AA AND Rakhine Muslim relationship
test1

မွတ်ဆလင်၊ ရခိုင်နှင့် မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲ ULA ဦးစီးပြုလုပ်


Western News-ဇန်နဝါရီ ၂ ရက်၊ ၂၀၂၂

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဗိုလ်မင်းရပ်ရွာတွင် မွတ်ဆလင်၊ ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများ ချစ်ကြည်ရေးဘောလုံးပွဲကို ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဇန်နဝါရီ ၁ ရက်နေ့ထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဦးစီးကျင်းပခဲ့သည်။

အဆိုပါ ဘောလုံးပွဲကို ကျောက်တော်မြို့နယ်ရှိ မွတ်ဆလင်ကျေးရွာများမှ ဘောလုံးအသင်း ၁၄ သင်း၊ မြို ၂ သင်း၊ ခမီ ၁ နှင့် ရခိုင် ၄၃ သင်း စုစုပေါင်း ၅၈ သင်းပါဝင်ကစားခဲ့ကြသည်။

ဘောလုံးပွဲကို လာရောက် အားပေးကြည့်သည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်များအား တွေ့ရစဥ်

 ထိုသို့ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပပေးခြင်းကြောင့် လူမှုအသိုင်းအဝန်းများကြား လူမှုသဟဇာတ ဖြစ်မှုကို အထောက်အကူ ဖြစ်စေကြောင်း ကျောက်တော်မြို့နယ် မွတ်ဆလင်ရေးရာ လူထုစည်းရုံးရေးခေါင်းဆောင်တစ်ဦးက ပြောသည်။

“ULA ကကျင်းပတဲ့ ဘောလုံးပွဲရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ အသိုင်းအဝိုင်းများကြား ပြန်လည်သဟဇာတဖြစ်ရေးကို ကျနော်တို့အနေနဲ့ အခုဘောလုံးပွဲကျင်းပဖို့ စဆွေးနွေးကတည်းကရပြီးတော့ နောက်နောင်မှာလည်း ပိုပြီးတော့ ခိုင်မာလာအောင် အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ၏ အုပ်ချုပ်မှုအောက်တွင် မွတ်ဆလင်များအနေဖြင့် အရင်ထက် ပိုမို လုံခြုံမှုကို ခံစားရရှိလျက်ရှိကြောင်းနှင့် လက်ရှိအချိန်တွင် မွတ်ဆလင်များအနေဖြင့် ကျေးရွာများအရေးအရာနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်များကို အပြည့်အဝ ရရှိထားကြောင်း ၎င်းကဆက်ပြောသည်။

ရခိုင်နှင့် ရခိုင်ပြည်ရှိ မွတ်ဆလင်များ ကွင်းဖွင့်ပွဲမြင်ကွင်း

“ULA ကမွတ်ဆလင်ရေးရာအဖွဲ့တွေ ဖွဲ့ပေးပြီး မွတ်ဆလင်အရေးနှင့်ပတ်သက်ပြီးတော့ သူတို့က ဘာမှ ဝင်စွက်ဖက်တာမရှိဘူး။ မွတ်ဆလင်အရေးအရာကို မွတ်ဆလင်တွေ ကိုယ်တိုင်ပဲ ဖြေရှင်းခွင့်ရတယ်။ တကယ်လို့ မွတ်ဆလင်တွေ အချင်းချင်းကြား သဟဇာတ မကျတာရှိရင်လည်း ပြန်ပြီးတော့ သင့်မြတ်အောင် ULAကကြားဝင်စီစဥ်ဆောင်ရွက်ပေးတာတွေရှိပါတယ်၊ သူတို့နှင့်ကျရင် အားလုံးအဆင်ပြေပါတယ်” ဟု ဆိုသည်။

မွတ်ဆလင်နှင့် ရခိုင်ကြား ပဋိပက္ခဟု ခေါင်းစဥ်တပ်ခံခဲ့ရသည့် ဖြစ်ရပ်များသည် အုပ်ချုပ်သူများ၏ စနစ်တကျ လုပ်ကြံဖန်တီးမှုကြောင့်သာ ဖြစ်ကြရခြင်းဖြစ်ပြီး လက်ရှိတွင် သူတို့ အုပ်စိုးနိုင်မှု မရှိသည့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုမှာ မည်သည့် ပဋိပက္ခမှ မရှိသည်ကိုတွေ့ကြရမည်ဖြစ်ကြောင်း ချစ်ကြည်ရေးဘောလုံးပွဲ ဖြစ်မြောက်ရေး ကော်မတီဦးဆောင်သူ ဦးဗိုသောင်းက ပြောသည်။

“ရခိုင်နှင့် မွတ်ဆလင်တွေကြားမှာ ပဋိပက္ခဖြစ်အောင် အုပ်ချုပ်သူတွေကို စနစ်တကျ စီစဥ်ဖန်တီးခဲ့ကြတယ်။ ကမ္ဘာ့စာမျက်နှာတွေမှာလည်း ရခိုင် မွတ်ဆလင် ပဋိပက္ခဆိုပြီး ခေါင်းစဥ်တပ်ခဲ့ကြတယ်။ တကယ်တော့ ဒါဟာ နိုင်ငံရေးအရ အမြတ်ထုတ်လိုတဲ့ အုပ်ချုပ်သူတွေက လုပ်ကြံခဲ့တဲ့ ပြဿနာတွေသာ ဖြစ်ပါတယ်။ အခုဆိုရင် ULA/AA အုပ်ချုပ်မှုအောက်မှာ ကျနော်တို့ ဘာပြဿနာမှ မရှိဘူး အတူလက်တွဲပြီး ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပနိုင်တယ်။ အေးအေးချမ်းချမ်းနေထိုင်နိုင်ကြတယ်” ဟု ဆိုသည်။

ပြိုင်ပွဲတွင် ပထမဆုဖလားကို Eleven(A) အသင်း၊ ဒုတိယဆုကို အုပ်ချုပ်ရေးအသင်း နှင့် တစ်သင်းလုံး အသန့်ရှင်းဆုံးဆုကို အပေါက်ဝအလယ်မွတ်ဆလင်အသင်းက အသီးသီး ဆုရရှိသွားကြသည်ဟု သိရှိရသည်။

Western News-WN


ဆက်စပ်စကားလုံများ : #ရက္ခိုင့်တပ်တော်#ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်