test1

စုံစမ်းစစ်ဆေးနေသော တင်းမကိစ္စ တစ်ပတ်ခန့်ကြာသော်လည်း တစ်စုံတစ်ရာထူးခြားမှုမရှိလာဟုဆို


Western News – အောင်စိုး
ဇွန်နဝါရီ ၄ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ၁၀ လကြာပျောက်ဆုံးနေသော ရွာသား ၂၁ ဦးကိစ္စနှင့် ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေသည်မှာ တစ်ပတ်ခန့်ကြာမြင့်လာသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိဟု ကာကံရှင်မိသားစုများက Western News သို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်တင်းမကျေးရွာမှ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ကျောက်တော်မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ကာ ၎င်းအမှုနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ပျောက်ဆုံးနေသူများ၏မိသားစုဝင်များကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြု လုပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ဦးခရိုင်က စုံစမ်းစစ်ဆေးနေတာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ထံကိုဘာတစ်ခုမှအကြောင်းပြန်လာတာမရှိဘူး။ စစ်ဆေးခံခဲ့တဲ့နေ့ကတော့ ရဲတွေက ကျွန်တော်တို့ကိုစစ်ဆေးပေးမယ်လို့ပြောခဲ့တယ်။ ဒါပေမဲ့ ဘာတစ်ခုမှထူးခြားမှုမတွေ့ရဘူး

ပျောက်ဆုံးနေသည့် ကိုနေလင်းဦး၏ ဖခင်ဖြစ်သူ ဦးကျော်ဝင်းမောင်

ယင်းအပြင် တင်းမကျေးရွာသား ၂၁ ဦးမှာ သေဆုံးသွားခြင်းရှိ၊ မရှိဆိုသည်ကိုသိရှိလိုကြောင်းနှင့် ယခုလိုစစ်ဆေးနေမှုကိုလည်း အားရကျေနပ်မှုမရှိကြောင်း ဦးကျော်ဝင်းမောင်ကပြောသည်။

ထို့အတူ စုံစမ်းစစ်ဆေးနေသောမြောက်ဦးခရိုင်ရဲတပ်ဖွဲ့အနေဖြင့် မိမိတို့ထံမှ သက်သေထွက်ဆိုချက်များနှင့် အတူ တာဝန်ယူထားသည့်အပေါ် ကျေပွန်စွာဆောင်ရွက်စေလိုကြောင်းနှင့် တစ်ပတ်ခန့်ကြာသည့်တိုင် တစ်စုံတစ်ရာထူးခြားမှု မရှိသည့်အပေါ် စိတ်မကောင်းဖြစ်မိသည်ဟု ပျောက်ဆုံးနေသည့် ဦးမောင်ကြည်လင်း၏ အစ်မဖြစ်သူ ဒေါ်မြဝင်းကြည် ကပြောသည်။

ကျွန်မတို့ကို ခရိုင်က ဘာတစ်ခုမှအကြောင်းမကြားလာဘူး။ အခုဆိုရင်တစ်ပတ်ရှိပြီ။ ကျွန်မတို့ကသူတို့ လိုချင်လို့ သက်သေတွေပေးထားခဲ့ပြီးပြီ။ သူတို့အနေနဲ့တာဝန်ယူထားတဲ့ အပေါ်မှာကျေပွန်စွာ ဆောင်ရွက် ပေးစေချင်တယ်။ အခုလိုထူးခြားမှုမရှိတော့ ကျွန်မအနေနဲ့စိတ်မကောင်းဖြစ်မိတယ်

ဦးမောင်ကြည်လင်း၏ အစ်မဖြစ်သူ ဒေါ်မြဝင်းကြည်

အဆိုပါတင်းမကျေးရွာမှ ကျေးရွာသား ၂၁ ဦးဖမ်းဆီးသွားသည်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်ကြားစာပေးပို့ထားသည့် အတွက် ၎င်းတိုင်တန်းစာများမှာ ဟုတ်မှန်ခြင်းရှိ၊ မရှိ ဆိုသည်ကို မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က မေးမြန်းခြင်းသာ ဖြစ်ကြောင်းနှင့် လက်ရှိတွင် ၎င်းကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့်မည်သို့ ဆောင်ရွက်သွားမည်ကို ခန့်မှန်း၍ မရနိုင်ကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းကပြောသည်။

ကျွန်တော်တို့က တင်းမကိစ္စနဲ့ပတ်သက်လို့ သမ္မတ၊ အတိုင်ပင်ခံ၊ ကော်မရှင်တို့ကို စာတင်ထားတဲ့အတွက် ယင်းကနေပြီးတော့ မြောက်ဦးခရိုင်ကို တိုင်ထားတဲ့စာတွေနဲ့ပတ်သက်လို့ ဟုတ် မဟုတ်ဆိုတာကို မိသားစုဝင် တွေကို မေးမြန်းခိုင်းတာလို့သိရတယ်။ ရဲတွေက စစ်ဆေးမေးမြန်းချက်တွေကို အထက်သို့ပြန်ပြီး တင်ပြ ရမယ်လို့ ခရိုင်ရဲတပ်ဖွဲ့ကကျွန်တော်ကိုပြောတယ်။ ရဲတွေကတော့လောလောဆယ်မှာ စစ်ဆေးမေးမြန်းတာပဲ ရှိမယ်ထင်တယ်။ သူတို့အနေနဲ့ဘာတွေလုပ်ဆောင်သွားမလဲဆိုတာကို ခန့်မှန်းလို့တော့မရဘူး

ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးကို အကြိမ်ကြိမ်ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။ တင်းမကျေးရွာသားများအား ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် တစ်စုံတစ်ရာ မသိရှိသေးကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

ယင်းအပြင် တင်းမကျေးရွာသားများအား ဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့ရာ ရွာသားများကို တပ်မတော်အနေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများမရှိကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က အကြောင်းပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ပေါ်၌ တပ်စွဲထားသော တပ်မ ၅၅ မှ တပ်မတော်သားများက ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး တင်းမ(သစ်) ကျေးရွာမှ ၈ ဦးကို လည်းကောင်း၊ မတ်လ ၁၆ ရက်နေ့တွင် တင်း(မကြီး) ကျေးရွာမှကျေးရွာသား ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် သည်ဟု ကာယကံရှင်မိသားစုဝင်များကအခိုင်အမာ ပြောဆိုကြသည်။

တင်းမ (သစ်) ကျေးရွာမှ ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။

ထို့အတူ တင်းမ (ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်မောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ဖြစ်သည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်