အမ်းနယ်စပ်ဂိတ်တွင် AA နှင့်ဆပ်စပ်သံသယဖြင့် ဖမ်းဆီးခံရလူငယ် ပျောက်နေ
test1

အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၂ လကျော်ကြာသည့်အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေ


Western News – ဇန်နဝါရီ ၁၂ ရက်

ရက္ခိုင့်တပ်တော် AAနှင့် ဆက်စပ်သည့်သံသယဖြင့် အမ်းမြို့ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ်တစ်ဦး ၂ လကျော်ကြာသည့်တိုင် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များကပြောသည်။

ဖမ်းဆီးခဲရသူမှာ မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုနေဝင်းစိုးဖြစ်ပြီး ၎င်းမှာပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်ကဆေးကုသ၍ ရွှေညီအစ်ကို Expressကားနှင့် ပြန်လာစဉ်အမ်း၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်းကိုမိသားစုဝင်များထံဖုန်းဆက်သွယ်အကြောင်းကြားပြီးနောက် ယင်းနေ့မှစ၍ ယနေ့ထိ၂ လ ကျော် ကြာသည့်တိုင်အဆက်အသွယ်မရသေးဘဲ ပြတ်တောက်နေသည်ဟု ဇနီးဖြစ်သူ မနှင်းမြတ်မွန်က Western News ကိုပြောသည်။

“ ဖမ်းသွားတဲ့ နေ့က ဖမ်းခံရတယ်ဆိုပြီး ဖုန်းဆက်ခဲ့ ပြီးချိန် ကတည်းက ခုထိသတင်းအစအရမရဘူး။ အဆက်အသွယ်လည်းမရဘူး။ ကျွန်မတို့လည်း အမ်းဖက်တွေမှာ စုံစမ်းပါတယ်။ ခုထိသတင်းမရသေးပါဘူး။ ဘာဆက် လုပ်ရမလဲဆိုတာတောင်မသိတော့ဘူး”

ဇနီးဖြစ်သူ မနှင်းမြတ်မွန်

ကိုနေဝင်းစိုးမှာ အမ်းမြို့၊ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ ရဲနှင့် ဌာနပေါင်းစုံတို့က စစ်ဆေးရာ၌ ၎င်း၏ ဖုန်းတွင် AAနှင့်ဆက်စပ်သည်ဆိုသည့် သံသယကြောင့် စစ်ဆေးခံရမည်ဟု ၎င်းဖမ်းဆီးမခံရချိန်တွင် မိသားစုဝင်များကို ဆက်သွယ်၍ ပြောဆိုခဲ့ကြောင်း ဇနီးဖြစ်သူက ပြောဆိုသည်။

ကိုနေဝင်းစိုး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ အမ်းမြို့မရဲခန်းကိုဆက်သွယ်မေးမြန်းရာ ၎င်းအားရဲစခန်းဖက်သို့ လွှဲပြောင်းထားခြင်းမရှိသေးဟု အမ်းမြို့နယ်စခန်းမှူး ဦးမျိုးကြည် က Western News ကို ပြောသည်။

“ ကျွန်တော်ဆီကို အခုလို လွှဲပြောင်းလာတာမျိုးတော့ မရှိသေးပါဘူး။ လွှဲပြောင်းလာတာ တစ်ယောက်မှမရှိပါဘူး”

အမ်းမြို့နယ်စခန်းမှူး ဦးမျိုးကြည်

အမ်း၊ ပဲပဒုံ စစ်ဆေးရေးဂိတ်တွင် ၃၇၁၊ ၃၇၂၊ ၃၇၃ တပ်ရင်းတို့အပြင် တခြားတပ်ရင်းများပါ တပ်ပေါင်းစုံက စစ်ဆေးရေးဂိတ်ဖြစ်သည်။ ကိုနေဝင်းစိုးကို မည်သည့်တပ်က စစ်ဆေးရန်ခေါ်ဆောင်သွားကြောင်း လက်ရှိထိ စုံစမ်းမရသေး၍ ၎င်း ၏ အသက်အန္တရာယ်ကိုစိုးရိမ်နေကြောင်း မိသားစုများကပြောဆိုသည်။

Western News-WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်