ဒါကြောင့် နန်းရားကုန်းအနားက ယာယီကားဂိတ်သတ်မှတ်မယ့်ဟာကို ရခိုင်ပြည်သူတစ်ယောက်အနေနဲ့တော့ လက်မခံနိုင်ဘူး။ ယာယီဆိုရင်လည်း တစ်ခြားနေရာတစ်ခုကို စဉ်းစားသင့်တယ်လို့တော့ပြောချင်ပါတယ်” ဟုပြောသည်။

မြောက်ဦးတွင် လက်ရှိယာယီဂိတ်ပြုလုပ်ရန်စီစဉ်နေသည့်နေရာမှာ နန်းရာကုန်းအောက်ဖက်ရှိ ဘောလုံးကွင်းဘေး နေရာဖြစ်ပြီး ဂိတ်ပြုလုပ်မည်ကို မြို့နယ်စည်ပင်နှင့် ရှေး/သုတို့မှ ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကာ တစ်ခြားသက်ဆိုင်သူများဖြင့်လည်း ဆက်လက်ဆွေးနွေးတိုင်ပင်ရန် ရှိသေးသည်ဟု မြို့နယ်စည်ပင်ရုံးမှ သိရသည်။

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရန် မူကြမ်းအဆိုကို ယခုနှစ် ၂၀၂၁ ခုနှစ်တွင် တင်သွင်းထားပြီဖြစ်ပြီး လာမည့် ၂၀၂၂ ခုနှစ်တွင်မူ အပြီးသတ်အဆိုပြုလွှာကို ဆက်လက် တင်သွင်းရန် စီစဥ်လျက်ရှိသည်။

Western News-WN


ဆက်စပ်စကားလုံများ : #မြောက်ဦး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်