ဦးသန်းထွန်း
test1

စက်သုံးဆီဆိုင်ဆောက်လုပ်နေမှု လူထုကန့်ကွက်နေသော်လည်း ဆက်လက်လုပ်ဆောင်မည်ဟု ဝန်ကြီးဦးသန်းထွန်းပြော


Western News – ဖေဖော်ဝါရီ၊ ၂ ရက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်တွင် ဆောက်လုပ်ထားသည့် စက်သုံးဆီဆိုင်အား လူနေအိမ်များနှင့် နီးကပ်နေသည့်အတွက် ဒေသခံများ ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်သော်လည်း ဆီဆိုင်မှာ လုပ်ငန်းစဉ်အတိုင်းဆက်သွားနေမည်ဖြစ်သည်ဟု ကြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သံယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း က ပြောသည်။
ကိုင်းရှည်ရပ်ကွက် အာလိန်ငါးဆင့်ဘုန်းတော်ကြီးကျောင်းရှေ့တွင် ဆောက်လုပ်ထားသည့် မိဘဂုဏ် ၃ စက်သုံးဆီဆိုင်အား လူနေအိမ်များနှင့် နီးစပ်သည့်အတွက် အဆိုပါနေရာ၌ ဆောက်လုပ်ခြင်းအား ကန့်ကွက်ကြောင်း ဇန်နဝါရီလ ၃၀ ရက်နေ့က ဒေသခံများ လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါ စက်သုံးဆီဆိုင်ဆောက်လုပ်မှုအတွက် ခွင့်ပြုချက်တောင်းခံလာမှုကို ကန့်ကွက်ရန်မရှိကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့၌ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား သံယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက လက်မှတ်ရေးထိုးကာ ပြည်ထောင်စု သံယံဇာနှင့်သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြပေးခဲ့မှုရှိခဲ့သည်။
လက်ရှိ ကိုင်းရှည်ရပ်ကွက်ရှိ ဆီဆိုင်ဆောက်လုပ်မှုနှင့်ပတ်သက်၍ ကန့်ကွက်မှုများရှိလာခြင်းကြောင့် ပြန်လည်စီစစ်ပေးရန်ရှိမရှိ Western News မှ မေးမြန်းကြည့်ရာ မကျေနပ်သည့် လူတစ်ချို့မှ ဆန္ဒပြမှုများတွေ့ရသည်ကလွဲလျှင် ထူးခြားမှုမရှိသည့်အတွက် လုပ်ငန်းစဉ်အတိုင်း ဆက်သွားနေမည်ဖြစ်သည်ဟု ရခိုင်ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း က Western News ကိုပြောသည်။
ဆီဆိုင်နဲ့ပတ်သက်လို့ လူနေအိမ်ကြား ရွာကြားထဲမှဆောက်တယ်ဆိုပြီးတော့ မကျေနပ်တဲ့လူတွေက ဆန္ဒပြတာတော့တွေ့ရတယ်။ တစ်ခြားထူထူးခြားခြားတော့မရှိဘူးလေ။ ဆီဆိုင်ကတော့ သူ့လုပ်ငန်းစဉ်အတိုင်း ဆက်သွားနေမှာပါပဲ။ ဆီဆိုင်တစ်ဆိုင် ဖြစ်ဖို့ဆိုတာမလွယ်ဘူး။ အဆင့်တွေအများကြီးကိုဖြတ်သန်းပြီးမှ ဖြစ်လာတာလေ
လက်ရှိတွင် စက်သုံးဆီဆိုင်မှာ ဆီရောင်းချမှုပြုလုပ်နေပြီဖြစ်ပြီး ကန့်ကွက်ဆန္ဒပြမှုများကြောင့် တစ်စုံတစ်ရာထူးခြားမှုရှိမလာသည့်အတွက် လက်မှတ်ထိုးပြီး ကန့်ကွက်စာထပ်တင်ရန်ရှိသည်ဟု ဆန္ဒပြမှုအား ဦးဆောင်သူတစ်ဦးဖြစ်သူ ကိုသက်နိုင် ကပြောသည်။
ဆီဆိုင်ကိစ္စ ကန့်ကွက်ဆန္ဒပြမှုမှာ ဒေသခံတွေဘက်က ထောက်ခံမှုတွေတော့များတယ်။ ဒါပေမယ့် ထူးခြားမှုတော့မရှိလာသေးဘူး။ ကျနော်တို့ ထပ်ပြီးတော့ လက်မှတ်ထိုးပြီး ကန့်ကွက်ကြောင်း တင်ပြဖို့တော့ လုပ်နေပါတယ်။ ဆီဆိုင်က လူနေအိမ်တွေ နီးလွန်းတော့ အန္တရာယ်များလွန်းလို့ပါ
တောင်ကုတ်မြို့တွင် ၂၀၁၂ ခုနှစ်၌ မြို့တွင်းရှိ စိန်ပန်းတိုင် စက်သုံးဆီအရောင်းဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ရပ်မိရပ်ဖနှင့် မြို့နယ်စည်ပင်နယ်နိမိတ်အတွင်း စက်သုံးဆီရောင်းချမှုအား ခွင့်မပြုကြောင်း အစည်းဝေးပြုလုပ်ကာ ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပြီး အာဏာပိုင်တို့မှလည်း ညွှန်ကြားမှုတို့ရှိခဲ့သည်။
အဆိုပါကာလမှစ၍ တောင်ကုတ်မြို့အပြင်ဖက် လူနေအိမ်များနှင့်မနီးသည့်မြို့ပြင်ဖက်တွင်သာ စက်သုံးဆီဆိုင်များ ဆောက်လုပ်ရောင်းချခွင့်ရရှိကြပြီး လက်ရှိတွင်မူ မိဘဂုဏ် ကားလိုင်းပိုင်ရှင် ဦးထွန်းကြွယ်မှ ကိုင်းရှည်ရက်ကွက် လူနေအိမ်များကြား စက်သူံးဆီဆိုင် ဆောက်လုပ်ရောင်းချခွင့် ရရှိလာခြင်းဖြစ်သည်။
Western News-WN

ဆက်စပ်စကားလုံများ : #တောင်ကုတ်#ရခိုင်
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်