ရခိုင်မီးရထား
test1

ကိုဗစ်နှင့် နိုင်ငံရေးကြောင့် ၂ နှစ်ကျော်ကြာရပ်တန့်ထားသည့် မီးရထားလမ်းကြောင်းများ ပြန်မပြေးဆွဲနိုင်သေး


Western News – နိုဝင်ဘာ ၁၀ ရက်

ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ချို့တွင် ပြေးဆွဲခဲ့သည့် မီးရထားသွားလာပို့ဆောင်ရေး လမ်းကြောင်းများမှာ ၂ နှစ် ကျော်ကြာပိတ်ထားခဲ့ပြီး လက်ရှိအချိန်ထိပြန်လည်မပြေးဆွဲနိုင်သေးပေ။

မီးရထားသွားလာပို့ဆောင်မှုလုပ်ဆောင်ခဲ့သည့် ကွမ်းတောင်-ကျောက်တော် လမ်းကြောင်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှစ၍ နိုင်ငံရေးအခြေအနေကြောင့် ရပ်တန့်ထားခဲ့သလို ရေချမ်းပြင်- ပြည်တော်သာ လမ်းကြောင်းကိုလည်း ၂၀၂၀ခုနှစ် ဧပြီလ ၁၀ ရက်နေ့က ကိုဗစ်ရောဂါကြောင့်ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ ပိတ်ထားခဲ့ရသည့် မီးရထားပို့ဆောင်မှုကို ယခုနှစ် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလခန့်က ပြန်လည်ပြေးဆွဲရန် လုပ်ဆောင်ခဲ့သော်လည်း ကိုဗစ် ရောဂါဖြစ်ပွားနေဆဲဖြစ်သည့်အတွက် လက်ရှိအထိပြေးဆွဲမှုမရှိသေး ကြောင်း  ဦးကိုကိုကျော်-မန်နေဂျာ (သွားလာရေး၊တိုင်း) သွားလာပို့ဆောင်ရေးဌာန၊ မြန်မာ့မီးရထား၊ရခိုင်ပြည်နယ်မှပြော သည်။

“ကွမ်းတော်-ကျောက်တော်လမ်းကကျတော့ မပြေးဆွဲတာ ၂ နှစ်ခွဲလောက်ရှိပြီ။ နိုင်ငံရေးအခြအနေကြောင့် ပိတ် ထားတာပေါ့။ ရေချမ်းပြင်-ပြည်တော်သာ လမ်းကကျတော့ မပြေးဆွဲတာ ၁နှစ်ခွဲလောက်ရှိပြီ။ ကိုဗစ်ကြောင့် ပိတ်ထားရတာ။ ဒီနှစ် ဖေဖော်ဝါရီလလောက်က ပြန်ပြေးဆွဲဖို့ ပြည်နယ်မန်နေဂျာအနေနဲ့ ပြည်နယ်အစိုးရကို တင်ပြတော့ကိုဗစ် ၁၉ရောဂါဖြစ်ပွားနေဆဲဖြစ်တာကြောင့် ပြည်နယ်အစိုးရဖက်က ဆက်လက်ရပ်တန့်ထားဖို့ ရုံးချုပ်ကို စာပြန်တယ်” ဟုပြောသည်။

ပြည်တော်သာ (စစ်တွေ)- ရေချမ်းပြင် လမ်းကြောင်းကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ် မေလ ၁၁ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့သည်။

ယင်းအပြင် ကွမ်းတောင်- ကျောက်တော်လမ်းကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ကွမ်းတောင်-ယိုးတရုတ်လမ်းကို ၂၀၁၀ ခုနှစ် မေလ ၁၉ ရက်နေ့တွင် စတင်ပြေးဆွဲခဲ့သလို ကွမ်းတောင်- ကျောက်တော် လမ်းကို ၂၀၁၁ခုနှစ် ဧပြီ ၁၀ရက်နေတွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကျောက်တော်မှ မြောက်ဦးဖက်သို့ မီးရထား ပို့ဆောင်သွားလာမှုလမ်းများ လုပ်ဆောင်မှုများ ရှိခဲ့သော် လည်း ပြေးဆွဲခဲ့ခြင်းမရှိခဲ့ပေ။ လက်ရှိ အဆိုပါ ရထားလမ်းများ ရပ်တန့်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သည့် အတွက် တစ်ချို့ ရထားလမ်းများမှာ ပျက်စီးနေပြီဖြစ်သလို ဘူတာရုံ အဆောက်အဦးများမှာလည်း ပြိုကျပျက်စီး နေပြီဖြစ်သည်။

Western News-WN


ဆက်စပ်စကားလုံများ : #Sittwe#ရခိုင်မီးရထား
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်