မြို့မဈေးစစ်တွေ
test1

စစ်တွေမြို့ မြို့မဈေးရှေ့တွင် လုယက်မှုဖြစ်ပွား၊ ငွေကျပ် ၁၀ သိန်းကျော်နှင့် ဖုန်း ၁ လုံး ပါသွား


Western News – နိုဝင်ဘာ၊ ၂၈ ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နိုဝင်ဘာ ၂၈ နံနက်ပိုင်းအချိန်ခန့်၌ မြို့မဈေးကြီးရှေ့ လုယက်မှုဖြစ်ပွားခဲ့ပြီး ငွေ  ၁၀ သိန်းကျော်နှင့် ဖုန်းတစ်လုံး ပါသွားသည်ဟု လုယက်ခံရသည့် ကာယကံရှင်ကပြောသည်။

စစ်တွေမြို့ မြို့မ စျေးသို့ ဈေးဝယ်ရန်သွားရာ ဘေထုတ်ပုံတွေ့၍ အင်္ကျီများရွေးယူနေစဉ် ကိုင်ဆောင်လာသည့် လက်ကိုင်အိပ်ကိုချထားရာမှ လုယက်ခံခဲ့ရခြင်းဖြစ်ပြီး ဖုန်းထဲအရေးကြီးအချက်လက်များနှင့် သူများအားပေးရန်ယူလာသည့်ငွေများ ပါသွားခြင်းဖြစ်သည်ဟု လုယက်ခံရသူနှင့်အတူလိုက်ပါလာသည့် တူတော်စပ်သူ အောင်ကိုကိုဇော် ကပြောသည်။

“ ကျနော်တို့ဈေးသွားကြတာ။ ကျနော့်အန်တီမှာက ဝယ်စရာရှိတာလည်းဝယ်ရင်း သူများကိုပေးစရာရှိတာလေးလည်းပေးမယ်ဆိုပြီး ငွေတွေထည့်လာခဲ့တာပါ။ အဲဒီမှာ ဈေးရှေ့က ဘေထုတ်တွေတွေ့တော့ အင်္ကျီထိုင်ရွေးနေတုန်း ကိုင်လာတဲ့အိတ်ကိုချထားတာ။ အမျိုးသမီးတစ်ယောက်ကဘေးနားမှာ ရစ်သီရစ်သီလုပ်နေတာတော့သတိထားမိတော့ အချိန်လည်းသိပ်မကြာပါဘူး။ အိတ်ကိုကြည့်လိုက်တော့ အိပ်မရှိတော့ဘူး။ အဲဒီအမျိုးသမီးကိုရှာကြည့်တော့လည်း သူ့လည်းမတွေ့တော့ဘူး” ဟုပြောသည်။

လုယက်သူသည် မည်သူမည်ဝါဖြစ်သည်ကို သိရှိနိုင်ရန် ဈေးရှေ့တပ်ထားသည့် CCTV အားကြည့်ရန်မေးကြည့်ရာ CCTV မှာပျက်နေပြီဟုဆိုကာပြောဆိုပြီး အဆိုပါကိစ္စအား ရဲစခန်းအားတိုင်တန်းထားသည်ဟု ပြောသည်။

စစ်တွေမြို့ အမှတ်(၁) ရဲစခန်းမှ စခန်းမှူး ဆန်းကျော်ဝင်းက လာတိုင်ကြားမှုရှိ၍ နေရာသို့သွားရောက်ကြည့်ခဲ့ပြီး ကာယကံရှင်များမှ အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဖွင့်ထားခြင်းများမရှိဟု ပြောသည်။

စစ်တွေမြို့ဈေးတာဝန်ခံကလည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ CCTV ကြည့်ရန်မှာလည်း ဈေးတွင် လက်ရှိတပ်ဆင်ထားသည့် CCTV ၄ လုံးပျက်နေသည်မှာ ၅ လခန့်ရှိပြီဖြစ်ပြီး နောက်ထပ် အလုံး ၂၀ အသစ်ထပ်တပ်ရန်ပြင်ဆင်နေသည်ဟုပြောသည်။

“ ဖြစ်တာကတော့ ဈေးတွင်းမဟုတ်ဘူး အပြင်ဘက်ကျတယ်။ စုံစမ်းဖို့ကျတော့လည်း ယူသွားတဲ့သူက ဘယ်သူမှန်းမသိလိုက်ဘူး။ သူတို့ကအင်္ကျီအရောင်လေးတောင်မမှတ်မိဘူးပြောတယ်။ CCTV ကြည့်ဖို့က ဈေးမှာတပ်ထားတာ ၄ လုံးကပျက်နေတာ လေးငါးလလောက်ရှိပြီ။ နောက်ထပ်အလုံး ၂၀ ထပ်တပ်ဖိူ့တော့ပြင်ထားတယ်” ဟုပြောသည်။

စစ်တွေမြို့တွင် ခိုးမှု၊ လုယက်မှုတို့မှာ ရပ်ကွက်နေပြည်သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကာယကံရှင်များ၏ လူမှုကွန်ရက်တွင်ရေးသားဖော်ပြချက်များအရ ၎င်းဖြစ်စဉ်တို့များစွာဖြစ်ပွားမှုရှိကြောင်း သိရှိရသော်လည်း ရဲစခန်းတွင်မှု အဆိုပါကိစ္စများနှင့်ပတ်သက်၍ လာရောက်တိုင်တန်းသူနည်းပါသည်ဟု သိရသည်။

Western News-WN


ဆက်စပ်စကားလုံများ : #Sittwe
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်