ရခိုင်က ဝန်ကြီး ၅ ဦး၏ အဂတိအမှု လာမည့် ၁၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်
test1

ရခိုင်က ဝန်ကြီး ၅ ဦး၏ အဂတိအမှု လာမည့် ၁၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်


Western News – ဇန်နဝါရီ ၁၂ ရက်

အဂတိမှုဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု အပါဝင် ဝန်ကြီး ၅ ဦးအမှုအား ယနေ့ ဇန်နဝါရီ ၁၂ ရက်နေတွင် စစ်တွေအကျဉ်းထောင် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ပြီး ယင်းအမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများကပြောသည်။

ယနေ့ရုံးချိန်းတွင် အပြီးသတ်ကြားနာချက်ပေးခဲ့ကြပြီး လာမည်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှသွားမည်ဟု ဦးညီပုနှင့် ဦးမင်းအောင်တို့၏ အမှုအတွက်လိုက်ပါဆောင်ရွက်ပေးနေသည့် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ Western News ကိုပြောသည်။

“ဒီနေ့ရုံးချိန်းမှာ အပြီးသတ်ကြားနာမှု ပြုလုပ်ခဲ့ကြတယ်။ လာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမှတ်သွားမှာဟု”

သဇင်ဥပဒေအထောက်အကူပြုအဖွဲ့ရှေ့နေ

အမှုရင်ဆိုင်နေရသည့် ဝန်ကြီးများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်အပါဝင် ပြည်နယ်ဘဏ္ဍရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ဖြစ်ကြသည်။

အဆိုပါ ဝန်ကြီး ၅ ဦးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဦးကောင်ဇော်သန့်က အမှု ၄ မှုဖြင့် ရခိုင်ပြည်နယ်တရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှု ၄ မှုမှ အမှုနံပါတ် ၁ မှာ ဂွမြိုနယ်အတွင်းရှိ ဂုံသောင်းတန်ဖိုးနည်းမြေကွက်များဖော်ဆောင်ရာတွင် ညွှန်ကြားချက်ပါ တင်ဒါစည်းမျဉ်းစည်းကမ်းများဖြင့် ကိုက်ညီမှုမရှိဘဲ ဆက်စပ် ကုမ္ပဏီတစ်ခုကို စာချုပ်ချုပ်ဆိုကာ လုပ်ငန်းဆောင်ရွက်စေခြင်း ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်မညီဘဲ လုပ်ပိုင်ခွင့်ကို လွဲသုံးစားလုပ်ကာ ကုမ္ပဏီကိုငွေကြေးများပေးဆောင်ခြင်း စသည့်အချက်များဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အမှုနံပါတ် ၂ မှာ အစိုးရပိုင် အဆောက်အဦး ၃ ခုအား ပြည်သူသို့ဌားရမ်းရာတွင် ဥပဒေနှင့် ငြှိစွန်းသည်ဆိုကာစွဲဆိုထားခြင်းဖြစ်ပြီး အမှု နံပါတ် ၃ မှာ QC ရန်ပုံငွေ Third party မှ ငွေတချို့အား သတ်မှတ်ဘဏ်အကောင့်တွင်ရှိမနေဘဲ တခြားအကောင့်တွင်ရှိနေသောကြောင့် စွဲဆိုခြင်းဖြစ်သည်။

ယင်းအပြင် အမှုနံပါတ် ၄ မှာ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်က ၎င်းတာဝန်ထမ်းဆောင်စဉ် ပြည်ထောင်စုအစိုးရ၏ ရန်ပုံငွေတွင်ပါဝင်ခြင်းမရှိ၊ ပြည်နယ်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ တောင်ကုတ်မြို့မ ဈေးအပါဝင် ဈေး ၅ ဈေးအား တင်ဒါစည်းကမ်းနှင့် မညီဘဲ ငွေကြေးအပိုပေးမှုဖြင့် စွဲဆိုထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဦးအောင်ကျော်ဇံနှင့် ဦးကျော်အေးသိန်းတို့မှာ အဂတိ မှု ၃ မှုဖြင့် အမှုရင်ဆိုင်နေရပြီး ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့မှာ အမှုတစ်မှုစီဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ လက်ရှိတွင် ဦးညီပုအပါဝင် ဦးကျော်အေးသိန်း၊ ဦးအောင်ကျော်ဇံ၊ ဦးကျော်လွင်နှင့် ဦးမင်းအောင်တို့အား စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်။

အဆိုပါ ဝန်ကြီး ၅ ဦးအားစွဲဆိုထားသည့် အဂလိုက်စားတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ သည် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိချမှတ်နိုင်သည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

ထိုပြင် ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဖြင့်ထပ်တိုးတရားစွဲခံထားရသလို ဦးမင်းအောင်ကိုလည်း ရာဇသတ်ကြီးပုဒ်မ ၁၃၀(က)အပြင် ရာဇသတ်ကြီးပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲခံထားရသည်။ ဦးညီပုတွင် နိုင်ငံတော်ကြည်ညိုပျက်စေမှုဖြင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။

Western News- WN


ဆက်စပ်စကားလုံများ : #NLD#U Nyi Bu#ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်