ဆောင်းသီ'နှံ
test1

ရခိုင်တွင် ယခုနှစ်ပိုင်းအတွင်း ဆောင်းသီးနှံစိုက်ပျိုးသည့်ဧက အနည်းငယ်တိုးလာ


Western News – နိုဝင်ဘာ၊ ၁၉ ရက်

ရခိုင်ပြည်နယ်တွင် ယခု ၂၀၂၀၊၂၀၂၁ ခုနှစ်ပိုင်းများအတွင်းတွင် ဆောင်းသီးနှံစိုက်ပျိုးသည့်ဧကမှာ ၂၀၁၈၊ ၂၀၁၉ ခု နှစ်များနှင့်ယှဉ်လျှင် စိုက်ပျိုးဧက အနည်းငယ်တိုးလာသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ ပြောသည်။

ယခင် ပြည်နယ်တွင်းတိုက်ပွဲများနှင့် ကိုဗစ်အခြေနေတို့ကြောင့် စိုက်ပျိုးမှု မပြုလုပ်နိုင်သည့် အခြေနေများရှိရာ စိုက်ပျိုးဧက လျော့ကျသွားခြင်းဖြစ်ပြီး ယခုနှစ်များတွင် ဧကအရေအတွက် ရာဂဏန်းခန့် တိုးလာခြင်း ဖြစ်သည်ဟုပြောသည်။

“ဒီ ၃ နှစ်အတွင်းတော့ စိုက်တဲ့ဧကတွေ တိုးလာတယ်လို့ပြောလို့ရတယ်။ တိုးလာတဲ့ဧက ကတော့ ရာဂဏန်း လောက်ပေါ့။ အရင်က တိုက်ပွဲတွေ ကိုဗစ်အခြေနေတွေကြောင့် မစိုက်ပျိုးနိုင်တာတွေရှိတယ်လေ။ ခုကတော့ ပြည်နယ်အခြေအနေလည်း နည်းနည်းငြိမ်နေတယ်ဆိုတော့ ပြန်ပြီးစိုက်ပျိုးကြတာတွေလုပ်လာတော့ နည်းနည်း တိုးလာတာပေါ့” ဟုပြောသည်။

ရခိုင်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား မြို့နယ်ဖက်တို့တွင်သာ ဆောင်းသီးနှံစိုက်ပျိုးမှုရှိပြီး စိုက်ပျိုးသည့် သီးနှံအမျိုးအစားများမှာ ခရမ်း၊ ငရုတ်၊ သခွါး၊ မြေပဲ၊ မုံညင်း၊ ဖရဲ၊ ဂေါ်ဖီ၊ မတ်ပဲ၊ နံနံ  စသည့်တို့ကို အများစုစိုက်ပျိုး တတ်ကြကာ မြေပြင်အနေအထားအရ ဆောင်းသီးနှံစိုက်ပျိုးသည့် ဧကပေါင်း ၅၃၀၀၀ ကျော်ခန့်ရှိသည်ဟု သူကဆက်ပြောသည်။

လေးမြို့ချောင်း လေညှင်းတောင်ကျေးရွာမှ မြေပဲစိုက်ပျိုးသည့် ဒေါ်မခင်အေးက နယ်မြေမငြိမ်သက်ဖြစ်ခဲ့စဉ်က မြေပဲစျေးကို ရသည့်စျေးနှုန်းဖြင့်သာ ရောင်းချခဲ့ရပြီး ယခုနှစ်ပိုင်းတို့တွင် ပုံမှန်အနေအထားသို့ရောက်ရှိနေသည် ဟုပြောသည်။

“မြေပဲက ဒီလေးမြို့ချောင်း တစ်ခွင်လုံးစိုက်ကြတာလေ။ မြေပဲစိုက်တဲ့နေရာမှာ တစ်ခြားဟာလည်း စိုက်လို့မရဘူး။ အခုနှစ်တွေမှာတော့ မြေပဲရောင်းရတာတွေက ပုံမှန်အတိုင်းပါပဲ။ အရင် စစ်ဖြစ်တုန်းကဆိုရင်တော့ မြေပဲတွေကို ရတဲ့စျေးနဲ့ပဲ ချခဲ့ရတာတွေရှိတယ်။ ရောင်းမထွက်ပဲ ကျန်ခဲ့ရင်လည်း အရှုံးပေါ်မှာလေ” ဟုပြောသည်။

ငရုတ်ခင်းစိုက်ပျိုးသူများမှာလည်း ယခင်တပ်စွဲထားသည့် နေရာနှင့်နီးသည့် စိုက်ခင်းများဆိုလျှင် စိုက်ပျိုးခြင်း မပြုလုပ်နိုင်ဘဲ စွန့်ထားခဲ့ရမှုများရှိကာ ယခုပြန်လည်လုပ်ကိုင်ခွင့်ရနေပြီဖြစ်သည်ဟု မြောက်ဦးမြို့နယ် ပီပင်ရင်း ကျေးရွာမှ ငရုတ်ခင်းစိုက်ပျိုးသူ ဒေါ်မလှစိန် ကပြောသည်။

“ငရုတ်က အခုပျိုးပင်လေးလောက်ပဲရှိသေးတယ်။ တပေါင်းလလောက်ဆို အသီးပေါပြီ။ ဒီနှစ်တွေအတွင်းတော့ အရင်ကမလုပ်ဖြစ်တာကို ပြန်လုပ်တဲ့သူတွေရှိတာပေါ့။ အရင်က တပ်စွဲထားတဲ့ နေရာတွေနဲ့နီးရင် စိုက်ပျိုးတာတွေ လုပ်လို့မရဘူးလေ။ ပြားတောင်မှာဆိုရင် တောင်ပေါ်ကနေလက်နက်ကြီးပစ်လို့ စိုက်ခင်းတွေမလုပ်ကြရဘူး။ ဒီနှစ်တွေမှာတော့ ပြန်လုပ်နေကြပါပြီ” ဟုပြောသည်။

စိုက်ခင်းများပြန်လည် စိုက်ပျိုးမှုလုပ်ဆောင်နေကြသော်လည်း စက်သုံးဆီစျေးကြီးမှု၊ မြေဩဇာစျေးကြီးမှုတို့ ကြောင့် ရှိသည့်မြေဧကတိုင်းအား မစိုက်ပျိုးနိုင်ဘဲ စိုက်ပျိုးစရိတ်နိုင်သလောက်သာ စိုက်ပျိုးမှုပြုလုပ်နိုင်သည်ဟု သူကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်ပိုင်းများအတွင်း ဆောင်းသီးနှံစိုက်ပျိုးသည့် ဧကများမှာ၂၀၁၈ နောက်ပိုင်းခုနှစ်များတွင် စိုက်ပျိုးသည့် ဧကများနှင့်ယှဉ်လျှင် ၆၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမား သမဂ္ဂ၏ အချက်အလက်များအရသိရသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်