plawat, white flag raising of Tamadaw
test1

ပလက်ဝမြို့နယ် ၂၈၉ တပ်ရင်း တပ်နယ်အတွင်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့ရဟု ဒေသခံများဆို


Western News – ဒီဇင်ဘာ၊ ၂၈ ရက်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ရှိ ခလရ ၂၈၉ တပ်ရင်း၏ တပ်နယ်အတွင်းရှိ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကို မြင်တွေ့နေရသည်ဟု ပလက်ဝဒေသခံများက ပြောသည်။

အလံဖြူထောင်ထားသည်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်လောက်တွင်တွေ့မြင်ခြင်းဖြစ်ပြီး လက်ရှိ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ရှိနေဆဲဖြစ်သည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင် ကပြောသည်။

“ပထမသူတို့ထောင်ထားတဲ့နေရာက ဒီဖက်ကအမြင်ရှင်းတယ်။ နောက်တစ်ရက်နှစ်ရက်ကျတော့ နောက်ဆုတ်ပြီး ပြန်ထောင်ထားတယ်။ ကျနော် အဲ့ဒီအလံဖြူကို စတွေ့တာကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစတွေ့တာ။ အခုလည်း ရှိနေတုန်းပဲ။ အဲ့ဒီအလံထောင်ထားတဲ့ နယ်က အန်ခိုဝက် ဘက်နဲ့နီးတယ်။ ပြီးတော့ ဆီးဖလောင်းရွာဘက်တွေနဲ့ နီးတယ်။ အလံဖြူထောင်ထားတာကတော့ အဲ့မှာရှိတဲ့ ၂၈၉ တပ်ရင်းနယ်နိမိတ်ကျတယ်” ဟုပြောသည်။

ပလက်ဝမြို့မှကြည့်လျှင် တပ်နယ်နိမိတ်အတွင်း အလံဖြူထောင်ထားခြင်းကို မြင်တွေ့နေရပြီး အလံစထောင်သည့် နေ့အားသတိထားမိလိုက်ခြင်းမရှိဟု ပလက်ဝမြို့တွင်နေထိုင်သူ ဦးတင်ဦး ကပြောသည်။

“ အဲ့ဒီတပ်ရင်းရှိတဲ့နေရာမှာ အလံဖြူထောင်ထားတာတွေ့ပါတယ်။ ဘယ်အချိန်လောက်ကစထောင်ထားလဲဆိုတာ တော့ကျနော်လည်းသေချာသတိမထားမိလိုက်ဘူး။ ခုချိန်ထိတော့ ထောင်ထားတုန်းပဲ။” ဟုပြောသည်။

ယခင် ပလက်ဝနယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အချိန်တွင်လည်း ယခုကဲ့သို့ အလံဖြူထောင်ထားမှုရှိခဲ့ဖူးသည် ဟု အဆိုပါတပ်ရင်းတည်ရှိရာနှင့် နီးစပ်သည့် စိမ်းလှကျေးရွာဒေသခံများက ပြောသည်။

“အရင်နှစ် တိုက်ပွဲဖြစ်ပွားချိန်တုန်းကလည်း အလံဖြူထောင်ခဲ့ဖူးတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ်မှုတွေရပ်သွား တဲ့နောက်မှာ ခုလိုမျိုးထောင်တာပေါ့။ ခုလည်း ဘယ်လိုကြောင့် ထောင်တယ်ဆိုတာ မသိပါဘူး” ဟုပြောသည်။

ခလရ ၂၈၉ တပ်ရင်း၏ တပ်နယ်အတွင်းရှိ တောင်ကုန်းတွင် အလံဖြူထောင်ထားသည်ကိုမည်သည့်အတွက်ကြောင့် ယခုကဲ့သို့ပြုလုပ်ထားသည်မသိရပေ။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိနိုင်ရန် ပလက်မြို့ရှိ တပ်မ ၁၁ မှ တပ်မမှူးအား ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ယင်းအပြင် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

Western News-WN


ဆက်စပ်စကားလုံများ : #မြန်မာ့စစ်တပ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်