Western News
test1

လူငယ်အတွေး လူငယ်အရေး


(အတွေးအမြင်ဆောင်းပါး)

Western News-ဇန်နဝါရီ ၈ ရက်

လက်ရှိမြန်မာနိုင်ငံရေးဟာ သက်မှတ်ချက် ဘောင်တွေထဲမှာ ပိတ်မိနေတဲ့ နိုင်ငံရေးတစ်ခုလို့ ဆိုချင်ပါတယ်။ အပြောင်းအလဲ မရှိ၊ တိုးတက်ဖြစ်ထွန်းမှု မရှိ၊ ဒီမိုကရေစီ ဆိုသော်ငြားလည်း အာဏာရှင်စနစ်ကို အမြစ်တွယ်နေတဲ့နိုင်ငံမှာ (Socialism) ဆိုရှယ်လစ်ဝါဒကိုအခြေခံပြီး ပေးထားချက် အတိုင်း ဆက်လုပ်နေသည့် နိုင်ငံလို့သာ ဆိုချင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးသမား၊ တော်လှန်ရေးသမားတွေနဲ့ ပိတ်လှောင်နေတဲ့ နိုင်ငံမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေဟာလည်း တဖြည်းဖြည်းနဲ့ မှုနျဝါးလာပါတော့တယ်။ လူငယ်တွေရဲ့ အဓိက အခန်းကဏ္ဍတွေ ပျောက်ကွယ်ရတာဟာလည်း နိုင်ငံကို အုပ်ချုပ်နေတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေနဲ့ စစ်ခေါင်းဆောင်တွေက လူငယ်တွေကို ထည့်တွက်စဉ်းစားမှု မရှိလို့ပဲ မြင်တယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံရဲ့ ခေါင်းဆောင်ဆိုသူတွေက ပိတ်မိနေတဲ့ လှောင်ရိပ်တွေကို တံခါးဖွင့် မကြည့်မိတဲ့အတွက်ကြောင့်လို့ ဆိုရမှာပါ။

ဒီလိုပြောရင် ကျွန်တော်တို့ လူငယ်တွေဟာ နိုင်ငံရဲ့ခေါင်းဆောင်ဆိုသူတွေကို အပြစ်ပြောတယ်၊ အပြစ်တင်တယ်လို့ အင်အားစုတွေက မြင်ကြပါလိမ့်မယ်။ နိုင်ငံရဲ့ ခေါင်းဆောင်ဆိုသူတွေက လူငယ်တွေကို ထည့်သွင်း မစဉ်းစားတာ။ လူနဲ့ စနစ် ဘယ်အရာက အဓိကကျသလဲ ဆိုတာကို ထည့်မတွက်တာ။ ထည့်သွင်းစဉ်းစားပြန်တော့လည်း ခွဲခြားဆက်ဆံမှုတွေနဲ့ ဘောင်ကျဉ်းကျဉ်းထဲမှာပဲ တဝဲဝဲလည် နေပါတော့တယ်။

အဲဒီအချက်တွေကြောင့်ပဲ လူငယ်တချို့ဟာ အယူဝါဒတွေ၊ အယူအဆတွေနဲ့ လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အစွဲအမျိုးမျိုးအောက်မှာ စိတ်ဝါဒသမားနဲ့ ရုပ်ဝါဒသမားဆိုပြီး ကွဲပြားသွားတတ်ကြတယ်။ တစ်ချို့လူငယ်တွေကျတော့လည်း စိတ်ဝါဒကို အခြေခံပြီး လူကပဲ အရေးကြီတယ်လို့ အစွဲပြုလာကြသလို၊ တချို့လူငယ်တွေကျပြန်တော့လည်း ရုပ်ဝါဒကိုအခြေခံပြီး စနစ်ကို အခြေကိုင် အစွဲပြုလာကြတယ်။ ဒီနေရာမှာ လူငယ်တွေရဲ့ အမြင်ချင်း တူညီမှု မရှိကြတော့ နိုင်ငံကိုလက်ဝါးအုပ်ချင်တဲ့ ခေါင်းဆောင်ဆိုသူတွေရဲ့ ကစားကွက်ထဲကို အလိုအလျောက် ရောက်သွားတော့တာပါပဲ။

ကျွန်တော်တို့ လူငယ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် စကားပြောဖို့ လိုအပ်လာပါတော့တယ်။ ပတ်ဝန်းကျင်ကို အမြင်ကျယ်ကျယ်နဲ့ ကြည့်တတ်ဖို့ လိုအပ်လာပါတယ်။ နိုင်ငံအုပ်ချုပ်နေတဲ့ လူကြီးတွေလည်း လူငယ်တွေကို စကားပြောခွင့်ပေးဖို့ အချိန်ကောင်းကို ရောက်နေပြီးလို့ မြင်တယ်။ လူငယ်တွေကို ပိတ်လှောင်မထားဖို့ လိုအပ်ပါတယ်။ တနည်းအားဖြင့် ဆိုရသော် နိုင်ငံတစ်နိုင်ငံဟာ စိတ်နဲ့ ရုပ်ပေါင်းစပ်ထား သလိုပါပဲ။ စနစ်ဆိုတာ ရုပ်ကမ္ဘာကို ဖန်တီးထားတယ်။ စိတ်ဆိုတာက လူကိုဖန်တီးတာပါပဲ။

ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေဟာ ကြောက်စိတ်တွေနဲ့ အသက်ရှင်နေရတယ်။ ရုပ်ကမ္ဘာကို ပြောင်းလဲဖို့ စနစ် ကောင်းတစ်ခုကို ဖန်တီးဖို့ ကျွန်တော်တို့ လူငယ်တွေကြောက်နေ ရတယ်။ ပတ်ဝန်းကျင် ပြုပြင် ပြောင်းလဲမှုရှိသလောက် ကျွန်တော်တို့ နေထိုင်တဲ့ ရုပ်ကမ္ဘာက ပြုပြင်ပြောင်းလဲမှုမှ မရှိတော့ ကြောက်စိတ်တွေ၊ သံဝေဂတွေနဲ့ အသက်ရှင်နေထိုင်နေရတဲ့ ကျွန်တော်တို့ ရုပ်ကမ္ဘာက အသက်ရှင် နေတာ အဓိပ္ပာယ် မရှိသလို လူငယ်တွေခံစားနေလာရတယ်။ ကျွန်တော်တို့ နေထိုင်နေတဲ့ရုပ်ကမ္ဘာမှာ စနစ်က ကောင်းတယ်။ လူတွေက မကောင်းတာလို့ ပြောရင်လည်း စနစ်က ထင်သလောက် မကောင်းနိုင်သေးဘူး။ အဲဒီအတွက်ကြောင့် လူတွေမကောင်းသေးတာလို့ ဖြေကောင်း ဖြေနိုင်ပါတယ်။ စနစ်ဆိုတာ လူကဖန်တီးပြောင်းလဲနိုင်တာ မဟုတ်ပါလား။ လူကပြောင်းလဲနိုင်မှ စနစ်ရော၊ လူပါ ကောင်းကြမှာ ဖြစ်ပါတယ်။ ရုပ်ကမ္ဘာကို အခြေခံပြီး လူကောင်းအောင် အရင်လုပ်နိုင်မှ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကောင်းတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။

ဒီနေ့ ကျွန်တော်တို့ လူငယ်တော်တော်များများမှာ ပြုပြင်လိုစိတ် ရှိကြတယ်။ အမျိုးသားညီညွတ်ရေး နိုင်ငံတစ်ခုကို ဖန်တီးချင်ကြတယ်။ သာတူညီမျှ တန်းတူရေးကို ဖန်တီးလိုစိတ်ရှိကြတယ်။ လွတ်လပ်ပြီးတရား မျှတသော နိုင်ငံကိုဖန်တီးခွင့် အိပ်မက် ကိုယ်စီရှိကြတယ်။ ဒီလိုဆိုရင် နိုင်ငံရဲ့အလွှာအသီးသီးက ခေါင်းဆောင်တွေဟာ လူငယ်တွေနားလည်ထားတဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဘာလဲလို့ မေးကောင်း မေးနိုင်တယ်။

ဒီမိုကရေစီရဲ့ အဓိကရေသောက်မြစ်ကို အကျဉ်းချုပ်ကြည့်ကြမယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ရေသောက်မြစ်သုံးသွယ်ဖြစ်တဲ့ အဓိကမဏ္ဍိုင်သုံးရပ်လို့ ဆိုနိုင်တဲ့ …………

(၁)။ ဥပဒေပြုရေး မဏ္ဍိုင်။

(၂)။အုပ်ချုပ်ရေး မဏ္ဍိုင်။

(၃)။ တရားစီရင်ရေး မဏ္ဍိုင်။

ဒီမဏ္ဍိုင် သုံးရပ်ကို အခြေခံအားဖြင့် အဓိကထားတာ ဖြစ်တယ်လို့လူငယ်တစ်ယောက်အနေနဲ့ မြင်မိတယ်။

နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ အဓိကမူလပိုင်ရှင်ဟာ ပြည်သူလူထုပဲဖြစ်တယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာဟာ လူထုထံတွင်ရှိတဲ့အတွက်ကြောင့် လူထုထံအာဏာရှိသောစနစ် (People’s Power)ဟု လည်းဆိုနိုင်ပါတယ်။ ဒါသည် ကျွန်တော်တို့ ရပိုင်ခွင့်ဖြစ်တယ်။ အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီဟု ခေါ်တွင်သုံးနေတာနဲ့ သင့်တင့်မျှတရဲ့လား။ ရုပ်ဝါဒသမားတွေ ရော၊ စိတ်ဝါဒသမားတွေပါ ဘယ်အရာတွေကို အခြေခံပြီး ပြောကြတာပါလဲ။ စိတ်ကို အခြေခံတဲ့လူလား၊ ရုပ်ကိုအခြေခံတဲ့ စနစ်လားဆိုတဲ့ ရောထွေးမှုတွေ အောက်မှာ လူငယ်တွေ လမ်းပျောက်နေနေရတယ်။

ကျွန်တော်တို့နိုင်ငံမှာ လူငယ်တွေဟာ (Socialist) ဆိုရှယ်လစ် လမ်းစဉ် ကောင်းကြောင်း ပြောသူတွေက ပြော၊ (Modern Democracy) မော်ဒန်ဒီမိုကရေစီကို အခြေခံတယ်လို့ ဆိုသူတွေက ဆို၊ (Liberal Democracy) လစ်ဘရစ်ဒီမိုကရေစီကို အမွန်းတင်ပြီး အားပေးသူက အားပေးနဲ့ လူမျိုးရေး၊ ပါတီရေး၊ ပုဂ္ဂိုလ်ရေး အစွဲတွေအောက်မှာ လူငယ်တွေရဲ့ ဘဝတွေဟာ လုံးပါး ပါးလာ ပါတော့တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံလမ်းစဉ်ဟာ (Democracy) ဒီမိုကရေစီလို့ ပြောရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီဟာလည်း အုပ်ချုပ်သူ လူတစ်စုနဲ့သာ သက်ဆိုင်သည် မဟုတ်ပါလော။ နိုင်ငံရဲ့ ပြည်သူတွေအတွက်၊ လူငယ်တွေအတွက် ထည့်သွင်းစဉ်စားချက်တွေ တစ်ချက်မှ မတွေ့ရဘူးလို့ စာရေးသူအနေနဲ့ မြင်မိတယ်။

ဘာကြောင့်လည်း ဆိုလို့ရှိရင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ (United States) အမေရိကန် နိုင်ငံဟာလည်း တစ်ပါတီ (Authoritarian) အာဏာရှင်ဆန်ဆန် ဆိုရှယ်လစ်ဝါဒကို အခြေခံတာမဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံဆိုတာ (People’s Government) ပြည်သူ့အစိုးရတရပ် ရှိကို ရှိရပါမယ်။ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံမှာ ဆိုရှယ်လစ်ဝါဒကို အခြေခံပြီး ဒီမိုကရေစီကို ကျင့်သုံးနေရင် အဲဒီ ဒီမိုကရေစီဟာလည်း ဒီမိုကရေစီကို သတ်ပစ်ရာရောက်သွားပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိကျင့်သုံးနေတဲ့ ဒီမိုကရေစီလို့ ဆိုရမှာပါ။ တစ်ပါတီအာဏာရှင်စနစ်ကို အခြေခံပြီး နိုင်ငံရဲ့ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေဟာ ခရိုနီတွေကြီးစိုးတဲ့ စီးပွားရေးသမားရဲ့ စနစ်ကို ဖေးကူပေးရာ ရောက်သွားပါတယ်။ တစ်ချို့ကျွန်တော်တို့ လူငယ်အများစုဟာ ဒီလို စနစ်ဆိုးတွေကို မုန်းတီးကြတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မကြည့်ပဲ ဒီမိုကရေစီနိုင်ငံပါလို့ ထည့်ပြီးကြေညာလိုက်ကတည်းက နိုင်ငံမှာရှိတဲ့ အလွှာအသီးသီးမှ ပြည်သူအများစုဟာ ဒုက္ခဆင်းရဲတွင်းထဲကို အလိုလို ရောက်သွားတော့တာပါပဲ။

ဒါတောင်မက သေးပါဘူး။ စာရေးဆရာတွေ၊ စဉ်းစားတွေးခေါ်သူတွေ၊ ပညာတတ်အသိုင်းအဝိုင်း တွေ၊ သတင်းထောက်တွေ၊ လူငယ်တွေကို ထောင်ထဲထည့်နိုင်ဖို့ ကြံစည်တဲ့ အယူအဆလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူလူထုနဲ့ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းပုံကို ဆန့်ကျင်ရာ ရောက်သွားပါတယ်။ လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံဟာ ဆိုရှယ်လစ်ဝါဒကို အခြေခံတဲ့ ဖွဲ့စည်းပုံ မဟုတ်ဘူးလို့ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေဟာ ငြင်းချက် ထုတ်ကောင်း ထုတ်နိုင်တယ်။ ဗဟိုချုပ်ကိုင်မှုကို အခြေခံတဲ့ ဖွဲ့စည်းပုံဟာ နိုင်ငံရဲ့ ဆိုရှယ်လစ်ဝါဒီ၊ ဆိုရှယ်လစ် လမ်းစဉ် အောက်က ပြေးမလွတ်ဘူးဆိုတာ သိသာ ထင်ရှားနေပါတယ်။ ဒါဟာ ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီကို သတ်တာနဲ့ အတူတူပါပဲ။

နိုင်ငံရဲ့ ဆိုရှယ်လစ် ဖွဲ့စည်းပုံဟာ ဒီမိုကရေစီကို သတ်လိုက်တာနဲ့ ဘယ်သူတွေ အားကောင်းသွားသလဲ၊ ဘယ်သူတွေက အမြတ်ရသွားသလဲဆိုရင် နိုင်ငံကို ရောင်းကုန်တစ်ခုလို သဘောထားတဲ့ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေ အုပ်ချုပ်သူတွေနဲ့ စီပွားရေးသမားတွေပဲ အားကောင်းသွားပါတယ်။ ဒါသည် ကျွန်တော်တို့လူငယ်တွေ ပြောနေတဲ့ ဒီမိုကရေစီကို ဆိုရှယ်လစ်ရဲ့ အရောင်တင် လမ်းစဉ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေ၊ လူကြီး လူကောင်းဆိုသူတွေ၊ စီပွားရေးသမားတွေ၊ နိုင်ငံကို အုပ်ချုပ်သူတွေက မျိုးချစ်ကြောင်း တံဆိပ်ကပ်ကာ နိုင်ငံကို လျှို့ဝှက်ရောင်းစားနေကြတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ဒါတွေကို ပြောဖို့ကျတော့ နိုင်ငံရဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုသူတွေဟာ တိတ်ဆိတ်နေကြတယ်။ နိုင်ငံရဲ့ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေး သမားတွေ၊ ခရိုနီတွေ၊ တိုင်ပြည်ရဲ့ မဏ္ဍိုင်ကြီးတစ်ရပ်လို့ ခံယူထားတဲ့ မီဒီယာတွေ၊ သတင်းထောက်တွေ၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို ယူထားပါတယ်ဆိုတဲ့ စစ်တပ် အားလုံးဟာ အုပ်ချုပ်သူ လက်တဆုတ်စာ လူတန်းစားရဲ့ လက်ကိုင်တုတ် မွေးစားသားတွေ ဖြစ်သွားကြပါတယ်။

ဒီလိုဖြစ်ပျက်မှုတွေအောက်မှာ စိတ်ဝါဒသမားတွေရော၊ ရုပ်ဝါဒသမားတွေပါ စနစ်ကိုပဲ အပြစ်ပြောရမလို၊ လူကိုပဲ ပြောရမလိုနဲ့ ကျွန်တော်တို့လူငယ်တွေရဲ့ အနာဂါတ်ဟာ မတွေးရဲစရာပါပဲ။ လူငယ်တွေရဲ့ ဘဝတွေဟာလည်း နိုင်ငံခေါင်းဆောင်ဆိုသူတွေရဲ့ အယူဝါဒအောက်မှာ အမျိုးသားရေး တရပ်၊ အမျိုးသားရေး တာဝန်၊ အမျိုးသားရေးကို ခုတုံးလုပ်နေတဲ့ အယူဝါဒတွေအောက်ကို အလိုလိုရောက်သွားတာပါပဲ။ ကျွန်တော်တို့ လူငယ်တွေ တစ်စုတစ်စည်းနဲ့ တိုင်းပြည် တည်ဆောက်ရေး၊ တိုင်းပြည် တိုးတက် ဖွံ့ဖြိုးရေးတွေမှာ စကားပြောနိုင်ဖို့ နိုင်ငံရဲ့အလွှာအသီးသီးက ခေါင်းဆောင်တွေ လမ်းဖွင့်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံရဲ့လူမျိုးစုံ အမျိုးသားရေးသမိုင်းတွေကို ကျွန်တော်တို့ လူငယ်တွေ အမှန်ရေးဖို့ လိုလာပါတယ်။ ကျွန်တော်တို့ လိုလားနေတဲ့ အမျိုးသားနိုင်ငံဆီသို့ ဦးတည်ဖို့ လိုလာပါတယ်။ လူနဲ့ စနစ်ကို ဒွန်တွဲဖို့ လိုလာတယ်လို့ မြင်တယ်။ တချို့နိုင်ငံရဲ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေဟာ အမျိုးသားရေး သမိုင်းကို အမှန်ပြင် ရေးနေတဲ့ လူငယ်တွေကျတော့လည်း မကောင်း မြင်ဝါဒ၊ အမှားမြင်ဝါဒဆိုပြီး တံဆိပ်ကပ်ဝါဒအောက်ကို ဆွဲချနေတာတွေကို တွေ့ရပါတယ်။

တိုင်းပြည်ရဲ့ တိုးတက်ရေး၊ တည်ဆောက်ရေး၊ ဖွဲ့စည်းပုံတွေဟာ လူငယ်တွေနဲ့ မဆိုင်ဘူးဆိုပြီး ကျွန်တော်တို့ လူငယ်တွေတော်တော်များများဟာ ဒီနေ့အထိ မျက်ကွယ်ပြု အသိအမှတ်မပြုတာတွေနဲ့ စကားပြော ခွင့်ကိုတောင် မပေးကြပါဘူး။ ဒါတွေဟာ ကျွန်တော်တို့ လူငယ်တွေဖန်တီးချင်တဲ့နိုင်ငံ၊ စစ်မှန်တဲ့ ဒီမိုကရေစီ အမျိုးသားနိုင်ငံ တည်ဆောက်ရေးရဲ့ အဆိုးဆုံးအရာတွေလို့ပဲ ထင်မိပါတယ်။ လူငယ်တွေအတွက် အကန့်အသတ် အတားအဆီးတွေ ဖြစ်လာပါတယ်။ ဒါတွေကို အုပ်ချုပ်တဲ့လူတန်းစာတရပ်အနေနဲ့ရော၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်ဆောင်တွေ အနေနဲ့ပါ လေးလေး နက်နက် စဉ်းစားသင့်တယ်လို့ ထင်မိပါတယ်။

တကယ့်ဒီမိုကရေစီနိုင်ငံရဲ့ နိုင်ငံခေါင်းဆောင်ဆိုသူတွေဟာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ အခွင့်အရေး အမှန်တရားကို နားလည်ဖို့နဲ့ လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။ ပြည်သူတရပ်လုံးရဲ့ အမှန်တရားက ဘာလဲဆိုတာကို စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ တော်လှန်ရေးသမားတွေ သိအောင်လုပ်ရပါမယ်။ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို ဦးတည်လာရပါမယ်။ အမျိုးသားရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီရေး၊ သာယာဝဖြိုးတဲ့ တိုင်းပြည် တည်ဆောက်ရေးတွေမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေကို ထည့်သွင်းစဉ်စားပေးသင့်တယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် သယံဇာတပေါများသလောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ ဖြစ်ထွန်းနိုင် သလောက် မဖြစ်ထွန်းပဲ၊ တိုးတက်နိုင်သလောက် မတိုးတက်ပဲ အဖက်ဖက်မှာ နိမ့်ကျနေပါတယ်။

လူငယ်တော်တော်များများဟာ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ တဖက်နိုင်ငံရဲ့ လွှမ်းမိုးမှု၊ သြဇာသက်ရောက်မှုတွေကို ခံရတယ်။ တဖက်အိမ်နီးချင်း နိုင်ငံတွေရဲ့ အလုပ်သမားတွေ ဖြစ်ကုန်တယ်။

လူငယ်၊ လူတော်တွေကို မွေးဖွားပေးပြီး စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်တွေဟာ ဈေးပေါပေါနဲ့ ရောင်းချနေတဲ့ နိုင်ငံတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ လူငယ်တွေကို နိုင်ငံရဲ့ ခေါင်းဆောင်ဆိုသူတွေက ချပေးလိုက်တဲ့ ဆုံးဖြတ်ချက် အခြေခံဥပဒေ တစ်ခုလို ဖြစ်နေပါတယ်။

တဖက်မှာလည်း ကျွန်တော်နိုင်ငံကထွက်တဲ့ သယံဇာတတွေကို ကိုယ့်ပြည်သူလူထု ခံစားခွင့် မရကြပါဘူး။ သယံဇာတတွေ ပေါများသလောက် နိုင်ငံက ဆင်းရဲသထက် ဆင်းရဲသွားတာပါပဲ။ ထွက်ကုန် မှန်သမျှ တဖက်နိုင်ငံတွေကို ဈေးပေါပေါနဲ့ ရောက်ကုန်တာပါပဲ။ ကျွန်တော်တို့ နိုင်ငံရဲ့ လူငယ်တစ်ချို့ဟာ အမှန်တရားကို ရှာဖွေချင်ကြတယ်။ အမှန်တရားကို ရှာဖွေဖို့အတွက် နိုင်ငံရဲ့စစ်ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေးခေါင်းဆောင်ဆိုသူတွေက လူငယ်တွေကို တစ်နည်းနည်းနဲ့ တားဆီးပိတ်ဆို့ထားကြတယ်လို့ မြင်မိပါတယ်။

ဒါကြောင့် လက်ရှိမြန်မာနိုင်ငံရေးဟာ သတ်မှတ်ချက် ဘောင်တွေထဲမှာ ပိတ်မိနေတဲ့ နိုင်ငံရေးတစ်ခုလို့ ဆိုလိုတာပါ။ ဒီတော့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖြစ်ထွန်းဖို့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားပြီး နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းမှုဟာ စိတ်ဝါဒသမားနဲ့ ရုပ်ဝါဒသမားပါ ပေါင်းစပ်နိုင်မှ လူရော၊ စနစ်ရော ကောင်းလာမယ်လို့ မြင်မိပါတယ်။ ဒါကြောင့်မို့ ဒီနေ့ခေတ် လူငယ်တွေရဲ့ နိုင်ငံရေးဟာ စိတ်နဲ့ ရုပ်ပါ ပေါင်းစပ်ပြီး အသိပညာနဲ့ ဉာဏ်ပညာကို တည်ဆောက်တဲ့ နိုင်ငံရေးရှုထောင့်က ကြည့်ဖို့လိုအပ်ပါကြောင့် သုံးသပ်မိပါတယ်။

ထက်မြတ်ကျော်(ဘူးသီးတောင်) ရေးသားသည်။

Western News-WN


ဆက်စပ်စကားလုံများ : #နိုင်ငံရေး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်