PR
test1

PR စနစ်က စစ်ကောင်စီရဲ့ နိုင်ငံရေး ထွက်ပေါက်လား




Western News-ဇန်နဝါရီ ၄ ရက်

ဆောင်းပါး အနှစ်ချုပ်

ဤဆောင်းပါးတွင် စစ်ကောင်စီ တင်မြှောက်ထားသော UEC က စီစဉ်နေသည့် PR ရွေးကောက်ပွဲ စနစ်ကို ရခိုင်ပါတီတို့၏ အမြင်၊ PR စနစ်၏ အားနည်းချက် အားသာချက်၊ နိုင်ငံရေးပါတီတို့နှင့် မတူညီသည့် သဘောထား၊ ၊ PR စနစ် ရှုပ်ထွေးပုံ၊ PR စနစ်က အကျိုးအမြတ်ကို ဘယ်သူရသလဲ စသည့် အကြောင်း အရာတို့ကို လေ့လာ ထောက်ပြ ရေးသားထားသည်။

နိဒါန်း

၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်ခဲ့သည် ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီး ဆယ်လကျော်အကြာမှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲပြန်လည် ပြုလုပ်ပေးမည်ဟု ပြောဆိုလာသည်။ ယင်းရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ် ပုံစံအကြောင်းကို ရန်ကုန်တွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲတခုကို ဒီဇင်ဘာ  ၂၄ရက် မှ ၂၆ ရက်အထိ သုံးရက်တာ ပြုလုပ်ခဲ့သည်။

PR ဆွေးနွေပွဲ ရလာဒ်

ဆွေးနွေးပွဲတက်ရောက်ခဲ့သည့်  မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် နိုင်သလညီ က “ PR စနစ်နဲ့ သွားမယ်ဆိုတော့ လွှတ်တော်ထဲမှာ ပါတီစုံတွေပါလာမယ်။ ပါတီတခု နှစ်ခုက လွှတ်တော်ထဲမှာ လွှမ်းမိုးတာ။ အစိုးရအဖွဲ့ကို လွှမ်းမိုးတာတို့ ဒါတွေ နည်းလာမယ်။ နောက်ပြီးတော့ တိုင်းရင်းသားပါတီ တော်တော်များများက လွှတ်တော်ထဲမှာ ပါလာမယ်လို့ ကျနော်တို့မြင်တယ် ” ဟု MRTV သို့ ပြောဆိုခဲ့သည်ကို မြင်ရသည်။

ထိုဆွေးနွေးပွဲသို့ တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ စုစုပေါင်း ၉၀ ကျော်အထဲမှ နိုင်ငံရေး သြဇာကြီးမားသည့် NLD၊ SNLD၊ ANP စသည့် ပါတီများ မတက်ရောက်ခဲ့ဘဲ USDP (ကြံ့ခိုင်ရေးပါတီ) နှင့် ၎င်းတို့နှင့် မဟာမိတ် ပါတီငယ်များနှင့် စစ်ကောင်စီ၏ ကျောထောက်နောက်ခံ ပါတီ အများစုသာ တက်ရောက်ခဲ့ကြသည်ကို တွေ့ရသည်။

ရခိုင့် နိုင်ငံရေးသမားတဦးဖြစ်သူ ဒေါက်တာအေးမောင်က “ PR စနစ်က မျှတပါတယ်။ ဥရောပနိုင်ငံ တော်တော်များမှာ ကျင့်သုံးကြတယ်။ ဥရောပက ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတွေမှာ ကျင့်သုံးတယ်။ PR စနစ်နဲ့ FPTP ရဲ့ ခြားနားချက်က FPTP က တမဲအသာရရင် အနိုင်ယူသွားတယ်။ ကျန်တဲ့ မဲတွေအားလုံးကို မျက်ကွယ်ပြုတယ်။ ကျန်တဲ့ မဲတွေ မဲပေးလိုက်သူ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးက ဆုံးရှုံးတယ်။ ဒါကတော့ FPTP စနစ်ရဲ့ အားနည်းချက်ပေါ့နော်။ PR စနစ်ရဲ့ အားသာချက်ကတော့ အနိုင်မရ၊ တမဲရှုံးလို့ တဖက်ပါတီကို မဲပေးလိုက်တဲ့ သူတွေရဲ့ မဲမဆုံးရှုံးဘူး ” ဟု  ဆိုသည်။

ထိုပွဲသို့ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရခိုင့်ဦးဆောင်ပါတီ AFP  အပါအဝင် နိုင်ငံရေးပါတီ ၆၂ ခုတို့မှ တက်ရောက်ခဲ့ကာ PR ကျင့်သုံးရန် အခြေခံအားဖြင့် သဘောတူ ထားသည်။

PR စနစ်အကြောင်း အနည်းငယ်

မြန်မာနိုင်ငံတွင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထိ အထွေထွေ ရွေးကောက်ပွဲကြီး သုံးကြိမ်ကျင်းပခဲ့ပြီး ဖြစ်သည်။ ထို ရွေးကောက်ပွဲစနစ်မှာ အများစု ကိုယ်စားပြုစနစ် (Plurality Majority System) ဖြင့် အနိုင်ရသူ အကုန်ယူစနစ် (Frirst Past the Post ) FPTP စနစ်ကို ကျင့်သုံးခဲ့သည်ကို တွေ့ရသည်။ ယခုတခါ  FPTP စနစ်ကို ပယ်ဖျက်ပြီး မြန်မာပြည်သူတို့ တခါမှ ထိတွေ့မှုမရှိသေးသည့် PR စနစ်ကို အသက်သွင်းရန် စစ်ကောင်စီက ကြိုးစားလာနေခြင်းမှာ ဘာကြောင့်လဲဟု စဉ်းစားစရာ ရှိလာသည်။

PR စနစ်ဆိုသည်မှာ အချိုးကျ ကိုယ်စားပြုစနစ် (Proportional Representation) PR System ဟု ခေါ်သည်။ ၎င်းစနစ်မှာ (၁) ပါတီအလိုက် အမည်စာရင်းကို ရွေးချယ်သောစနစ် (List Proportional Representation) ၊ (၂) ပေါင်းစပ်ထားသော အချိုးကျ ရွေးချယ်သည့် စနစ် (Mix Member Proportional System) နှင့်၊ (၃) လွှဲပြောင်း ပေးနိုင်သော မဲတမဲစနစ် (Single Transferable Vote System) တို့အပြင် တခြား ရှုပ်ထွေးလှသည့် ဒီဇိုင်း ကျင့်သုံးပုံ စနစ် အမျိုးမျိုးရှိသည်ကို တွေ့ရသည်။

PR စနစ်ကို ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ မောတာလ်၊ အိုင်ယာလန်၊ ဆွီဒင်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဆွစ်ဇာလန်၊ အာဂျင်တီးနား၊ ဘရာဇီး၊ ကိုလန်ဘီယာ၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ နယူးဇီလန်၊ ရုရှား၊ ဥရုဂွေ့၊ ဟောင်ကောင်၊ မက္ကဆီကို စသည့် နိုင်ငံတချို့မှာ ကျင့်သုံးနေကြသည်။ ယင်းအထဲတွင်

ရုရှားနိုင်ငံက ပါတီအလိုက် အမည်စာရင်းကို ရွေးချယ်သောစနစ်၊ ဂျာမနီနိုင်ငံက ပေါင်းစပ်ထားသော အချိုးကျ ရွေးချယ်သည့် စနစ်၊ မောလ်တာနိုင်ငံက လွှဲပြောင်း ပေးနိုင်သော မဲတမဲစနစ် စသည်ဖြင့် အမျိုးမျိုးကွဲပြားကာ ကျင့်သုံးနေကြသည်ကို တွေ့ရသည်။

ဘယ်သူတွေ အားနည်းပြီး ဘယ်သူတွေက အားသာလဲ

PR စနစ်နှင့် ပတ်သက်ပြီး မြန်မာ့နိုင်ငံရေး လောကသားတို့ကြားတွင် မတူညီသည့် သဘောထား တို့ကိုလည်းတွေ့နေရသည်။ ယင်းမှာလည်း PR စနစ် မှာလည်း တပ်မတော်ဘက်က ၂၅ ရာခိုင်နှုန်း ယူထားသည့် ကိစ္စရှိကြောင့် ပြည်သူလူထုအတွက်ကတော့ အကျိုးမရှိနိုင်ဟုလည်း သုံးသပ်နေကြသည်။

ယင်းကြောင့် ရှုံးဖို့မျာသည့် နိုင်ငံရေးပါတီ ငယ်များကလည်း က  PR စနစ်အပေါ်  ကြိုက်နှစ်သက်သည်ကို တွေ့မြင်နိုင်သလို၊ လူထုထောက်ခံမှု အင်အားကြီး နိုင်ဖို့သေချာသည့် အင်အားကြီး ပါတီများကတော့ PR ကို သဘောမတူကြပေ။

PR စနစ်မှာ တနိုင်ငံလုံးအတိုင်းအတာနှင့် အချိုးချကာ အမတ်ရွေးချယ်ရသည့် စနစ်ဖြစ်သည့်အတွက် ပြည်မတွင် USDP နဲ့ NLD တို့ အချိုးချလိုက်လျှင် NLD က ၂ ပုံရလျှင် USDP က တပုံရမည်မှာ သေချာနေသည်။ ရခိုင်တွင်လည်း ANP၊ NLD တို့မှာ တပြည်နယ်လုံး အပြတ် အနိုင်ရသည်ဆိုသည်မှာ မရှိတော့ပေ။ ယင်းစနစ်မှာ တဖက်ကကြည့်ရင် မျှတနေသည်။ သို့သော်လည်း အခြား တဖက်က အစိုးရဖွဲ့သည့် အခါမှာ အင်အားလျော့သွားမည်ကို တွေ့နိုင်သည်။

ထိုအချက်တွင် NLD က သီးသန့် အားကောင်းသော အစိုးရ မဖွဲ့နိုင်တော့ပေ။ ဆိုလိုသည်မှာ  အားလုံးပေါင်း ၁၀၀ % တွင်  ၇၅ % ပဲရှိနေသည်။ ယင်းအထဲက ၂၅% ကို စစ်တပ်က အလိုအလျှောက် ယူထား ပြီးသားရှိနေသည့်အတွက်  အဓိက အရေးကြီးဆုံး ၇၅% ကို ကျော်ရန် မလွယ်ကူတော့ပေ။ ကြံ့ခိုင်ရေးကလည်း အလိုအလျှောက် ပါဝင်နေပြီးသား ဖြစ်နေသည်ကို တွေ့ရမည်။

ရခိုင့်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက “ အားလုံးပေါင်း ၁၀၀ မှာ ၇၅ % ပဲရှိနေတာ အဲဒီမှာ စစ်တပ်က အလိုလို ၂၅% ယူထားပြီးသားလေ။ ဆိုတော့ ပြိုင်ကတည်းက ၇၅% ကိုပြိုင်နေကြရတာ။ အဲဒီမှာ ၇၅% ကျော်ဖို့မလွယ်တော့ဘူး။ ကြံ့ခိုင်ရေးကလည်း အလိုအလျောက် ပါနေပြီးသား ဖြစ်နေတယ်” ဟု ဆိုသည်။

ယင်းအပြင် PR စနစ်မှာ အင်အားကြီးသည့် အစိုးရတရပ် မဖြစ်တော့ဘဲ ညွန့်ပေါင်းအစိုးရပဲ ဖြစ်လာမှာ သေချာနေသည်။ထိုညွန့်ပေါင်းအစိုးရဖြစ်လာမှာကို စစ်တပ်ကလိုလားသည်မှာ အင်အားပြည့်သည့် အစိုးရတရပ်ဖြစ်လျှင်  စစ်တပ်က လုပ်ချင်ရာလုပ်ဖို့ အကျပ်တွေ့သည့် သဘောကိုလည်း ဖြစ်နေကို တွေ့ရသည်။

ညွန့်ပေါင်း အစိုးရကို စစ်တပ်က လိုလားနေ သလို ကြံ့ခိုင်ရေးကလည်း နှစ်သက်ပုံပေါ်သည်။ ယင်းအပြင် PR စနစ်မှာ စစ်အာဏာရှင် အသက်ရှည်ဖို့ အကျိုးပြုနေကြောင်းလည်း နိုင်ငံရေးသမားတို့က သုံးသပ်ထားသည်။

ဦးဖေသန်းက “ ပထမအချက်က လွှတ်တော်ထဲမှာ ဥပဒေပြုတဲ့ အခါ အင်အားမရှိတော့ဘူး။ လုပ်ရ ကိုင်ရ လွယ်သွားတယ်။ ဒုတိယတော့ စစ်တပ်နဲ့ အစိုးရပေါင်းပြီးတော့ လွှတ်တော်ထဲကနေ အစိုးရဖွဲ့နိုင်တယ်။ ဒါကြောင့် PR စနစ်ဟာ ရေရှည်မှာ စစ်အာရှင်စနစ်ရှည်ဖို့အတွက် အကျိုးပြုတယ် ” ဟု ထောက်ပြသည်။

သို့သော်လည်း ယခင်နှစ်များက လွှတ်တော်ထဲတွင် အမတ်နေရာလုံးဝမရှိခဲ့သည့် တိုင်းရင်းသားပါတီ ငယ်တို့အတွက်က အမတ်နေရာရရှိနိုင်သည့်အတွက် အားသာချက်ရှိကြောင်လည်း ပြောဆိုနေကြသည်။

ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီမှ (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်) ဦးအားနိုင်က  “ သေချာတာကတော့ PR စနစ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားပါတီ အငယ်လေးတွေကတော့ ဘဲဥကွဲမယ်ပေါ့။ သေချာပေါက် လွှတ်တော်ထဲကို ရောက်မယ် ” ဟု ပြီးခဲ့သည့် PR ဆွေးနွေးပွဲတွင် MRTV သို့ ပြောဆိုထားကို တွေ့ရသည်။

PR စနစ်နဲ့ ရခိုင့်ပါတီတွေ သဘောထား

စစ်ကောင်စီ UEC က ခေါ်ယူနေသည့် PR နှင့်ပတ်သက်သော ဆွေးနွေးပွဲသို့ ရခိုင်နိုင်ငံရေးပါတီများ ဖြစ်ကြသော ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) နှင့် ရခိုင့်ဦးဆောင်ပါ တီ(AFP)တို့ သုံးခုအနက် AFP ပါတီတစ်ခုတည်းသာ တက်ရောက်ခဲ့ပြီး ကျန်ပါတီနှစ်ခုကတော့ တက်ရောက်ခြင်း မရှိပေ။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ပြုလုပ်ခဲ့သည့် PR စနစ်နဲ့ပက်သက်ပြီး အစည်းအဝေးကို ရခိုင့်ဦးဆောင်ပါတီ (AFP) ကိုယ်စား ပါတီ တာဝန်ရှိသူနှစ်ဦးတက်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ANP ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်သူ ဦးထွန်းအောင်ကျော်က “အခုတခါ ကျနော်တို့နဲ့ တခါမှ မတွေ့သေးတဲ့ PR စနစ်ကို ထပ်ပြီးကျင့်သုံးဖို့ အတွက် လုပ်နေကြတာဟာ စိတ်မသက်သက်စရာပဲ။ အခုတခါ ၂၀၀၈ ဖွဲ့စည်းပုံလည်း မပျက်သေးဘူး။ တပ်မတော်ကလည်း ၂၅% ကို ယူထားသေးတယ်ဆိုတော့ ဘယ်ပုံ စံ ဖြစ်လာ မလဲ။ PR စနစ်ဖြစ်တဲ့အတွက် ဘယ်လိုပုံစံမျိုး လုပ်မလဲဆိုတာကိုတော့ အမျိုးမျိုးရှိအုံးမှာပေါ့” ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီ UEC တာဝန်ရှိသူတို့ကတော့ ပါတီအလိုက် အမည်စာရင်းကို ရွေးချယ်သောစနစ် (List Proportional Representation) ကို ဖြစ်နိုင်ခြေများကြောင်းလည်း ပြောဆိုထားသည်။ ဤ စနစ်မှာ ပါတီကိုသာ မဲပေး ရွေးချယ်ခြင်းဖြစ်သလို PR တွင် အသုံးများဆုံး စနစ်လည်းဖြစ်သည်။

ပါတီများသည် မဲဆန္ဒနယ်မြေတခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စားရင်းကို တင်သွင်းစရာ မလိုဘဲ ကိုယ်စားလှယ်အဖြစ် လျာထားသူများကိုသာ အမည်စာရင်း ထားရသည်။ မဲဆန္ဒရှင်များက မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမျိုး မဟုတ်ဘဲ ပါတီ၏ မူဝါဒကို ကြည့်၍ ပါတီကိုသာ မဲပေးရခြင်းဖြစ်သည်။

ဦးထွန်းအောင်ကျော်က “ ANP ကတော့ စဉ်းစားနေတုန်းပဲ။ PR စနစ်ကိုလည်း နိုင်ငံတော်အချို့မှာလည်း ကျင့်သုံးနေကြတာ တပုံစံတည်းမဟုတ်။ နိုင်ငံအများအပြားမှာ ကိုယ့် ပုံစံနဲ့ ကိုယ်ရှိသေးတယ်။ အခုလည်း မြန်မာနိုင်ငံမှာ ကျင့်သုံးလာရင်ရော ဒီပုံထဲက ဗမာတို့ရဲ့ ပုံစံပဲဖြစ်လာမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဒီနိုင်ငံဟာ အခြားနိုင်ငံတွေနဲ့ စိတ်ကူးစိတ်သန်းတွေက လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံရောထွေးနေတော့ ပုံစံတွေက ရှုပ်ထွေးနေအုံးမယ်လို့ မြင်တယ်။ ဒါကြောင့် ကျနော်တို့က အစည်းအဝေးခေါ်လို့ တက်တယ်ဆိုတာ ထက် သေသေ ချာချာ လေ့လာနေသေးတယ် ” ဟု ပြောသည်။

ပါတီတွင်း ပြဿနာရှိ

ပါတီအလိုက် အမည်စာရင်းကို ရွေးချယ်သော PR စနစ်တွင် ကိုယ်စားလှယ်နာမည် ပျောက်နေသလို ပါတီအတွင်း ကိုယ်စားလှယ် စာရင်းထားရခြင်းသာ ဖြစ်သည်။  ထိုအခါ ပါတီထဲက အမတ်လောင်း နာမည်များကို စီးရီအလိုက် ဦးစားပေးက မည်သူဖြစ်ကြောင်းကို စီစဉ်ထားရသည်။ ယင်းအထဲက ဥပမာ ရခိုင် ၁၇ နေရာမှ ၁၀ နေရာရခဲ့မည် ဆိုလျှင် ၇ ယောက်က ချန်ထားခဲ့မည်ဖြစ်သည်။ ထိုအချက်မှာ လျာတား ထားသည့် အမတ်လောင်း များနှင့် အပေါ်နာမည်ရှိ အမတ်လောင်းများ အချင်းချင်း စိတ်ဝမ်းကွဲစေမည့် ပါတီတွင်း ပြဿနာတို့ ရှိနေမည်ဖြစ်သည်။

ယင်းမှ တခါ PR စနစ်တွင် UEC ၏ လုပ်ပိုင်ခွင့်ထဲမှ အရေးကြီးဆုံး အချက်တခုမှာ မဲဆန္ဒနယ် သတ်မှတ်ခြင်းပင်ဖြစ်သည်။  UEC က မဲဆန္ဒနယ်တို့ကို ကြိုက်သလို သတ်မှတ်ပေးနိုင်သည့်  လုပ်ပိုင်ခွင့် ကစားကွက်ကောင်းများလည်း ရှိနေသေးသည်။ ယင်းကြောင့်PR စနစ်အပေါ်တွင် နိုင်ငံရေးသမား၊ ပါတီတို့မှာ သဘောထားကွဲလွဲမှုတို့ ရှိနေခြင်းဖြစ်ကြောင်းလည်း တွေ့ရသည်။

ထို့အတူ ရခိုင့်နိုင်ငံရေးသမားများနှင့် ပါတီတို့တွင်လည်း PR အပေါ်တွင် သဘောထားကွဲလွဲမှုတို့ကို မြင်တွေ့ရမည်ဖြစ်သည်။ ယင်းသို့ဖြစ်ရခြင်းမှာ ပါတီသို့မဟုတ် လူပုဂ္ဂိုလ်တဦး သို့မဟုတ် အဖွဲ့အစည်းတို့၏ နိုင်ငံရေးအယူအဆ၊ ရေချိန် ရင့်ကျက်မှုနှင့်သာ သက်ဆိုင်ကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။

ဒေါက်တာအေးမောင် “ လက်ရှိမှာ PR စနစ်ကို မကြိုက်မနှစ်သက်သူတွေ ဘက်ကတော့ နိုင်ငံရေးရေချိန်နဲ့ ဆိုင်တယ်။  ပါတီတခုပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တဦးပဲဖြစ်ဖြစ် သူ၏ နိုင်ငံရေး ရေချိန် ဘယ်လောက်ရင့်ကျက်တယ် ဆိုတာနဲ့ ဆိုင်တယ်။ ကိုယ့်အသိ နည်းနည်းလောက်နဲ့ အရာရာကို ဆန့်ကျင်လို့ မရ။ ကျယ်ကျယ် ပြန့်ပြန့်တွေး ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရတယ် ” ဟု မှတ်ချက်ပြုသည်။

ထို့အပြင် စစ်ကောင်စီက  စီစဉ်နေသည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မလားဆိုတဲ့ မေးခွန်းကလည်း ရှိနေသည်။ ထို့အတူ ယင်းထက်အရေးကြီးသည်မှာ လက်ရှိမှာ စစ်ကောင်စီရဲ့ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုများ နိုင်ငံတဝန်း PDF လှုပ်ရှားမှုများ ဖြစ်ပွားနေတာကို ကြည့်လျှင် တရားမျှတသည့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာလည်း လုံးဝ မလွယ်နိုင်ပေ။

ယင်းမှ တခါ PR စနစ်နှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က လွှတ်တော်ထဲတွင် ကြံ့ခိုင်ရေးအမတ်၊ NLD ၊ ANP အပါအဝင် စစ်တပ်ကိုယ်စားလှယ်တို့က သူ့အမြင်ကိုယ့် အမြင်များအား  အချေအတင် အ ကြိတ်အနယ် ဆွေးနွေးခဲ့ ဖူးကာ ယင်းစနစ်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မကိုက်ညီဟုဆိုကာ ပြည်သူ့လွှတ်တော်ကနေ ဆုံးဖြတ်ခဲ့သည်။

PR က စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်လား

အခြားတဘက်၌လည်း မြန်မာနိုင်ငံရေး ပြဿနာမှာ  ၂၀၀၈ ဖွဲ့စည်းပုံပေါ်တွင် မူတည်နေသလို ရွေးကောက်ပွဲတွင် ဖျက်သိမ်းခံရမှုကြောင့် တခြားလူမျိုးစုတို့အပြင် ဗမာတိုင်းရင်းသားမျာကပင် တော်လှန်ရေး လုပ်နေကြသည့်အတွက် ဖွဲ့စည်းပုံ အသစ်တခုလိုအပ်ကြောင်း ပြောဆိုမှုတို့လည်း ရှိနေပြန်သည်။

ပြည်သူ့လွှတ်တော် အမတ်ဟောင်း ဦးအောင်သောင်းရွှေက “ ဒါကြောင့် သူတို့ PR ပဲပြောပြော၊ ယခင်က လုပ်ခဲ့တဲ့ FPTP (နိုင်လူအကုန်ယူစနစ်) ပဲ ပြောပြော။ ဒီရွေးကောက်ပွဲက ဖြစ်နိုင်ဖို့ နည်းတယ်။ ဒါကြောင့် အခုလိုတိုင်းရင်းသား၊ ဗမာတွေ အပါအဝင် လိုချင်နေကြတဲ့ တော်လှန်ရေးသမားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးခါမှ အားလုံးလိုချင်တဲ့ ဖွဲ့စည်းပုံတခုကို ချပြီးခါမှ ရွေးကောက်ပွဲ လုပ်သင့်တယ်လို့ မြင်တယ် ” ဟု ဆိုသည်။

ယင်းအပြင် ယခင်စစ်အစိုးရဖြစ်သော ဦးသန်းရွှေခေတ်ကလည်း ခြေဥအသစ်တခုပြဌာန်းကာ နိုင်ငံရေးမှ ထွက်သွားသလို ယခု PR ရွေးကောက်ပွဲစနစ်မှာလည်း စစ်အစိုးရ၏ နိုင်ငံရေးထွက်ပေါက်တခုသာဖြစ်ကြောင်းလည်း ဦးအောင်သောင်းရွှေကဝေဖန်သည်။

“စစ်တပ်ဘက်က ထွက်ပေါက်ကို ရှာတာ။ သူတို့ရဲ့ ထွက်ပေါက် ရွေးကောက်ပွဲပဲ ရှိတယ်လေ။ ဒါကြောင့် ဒီရွေးကောက်ပွဲကို ဘယ်လိုလုပ်မလဲ။ ထွက်ခါနီး ဘာတွေပေးခဲ့မလဲ။ သူတို့ကတော့ အရှင်ထွက်ချင်တဲ့ အတွက်ပါ။ အသေထွက် အရှင်ထွက်ဆိုတာရှိတာကိုး။ ဒါကြောင့် (စစ်တပ်က) ထွက်ပေါက်ရှာနေတာလို့  ပြောတာ။ ဦးသန်းရွှေဘယ်လို ထွက်သွားလဲဆိုတာ ၂၀၀၈ ကိုပြဌာန်းပြီးတော့ ထွက်သွားတယ် ” ဟု ဆိုသည်။

နိဂုံး

အချုပ်အားဖြင့် ဆိုသော် အထက်ပါ PR ကြောင်းအရာများကို လေ့လာခြင်းအားဖြင့် ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်မှာ အင်အားကြီးသည့် ပါတီက PR စနစ်ကို မကြိုက်ပေ။ အင်အားနည်းသည့် ပါတီကတော့ PR စနစ်ကို လက်ခံနှစ်သက်သည်ကို တွေ့မြင်နိုင်မည်။

အားလုံးဘက်က ကြည့်လျှင် တရားမျှတသည်ဟု မြင်နိုင်သလို ယင်း၏ အကျိုးအမြတ်ကို  ၂၅% ကို လက်ဝယ်ကိုင်ကာ စစ်တပ်က လွှတ်တော်အခင်းအကျင်းတွင် အားသာနေဦးမည်ဖြစ်ကြောင်း သုံးသပ်ရေးသားလိုက်ရသည်။

 ဂေါင် – ရေးသားသည်

Western News-WN


ဆက်စပ်စကားလုံများ : #PR စနစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်