Western News
test1

ကိုရိုနာကပ်ရောဂါဘေးနှင့် ကမ္ဘာကြီး၏ နောက်ဆက်တွဲ


(ကိုဗစ်-ဘာသာပြန်ဆောင်းပါး)
Western News-ဇန်နဝါရီ ၂၅ ရက်
လူကိုသေလောက်စေသော ကူးစက်ရောဂါကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများသည် မျက်မှောက် ကမ္ဘာတစ်ဝှမ်းလုံးကိုပြောင်းလဲစေခဲ့ပြီး ယနေ့ထိတိုင်နောက်ဆက်တွဲ သက်ရောက်မှုများ ခြိမ်းခြောက်နေဆဲပင်ဖြစ်သည်။ ကူးစက် ဖြစ်ပွါးမှုများကချီတက်မင်းမူ နေဆဲဖြစ်ပြီး မိသားစုများ၏ အသက်အိုးအိမ်တွေကို ကျေမွ တိုက်စားသွားခဲ့သလို သန်းနဲ့ချီသည့် အလုပ်အကိုင်အခွင့်အလမ်းများ စက်ရုံအလုပ်ရုံများ၏ တံခါးပေါက်များကို ပိတ်ပင်အဆုံးသတ်သွားစေခဲ့သည်။ အဆိုးဆုံးသက်ရောက်မှုများအဖြစ် ပွဲတော်ကျင်းပခြင်းများ၊ ဧည့်ဝတ်ကျေပွန်သော ခရီးသွားလုပ်ငန်းများ၊ အနုပညာရပ်ဆိုင်ရာများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ်ခြံမြေယာလုပ်ငန်းများသည် အထိခိုက်ဆုံးဖြစ်ခဲ့ကာ ပြည်တွင်း ပြည်ပကမ္ဘာတစ်ဝန်းလုံး၏ စီးပွါးရေးလုပ်ငန်းထိခိုက်နစ်နာခဲ့ရသလို လူ့အသက်ပေါင်းများစွာကို ဆုံးရှုံးအောင်ထိ ကပ်ကြီးသင့်ခဲ့ရသည်။


၂၀၁၉ ဒီဇင်ဘာလက ကိုရိုနာကပ်ရောဂါစတင်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဟူဘိုင်း ပြည်နယ် ဝူဟမ်မြို့ မှာ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ထူးခြားသော အဆုတ်ရောင်ရောဂါသစ် တစ်မျိုးကို စတင်သတိပြုမိခဲ့ကြခြင်းဖြစ်သည်။ အလားတူ ရောဂါ လက္ခဏာများ ပြနေသော လူနာ အများအပြား ရှိလာခြင်းကြောင့် ထိုကနဦး ရောဂါ ၏ အကြောင်းရင်း ကို စုံစမ်း စစ်ဆေးခဲ့သည် ။ ဒီဇင်ဘာလ ၂၇ ရက် နေ့ တွင် ဟူဘိုင်း ပြည်နယ် ဆေးရုံရှိ အသက်ရှူ လမ်းကြောင်း ဌာန ၏ အကြီးအကဲ ၊ ဒေါက်တာ ဇန် ဂျစ်ရှန် က ရောဂါ လက္ခဏာ များ နောက်ကွယ် တွင် ကော်ရိုနာဗိုင်းရပ်စ် အမျိုးအစား အသစ် တစ်မျိုး ရှိသည်ဟုသူ ယုံကြည်ကြောင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အုပ်စုဝင်ရောဂါမျိုးဖြစ်ကြောင်း အရာရှိ များ ကို သတင်းပို့ ခဲ့သည် ။ဝူဟမ် မြူနီစီပယ် ကျန်းမာရေး ကော်မရှင် က အဆိုပါ ပြည်နယ် ရှိ ဆေးရုံ အားလုံး ကို ထိုကဲ့သို့ ကူးစက်ရောဂါဆန်း ဖြစ်ရပ် များ ကိုဂရုစိုက်ရန် သတိပေး ခဲ့ သည် ။ လူပေါင်း ၂၇ ဦးအဆိုပါ ရောဂါခံစားနေရကြောင်း နှင့် လူထူထပ်သော နေရာများအား ရှောင်ရှားရန် အများပြည်သူများအားအသိပေးခဲ့ပြီး မဖြစ်မနေသွားလာပါက မက်စ် နှာခေါင်းစည်း တပ်ကာသွားလာရန် အသိပေးတိုက်တွန်းသည့် သတင်းအကျဉ်းတစ်ရပ်ကို အွန်လိုင်းထက်က စတင်ကြေငြာခဲ့သည်။ ထို့အတူ နေရာတစ်ချို့အား ပိတ်သိမ်းသည့် ကူးစက်ရောဂါတားဆီးနှိမ်နင်းရေးများကို စတင်ထုတ်ပြန်ခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း (WHO) အား တရုတ် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ ( စီဒီစီ ) သည် စတင်အသိပေးခဲ့ပြီး အဆိုပါ ဗိုင်းရပ်စ် အသစ်ကို လေ့လာရန် ဟူဘိုင်းရှိ လူနာလေး ဦးထံမှ ၎င်း၏ ပထမဆုံး နမူနာ များ ကို လက်ခံ ရရှိ စေခဲ့ သည် ။
COVID-19 သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူမှ လူချင်းကူးစက်စေခြင်း ဖြစ်သည်။ ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသူတစ်ဦးသည် အခြားသူတစ်ဦးနှင့် အနီးကပ်ထိတွေ့နေရချိန်တွင် နီးကပ်စွာ နေသူများ အကြား ပျံ့နှံ့သွားခြင်းဖြစ်သည်။ ကူးစက်ခံရသူ တစ်ဦးချင်းစီနှာချေမှု ၊ ချောင်းဆိုးခြင်း ၊ စကားပြောဆိုခြင်းနှင့် လေရှူ လေထုတ်လွှတ် သောအခါ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့ သွားစေခဲ့ခြင်းဖြစ်သည်။


အကယ်၍ ဗိုင်းရပ်စ်ပိုး ပါသော အငွေ့အရည်များသည် သာမန်နေကောင်းကျန်းမာသူတစ်ဦး၏ မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်များသို့ ဝင်ရောက်ထိစပ်ခဲ့လျှင် ကူးစက်နိုင်သလို ရောဂါပိုးကူးစက်ခံရသူနှင့် နီးနီးနားနားနေထိုင်ပါကလည်း ကူးစက်ခံရဖို့ အင်မတန်လွယ်ကူစေခြင်းဖြစ်သည်။ လူထူထပ်ပြီး အခန်းအလုံပိတ်ထားသည့် နေရာများသည် ရောဂါကူးစက်ခံရဖို့ လွယ်ကူစေပြီး အဆိုပါရောဂါရှိသူနှင့် တစ်ခန်းတည်းနေထိုင်သူများနှင့် အခန်းတစ်ခန်းတည်းတွင် ကြာရှည်နေထိုင်ပါက အသက်ရှူသွင်း ရှူထုတ်စဉ် အတူတူရှိနေခြင်းကြောင်းကူးစက်ခံရဖို့ရန် လွယ်ကူလွန်းနေခြင်းဖြစ်သည်။


ဗိုင်းရပ်စ်ပိုးကူးစက်ဖြစ်တည်လာခြင်းက လျို့ဝှက်နက်နဲသော်လည်း ကနဦးလေ့လာစစ်ဆေးချက်များအရ အဆိုပါ ဗိုင်းရပ်စ်ပိုးများသည် ဝူဟမ်မြို့ လူစည်ကားရာ သားငါးများနှင့် သစ်သီးများရောင်းချသည့် စွတ်စိုနေသော ဈေးများမှ လူများကူးစက်ခံရကြောင်း နောက်ကြောင်းခြေရာခံချက်များအရ သိရသည်။ အဆိုပါ ဈေးများတွင် ရံဖန်ရံခါဆိုသလို ရှားပါးတောရဲတိရိစ္ဆာန်များအားလည်း တွေ့ရှိနိုင်ကြောင်းဆိုသည်။ သို့သော် ပင်လယ်စာများစုပြုံ ရောင်းချသည့် ဟူအန် ဈေးကြီးသည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်အဓိက စတင်ဖြစ်ပွါးရာနေရာရင်း ဖြစ်ကြောင်း ယုံကြည်ကြခဲ့ကြသည်။၂၀၂၀ ဇန်နဝါရီလတွင် အဆိုပါ ဈေးကြီးအား ယင်းသို့ ဆက်နွယ်မှုများကြောင့်ပိတ်ပင်ခဲ့ပြီး ဆုံးရှုံးနစ်နာမှုများသည် စတင်ခဲ့လေပြီဖြစ်သည်။ ပြည်နယ်တွင်းသို့ကူးစက်ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဈေးသို့ မကြာခဏဆိုသလို သွားလာသော အသက် (၆၁) နှစ်အရွယ်တရုတ်လူမျိုး အဖိုးအိုတစ်ဦးသည် ဇန်နဝါရီလ (၁၁) ရက်နေ့က ကူးစက်ခံခဲ့ရကြောင်း သိခဲ့ရသည်။ ဇန်နဝါရီလ (၁၃) ရက်နေ့မှာတော့ တရုတ်နိုင်ငံအပြင်ဖက် က ပထမဦးဆုံးသော ရောဂါကူးစက်ခံရသူတစ်ဦး စတင်ထွက်ပေါ်လာခဲ့သည်။
အသက် (၆၁) နှစ်အရွယ် ထိုင်းအမျိုးသမီးကြီးတစ်ဦးသည် အဆိုပါ စိုစွတ်သည့် ဈေးကြီးအား သွားလာခဲ့သူ ဖြစ်ခဲ့ပြီး နောက်သုံးရက်အကြာမှာတော့ ဂျပန်နိုင်ငံကလည်း သူတို့နိုင်ငံ၏ ပထမဆုံးရောဂါဖြစ်ပွါးမှုကို ထိုင်းနိုင်ငံ၏ ဒုတိယတစ်ဦးအားမကြေငြာမီ တစ်ရက်တွင် ကမ္ဘာကိုအသိပေးခဲ့သည်။ လူသားတစ်ဦးမှ တစ်ဦးသို့ကူးစက်သည့်ရောဂါဖြစ်ကြောင်းနှင့် လူ လေးဦးသေဆုံးပြီးဖြစ်ကြောင်း ဇန်နဝါရီလ (၂၀) ရက်နေ့တွင် တရုတ်နိုင်ငံကကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ကူးစက်မြန်အဆင့် ဘီ သတ်မှတ်ထားကြောင်း တရုတ် CDCအဖွဲ့ကကြေငြာခဲ့သည်။


ကူးစက်မှုများအားတားဆီးရန် ကနဦးကြိုတင် ကာကွယ်မှုများအဖြစ် ဝူဟမ် မြို့မှ အဝင်အထွက် ခရီးသွားလာသူများအား စစ်ဆေးခြင်းအား မြို့တော်ဘေဂျင်း၊ ရှန်ဇန် နှင့် ရှန်ဟိုင်းမြို့များအပါအဝင် စတင်ကြပ်မတ်ဆောင်ရွက်ခဲ့ကြသည်။ ထိုကာလအတွင်း ဟောင်ကောင်နှင့် ထိုင်ဝမ်နိုင်ငံများတွင် ရောဂါကူးစက်မှုများရှိလာခဲ့ပြီဖြစ်သည်။အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ် နိုင်ငံ ဝူဟမ် မြို့ မှ ပြန်လာပြီးနောက် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ သော အသက် ၃၀ အရွယ် ယင်းနိုင်ငံသား တစ်ဦး ဇန်နဝါရီ လ ၂၁ ရက် နေ့ တွင် ၎င်း ၏ ပထမဆုံး ရောဂါဖြစ်ပွါး မှုကို ကြော်ငြာခဲ့သော အချိန်တွင် – တရုတ်နိုင်ငံတွင် သေဆုံးသူ ကိုးဦး နှင့်အတူ ၊ စုစုပေါင်း ကူးစက်ဖြစ်ပွားသူ ၄၄၀ ရှိနေပြီဖြစ်ကြောင်း စီဒီစီ မှ အတည်ပြု ခဲ့သည် ။ ယင်းသို့ ကူးစက်သူ သေဆုံးသူမြင့်မားလာ နေသည့်ကြား မှပင်လျှင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် ကူးစက်ရောဂါဆိုင်ရာအရေးပေါ်ကျန်းမာရေး အခြေအနေ ကို နိုင်ငံတကာသို့ ကြေငြာဖို့ ငြင်းဆန်ခဲ့သည်။


ကူးစက်မြန်နှုန်းမြင့်မားပြင်းထန်လွန်သော အိုမီခရွင်မျိုးစိပ် ကိုတော့ တောင်အာဖရိကနိုင်ငံ ဘော့စ်ဝါနာနိုင်ငံမှာ ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် စတင်တွေ့ရှိခဲ့ပြီး ဤမျိုးစိပ်သစ်မှာ တစ်ကမ္ဘာလုံးကို မင်းမူခဲ့သော ယခင်ဒလ်တာဗိုင်းရပ်စ်မျိုး၏ ဝမ်းကွဲညီအစ်ကို ဆိုလျှင်လည်း မမှားပေ။
ယခုအခါ နိုင်ငံပေါင်း ၇၀ ကျော်တွင် ရှိနေပါသည်။ ကမ္ဘာ့လိူင်းလုံးသစ်ကို ဖြစ်ပေါ်စေဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီဖြစ်သည်။ အစောပိုင်းအထောက်အထားများအရ အိုမီခရွန်၏ ကူးစက်နိုင်စွမ်းသည် သတင်းရင်းမြစ်များက အစီရင်ခံခဲ့ကာ ဒယ်လ်တာထက် လေးဆ ပိုပြီး ကူးစက်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါ ပုံစံတူ မျိုးကွဲသည် လူများကို ကူးစက်မြန်ပြီး သေစေနိုင်သည်။ ထို့အတူအဆိုပါ ရောဂါဗိုင်းရပ်စ် အသစ်အတွက်လိုအပ်သည့် အချက်လက်များသည် သိပ္ပံပညာရှင်များ၏အသိုင်းအဝိုင်းနယ်ပယ်မှာ အတည်ပြုစရာမေးခွန်း များစွာတို့ ကျန်ရှိနေသေးကြောင်းသိရသည်။


အိုမီခရွန်ဗိုင်းရပ်စ်ပိုးများသည် လူတစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး သဘာဝခုခံနိုင်စွမ်းများကို ပါးပါးနပ်နပ် ရှောင်နိုင်စွမ်းရှိကြောင်း ပုံပေါ်နေသည်။ ဥပမာအားဖြင့် အစ္စရေးနိုင်ငံတွင် ပီဖိုင်ဇာကာကွယ်ဆေး သုံးကြိမ် ထိုးထားသူ ( Pfizer vaccine) ၊ အိုမီခရွင်ကူးစက်ခံထားရသူ လူ(၁၁)ယောက်အား စမ်းသပ်ခဲ့ရာ ကျန် (၆) ဦးတွင် ရောဂါပိုးသည် ခုခံစွမ်းများကိုရှောင်လွှဲနိုင်စွမ်းရှိကြောင်း တွေ့ရှိရသည်။
ဤသို့ဆိုလျှင် ကိုဗစ်မျိုးစိပ်သစ်သည် လူ့ခန္ဓာကိုယ်တွင်း တီချူးဆဲလ်များအား ဖျက်နိုင်စွမ်းသည် ခြိမ်းခြောက် နေပြီး ကာကွယ်ဆေးမထိုးသောသူများသည် ကာကွယ်ဆေးထိုးထားသူများထက် ပိုမိုပြင်းထန်သော ရောဂါ ဝေဒနာများကို ခံစားရနိုင်စွမ်းရှိနေသည်။
မာယာများလွန်းသော အိုမီခရွန်ရောဂါပိုးသည် လူသားမျိုးနွယ်ကို ခြိမ်းခြောက်မှုများစွာ ဖြစ်နိုင်ကြောင်း တွေးကြည့်လျှင်သိနိုင်ပြီဖြစ်သည်။ (ယခုအချိန်ထိ ကျေးဇူးတင်စရာကောင်းလောက်အောင် နူးညံ့သိမ်မွေ့နေပြီ) နှင့် ယင်းနောက်ဆက်တွဲ မျိုးကွဲသစ်များ ထပ်မံ၍ လိုက်လာဦးမလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သေချာသည်က လက်တွေ့ ယခုအချိန်တွင် ကမ္ဘာကြီးသည် ဤဗိုင်းရပ်စ်ပိုးဖြင့် ရှင်သန် နေထိုင်ရန် သင်ယူဖို့လိုမည်ဟုထင်ရသည်။


ကာကွယ်ဆေးထိုးရန်ချဉ်းကပ်နည်းအမျိုးမျိုး၊ လူမှုအလှမ်းကွာနေထိုင်ခြင်း၊ လူထူထပ်နေရာများတွင် နှာခေါင်းစည်းမက်စ်တပ်ဆင်နေထိုင်ခြင်း၊ နှင့် မလိုလားအပ်ဘဲ လူထူထပ်နေရာများကိုမသွားလာခြင်း စသည့်အမူအကျင့်များသည် မျော်လင့်နိုင်သော အနာဂတ် ကမ္ဘာတစ်ဝန်းလုံးတွင် ဆက်လက်မြင်တွေ့ နေရဦးမည့် အရာများပင်ဖြစ်သည်။


ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံသားများ၏ ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုး နှစ်ခုစလုံးအတွက် ၊ ပိတ်ဆို့ မှု များကို ရှောင်ရှား နိုင် မည် ဟုမျှော်လင့်ရမည် ။ ထို့အပြင် ပုံမှန်အခြေအနေအသစ်များအဖြစ် မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များသည် ဆိုးဝါးလွန်းသော ကိုဗစ်-၁၉ ၏ အလှမ်းကွာမှုကို ပြန်လည်ခုခံချေပယင်း တစ်ဖန် ပြန်လည် ဆုံတွေ့နိုင်ဖို့ မြန်နိုင်သမျှမြန်အောင် မျှော်လင့်ရသည်။ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများစွာတို့၏ အောင်မြင်မှုများစွာတို့ ရရှိလာသည့်တိုင် လူမှုမီဒီယာပေါ်က သတင်းအမှားများကိုအဟုတ်ထင်ပြီး ကာကွယ်ဆေးထိုးရန် ငြင်းဆန်သူများစွာလည်းရှိနေဆဲပင်ဖြစ်သည်။ဒီဂျစ်တယ် အမုန်းစကားကောင်တာလိုက်သည့်စင်တာအဖွဲ့ (CCDH) ၏ စစ်တမ်းတစ်စောင် အရ ဗြိတိန် နိုင်ငံသားခြောက်ယောက်တွင် တစ်ယောက်သည် ကာကွယ်ဆေးထိုးရန် သဘောမတူကြောင်း စစ်တမ်း တွေ့ ရှိ ခဲ့ သည် ( လတ်တလောယူကေ ရှိ လူ ၃၉ သန်း ကျော် ကို အပြည့်အဝ ကာကွယ်ဆေးထိုးထားသည်၊၊ )
ဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်ရန် ဆန္ဒမရှိသူများစွာနှင့် ၎င်းကိုဆန့်ကျင်သည့် ကာကွယ်ဆေးထိုးရန်နှင့် ဆေးဝါးကုသရန်မတတ်နိုင်သော သူတို့ လမ်းဆုံဖို့မဖြစ်နိုင်သလို ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကလည်း အဆုံးသတ်ရန်မဖြစ်နိုင်သေးချေ။


ကာကွယ်ဆေးဆန့်ကျင်ရေးလှုပ်ရှားမှုများသည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမတိုင်မီ ကြာမြင့်စွာကတည်းကပင် ပြဿနာတစ်ရပ်အဖြစ် ရှိခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ပျံ့နှံ့လာခဲ့သည်။ အဆိုပါအုပ်စုများသည်ဆေးဝါးကျွမ်းကျင်သူပညာရှင်များ၏အဆိုကိုလက်ခံနိုင်စွမ်းမရှိဘဲ ၊ အခြေအမြစ်မရှိသည့် သိပ္ပံပညာရပ်ဆိုင်ရာများ၊ အထောက်ထားကင်းမဲ့ အချက်အလက်များနှင့် မမှန်ကန်သည့် သီအိုရီများကို ဆုပ်ကိုင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ကျွန်ုပ်တို့၏ လူသားများဒီအန်အေကို ပြောင်းလဲစေသော လူသားများကိုခြေရာခံသည့် မိုက်ကရိုချပ်စ်ထည့်သွင်းထားသည်ဟု လွှဲမှားစွာဖြင့် ယုံကြည်နေကြသည်။ တကယ်တော့ကမ္ဘာကြီးအတွင်း (ကာကွယ်ဆေးဆန့်ကျင်ရေး) ကိုဗက်စ်ဆန့်ကျင်ရေးလှုပ်ရှားမှုက ပေါ်ထွန်းခဲ့ပြီး ဝက်သက်ရောဂါနှင့် ပိုလီယိုကဲ့သို့သော ကာကွယ်ဆေးထိုးခြင်းမှ တိုက်ဖျက်ဆန့်ကျင်ရေးများ ကြီးစိုးမှုကြောင့် တိုက်ဖျက်ထားခဲ့သော ထိုရောဂါများစွာကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည့် သာဓကများရှိခဲ့သည်။ သတင်းအချက်အလက်မှားများပျံ့နှံ့ခြင်းနှင့် ထိုကာကွယ်ဆေးဆန့်ကျင်ရေးနောက်လိုက်များကြောင့် ရလာဒ်က ရောဂါများသာဖြစ်ပြီး အမှန်အကန်လူကိုသေလောက်စေသော လုပ်ရပ်မျာဖြစ်ကြပေလိမ့်မည်။

Nikole Robinson & Charlie Ginger ရေးသားသော New Pandemics 2022 Magazine ပါThe Global Effects of Covid-19 ဆောင်းပါးအား မောင်မိုးသက် (စစ်တွေ) ဘာသာပြန်ဆိုသည်။
Western News-WN


ဆက်စပ်စကားလုံများ : #ကိုဗစ်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်