Western News
test1

အစွန်းနှစ်ဖက်ကြားက မြောက်ဦး


 ဆောင်းပါး

Western News-ဖေဖော်ဝါရီ ၃ ရက်

မြောက်ဦးသည် ရခိုင်တို့၏ နှလုံးသွေးကြောထဲမှ မြို့တော်ဟု ရခိုင်လူမျိုးတိုင်းနီးပါးပြောဆိုတတ်ကြသည်။ မြောက်ဦးဟူသည့် ယဉ်ကျေးမှုမြို့တော်ကြီးကို ကြည့်လိုက်သည်နှင့် ရခိုင်လူမျိုးဟူသည် မည်မျှကြီးကျယ် ခမ်းနားခဲ့ပြီး ယဉ်ကျေးမှုမည်မျှ မြင့်မားခဲ့သည်ဆိုခြင်းကို ပြသနိုင်သည့်အတွက် မြောက်ဦးကို ရခိုင်လူမျိုးတိုင်း ချစ်မြတ်နိုး တန်ဖိုးထားတတ်ကြသည်။ လက်ရှိမှာလည်း မြောက်ဦးသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ ကြိုးပမ်းနေသည့် နေရာဒေသတစ်ခုလည်းဖြစ်နေသည်။ သို့ကြောင့် ရှိနေသည့်အမွေအနှစ်များ ပျက်စီးမှုမရှိစေ ရေးက ဒေသခံနှင့် သက်ဆိုင်ရာများကြားမှာ တာဝန်ရှိလာခဲ့သည်။

သို့သော် ဂရုပြုရမည့်တစ်ချက်မှာ  ကမ္ဘာ့အမွေအနှစ်ဝင်ရန် ကြိုးပမ်းနေသည့် မြောက်ဦး ရှေးဟောင်းမြို့တော်ကြီးထဲတွင် လူနေထိုင်မှုလည်း ရှိနေသည် ဟူသောအချက်ပင် ဖြစ်သည်။ လူသားဟူသည်မှာ ခေတ်စနစ်နဲ့အညီ တိုးတက်ဖွံ့ဖြိုးမှုကိုလိုလားကြပြီး လူနေမှုစနစ်များ တစ်ဆင့် တစ်ဆင့်မြင့်လာဖို့ကို မျှော်လင့်ကြသည်။  သို့ကြောင့် ရှေးဟောင်းနှင့် ဖွံ့ဖြိုးမှုကြားတွင် မြောက်ဦးသည် တစ်စတစ်စ ကြားညှပ် လာနေပြီဖြစ်သည်။

မြောက်ဦးနှင့်ပတ်သက်လျှင် ရှေ့သမိုင်းဖြစ်စဉ်များနှင့် အစချီပါက ပိုအဆင်ပြေမည်ထင်သည်။ မြောက်ဦးသည်  ရခိုင်သမိုင်းတစ်လျှောက်တွင် နန်းစံသက်နှစ်ပေါင်း ၃၅၀ ကျော်ရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ခဲ့ပြီး  ယဉ်ကျေးမှုလည်း ကြီးမားခဲ့သကဲ့သို့ စီးပွားရေးလည်းဖွံ့ဖြိုးခဲ့သည့် မြို့ဟောင်းတစ်ခုပင်ဖြစ်သည်။ အေဒီ ၁၅ ရာစုမှ ၁၈ ရာစုလောက်တွင် နိုင်ငံတကာ ကုန်သွယ်စီးပွားရေး အချက်အချာကျသော ဒေသတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံခြားကူးသန်း‌ ရောင်းဝယ်မှု ထွန်းကားခဲ့သည့် ဆိပ်ကမ်းမြို့ကြီးတစ်မြို့အဖြစ် ကမ္ဘာ့သမိုင်း စာမျက်နှာတွင် ပါဝင်ခဲ့သည်။ ယဉ်ကျေးမှု ထွန်းကားမှုကို ထောက်ရှုကြည့်မည်ဆိုလျှင်လည်း လက်ရှိဘုရားပုထိုးတည်ရှိမှုနှင့် စေတီပုထိုးများအတွင်းမှ အနုစိတ်ပုံဖော်ထားသည့် ကျောက်ဆစ်လက်ရာများကို ယခုထက်ထိတိုင် ထင်ထင် ရှားရှားမြင်တွေ့နေရခြင်းသည် မည်သို့မျှ အထင်သေး၍မရသည့် ပြောင်မြောက်လှသည့် ဗိသုကာလက်ရာများပင် ဖြစ်သည်။

မြောက်ဦးခေတ်မှ ရခိုင်ဘုရင်များသည်လည်း ဘင်္ဂါ ၁၂ မြို့ကို တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့သည့်အထိ အင်အားကြီးမားခဲ့ကြသည်ဟု သမိုင်းမှတ်တမ်းများတွင် ဖတ်မှတ်သိရှိခဲ့ဖူးသည်။ ထိုသို့ သြဇာကြီးမားခဲ့သည့် ရခိုင်ဘုရင်များ စိုးစံမှုသည် သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် အားလုံးချုပ်ငြိမ်းသွားခဲ့ရပြီး ဗမာဘုရင် ဘိုးတော်ဘုရား၏ သိမ်းပိုက်မှုအောက်သို့ ရောက်ခဲ့ကြရသည်။

မြို့တည်နှစ်နှင့် ရေတွက်လိုက်လျှင် လက်ရှိမြောက်ဦးမြို့သက်သည် နှစ်ပေါင်း ၅၉၁ နှစ်ရှိပြီဖြစ်ပြီး ရှေးဟောင်းဘုရားပုထိုးများ တည်ရှိသည့်အတွက်  ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ် နေကြဆဲဖြစ်သည်။

မြောက်ဦးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ရန် ၂၀၁၇ ခုနှစ်မှ စတင်၍ ကြိုးပမ်းလာခဲ့သော်လည်း အဆင်ပြေမှုမရှိခဲ့ဘဲ အဆိုပါ ခုနှစ်တွင် အာနန္ဒစန္ဒြားကျောက်စာတစ်ခုသာ ကမ္ဘာ့မှတ်တမ်းမှတ်ရာအဖြစ် အမွေအနှစ်စာရင်းဝင်ခဲ့သည်။  ၂၀၂၀ ခုနှစ်တွင်လည်း ယူနစ်စကို အသိမှတ်ပြုနိုင်ရေးအဆိုကို ပထမတစ်ကြိမ် တင်ပြမှုရှိခဲ့သော်လည်း ဒေသတွင်းမတည်ငြိမ်မှုများနှင့် ကပ်ရောဂါအခြေနေတို့ကြောင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ နှောင့်နှေးမှုရှိခဲ့ကာ ၁ နှစ်နောက်ဆုတ်ခဲ့ရသည်။

၂၀၁၈ ခုနှစ်မှစ၍ ၂ နှစ်ကျော်ကြာ ရက္ခိုင့်တပ်တော် AAနှင့် မြန်မာစစ်တပ်တို့တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့စဉ်ကလည်း မြောက်ဦးသည် တိုက်ပွဲဧရိယာထဲတွင်ရှိနေခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ကြောင့် ဘုရားပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကာ မည်မျှပျက်စီးမှုရှိခဲ့သည်ကို လက်ရှိချိန်ထိ စာရင်းကောက်ယူ နိုင်မှုမရှိသေးပေ။

မြောက်ဦးမြို့တည်ရှိပုံမှာ တောင်တန်းများပတ်လည်ကာရန်ထားသည့် အထဲတွင်တည်ရှိနေခြင်းမျိုးဖြစ်ပြီး မြို့တည်စနစ်မှာ အဆင့်မြင့်နည်းပညာများဖြင့် တည်ဆောက်ထားခြင်းမျိုးဖြစ်သည်။ မြို့တော်ရှိ ခံတပ်များ၊ ကျုံးများ၊ ရေသွယ်မြောင်းများ၊ ရေးပေးဝေသည့်စနစ်နှင့် ရေးအသုံးချမှုပုံစံ စသည့်အရာများမှာ မြင့်မားသည့် နည်းပညာများဖြင့် ဆောင်ရွက်ထားခြင်းမျိုးဖြစ်သည်ဟု သမိုင်းသုတေသနဆိုင်ရာ ပညာရှင်များက ပြောကြသည်။ လက်ရှိ မြောက်ဦးဒေသကို UNESECO ဝင်ရေးအဆိုပြုလွှာတွင်လည်း အဆိုပါ သဘာဝရင်းမြစ် များနှင့် သက်ဆိုင်သည့် အရာများကို အဓိကအဆိုပြုထားခြင်းဖြစ်ကြောင်း သိရသည်။

သိုသော်လည်း အဆိုပါ နေရာများတွင် ကျူးကျော်နေထိုင်မှုတို့နှင့် ကျုံးများအား မြေများဖို့ကာ လူနေထိုင်ရာအဆောက်အဦးများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦးများ ဆောက်လုပ်ကာ နေထိုင်လုပ်ကိုင်လျှက် ရှိကြသည်ကိုတွေ့ရသည်။ ဘုရားပုထိုးများရှိသည့် ပတ်ဝန်းကျင်ဧရိယာများတွင်လည်း အမှိုက်သရိုက်စွန့်ပစ်မှုများ၊ လူနေထိုင်မှုနှင့်နီးကပ်လွန်းသည့်အတွက် ညစ်ညမ်းမှုတို့စုပုံလျှက် ရှိသည်။

ရှေးဟောင်းနယ်မြေအတွင်း ကျူးကျော်မှုတစ်ချို့မှာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းလုပ်ဆောင်နေမှု တို့ဖြစ်ပြီး အထူးသဖြင့် ၎င်းဧရိယာများနှင့်နီးစပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ညှိနှိုင်းကာ လုပ်ဆောင်ထားခြင်းတို့ ဖြစ်သည်ဟု ကျူးကျော်နေရာယူထားသူတို့က ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါးသုံးစွဲမှုများမှ ထွက်လာသည့် စွန့်ပစ်အမှိုက်များမှာလည်း ဘုရားပုထိုး၊ ဂူများထဲတွင် ပြန့်ကြဲမှုတို့ရှိနေတတ်သည်။ ထိုအရာများကို လူသူကင်းရှင်းသည့်နေရာများ ဖြစ်သည့် ရှေးဟောင်းဆိုင်ရာ နေရာဒေသများတွင် အများအပြားတွေ့ရှိရတတ်ပြီး တာဝန်ရှိသူများမှာ အဆိုပါကိစ္စများအား တာဝန်ယူဖြေရှင်းမှု မရှိဘဲ လျစ်လျူရှုထားသည်ကို တွေ့ရသည်။

မြောက်ဦးတွင် လွန်ခဲ့သည့် ခုနှစ်များက ရှေးဟောင်းမြေနှင့် မလွတ်ကင်း၍ မြို့ထဲရှိခဲ့သည့် သက်ဆိုင်ရာ အဆောက်အဦးများကို မြို့ပြင်‌သို့ ရွှေ့ထုတ်ခဲ့သည်များရှိခဲ့သော်လည်း ပုဂ္ဂလိက ပိုင်ဆိုင်သည့် အဆောက်ဦးများ ကိုမူ ရွှေ့ပြောင်းနိုင်မှု မရှိသေးပေ။ ရွှေ့ပြောင်းခဲ့သည်များထဲတွင် ထင်ရှားသည့်အဆောက်အဦးများ အနေဖြင့် ဆေးရုံကြီး၊ ရဲစခန်း၊ ကားဂိတ်၊ မီတာရုံး၊ အထက စာသင်ကျောင်း စသည့် အများနဲ့သက်ဆိုင်သည့် အဆောက်အဦးများဖြစ်သည်။

မြောက်ဦးဒေသခံများသည် မြို့ဟောင်းကို ချစ်မြတ်နိုးပြီး ရှိနေသည့်အမွေအနှစ်များကို ဆက်လက်အဓွန့်ရှည် အောင်ထိန်းသိမ်းနိုင်ဖို့ရန် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ချင်သော်လည်း ရှေးဟောင်းနယ်မြေများတွင် အမြဲလိုလို ကျူးကျော်နေရာယူတတ်ကြပြီး လက်ရှိလည်း နေရာယူထားကြဆဲပင်ဖြစ်သည်။

ထိုသို့ ကျူးကျော်နေရာယူထားမှုတို့အား ဖယ်ရှားပေးရန် ယခုလပိုင်းအတွင်းက ကနဦးအသိပေးထားပြီဖြစ်ကာ ဖယ်ရှားပေးမှုမရှိလျှင် ဥပဒေအရ အရေးယူသွားရန်စီစဉ်ထားသည်ဟု မြောက်ဦးရှေးဟောင်း သုတေသနဌန၏ ညွှန်ကြားရေးမှူး ဦးကြည်ခင်က မီဒီယာများသို့ ဖြေကြားမှုရှိခဲ့သည်။

သို့ပါသော်လည်း ထိုသို့နေရာယူနေကြသူများအား တစ်ဖက်တွင် အပြစ်တင်ရန်ခဲယဉ်းမှုရှိနေသည်။ အဘယ်ကြောင့်ဆိုမူ လူဦးရေတိုးပွားလာသည်နှင့်အမျှ လက်ရှိ မြောက်ဦးမြို့ထဲတွင် မြေနေရာရှားပါလာသည့် ပြဿနာကြောင့်ပင်ဖြစ်သည်။

ထိုအကြောင်းရင်းတို့ကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းစောက်ရှောက်ရေးကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဆရာမ ဒေါ်ခင်သန်းက

“မြောက်ဦးဟာ မြို့သစ်စီမံကိန်းအရေးပေါ်လိုအပ်နေတဲ့ ဒေသတစ်ခုဖြစ် တယ်။ မြို့သစ်စီမံကိန်းသာ အကောင်အထည်မဖော်ဆောင်နိုင်ရင် မြောက်ဦးဟာ တစ်စတစ်စ ပျက်စီးလာတော့မယ်”

ဟူ၍ ပြောဆိုထားသည်။

မြောက်ဦးဒေသအတွက် မြို့သစ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ပြည်နယ်အစိုးရမှ အကောင်အထည်ဖော် ဆောင်မှုရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ပြီးစီးအောင်မြင်အောင်လုပ်ဆောင်နိုင်မှုမရှိသေးပေ။ အဆိုပါမြို့သစ် စီမံကိန်း သတ်မှတ်မြေနေရာမှာ ဝေသာလီမြို့ဟောင်းနှင့် ထမ္မရာဇ် တို့၏ ကြားနေရာဖြစ်ပြီး အဆိုပါနေရာရှိ လယ်ဧကများအတွက် လျော်ကြေးငွေများပေးဆောင်ရန်အထိ စီစဉ်မှုရှိခဲ့သည်။

ထိုမြို့သစ်စီမံကိန်းအား အကောင်အထည် မဖော်ဆောင်နိုင်ခဲ့သည့်အတွက် မြောက်ဦးမှာ လူများနှင့် ရှေးဟောင်း အမွေအနှစ်များ ကြားတွင် ကြားညှပ်နေရပြီး ပျက်စီးယိုယွင်းမှုတို့လည်းရှိလာခဲ့သည်။ မြို့ထဲတွင် လူများနေထိုင်သည့်အတွက် သွားရေးလာရေ ’အဆင်ပြေစေရန် လမ်းများအား ကောင်းမွန်စွာပြုပြင်လိုကြသော် လည်း ရှေးဟောင်းနှင့်ဆိုင်သည့်နေရာများတွင် ကွန်ကရစ်လမ်းများခင်းရန် အဆင်ပြေမှုမရှိသည့်အတွက် အခက်ခဲများရှိလာခဲ့သည်။

အဆိုပါလမ်းကိစ္စအပြင် လူတို့၏ လူနေမှုစနစ်မြင့်မားပြောင်းလဲလိုမှုနှင့် ရှေးဟောင်းနယ်မြေကြားတွင် မြောက်မြားစွာသော ကွာဟချက်များကြောင့် အခက်ခဲများဖြစ်ပေါ်လျှက်ရှိကြသည်။ အင်တာနက်အသုံးပြုမှု မြင့်မားလာသည့် လက်ရှိအခြေနေတွင်လည်း Fiber အင်တာနက်ဝန်ဆောင်မှုရယူရန် လိုလားမှုရှိလာကြသည်။ သို့သော် မြောက်ဦးဒေသတွင် အသုံးပြုမည့် Fiber အင်တာနက်ဝန်ဆောင်မှုအတွက် တာဝါတိုင်များတည်ဆောက်ရန် ဒေသအခြေအနေအရ အဆင်မပြေမှုတို့ကြောင့် မြို့တွင်းနေထိုင်သူတစ်ချို့မှာ ပြစ်တင်ဝေဖန်လျက်ရှိကြသည်။

မြန်မာနိုင်ငံအပြင် တစ်ခြားနေရာဒေသများရှိ ရှေးဟောင်းအမွေအနှစ်နေရာ ဒေသများကို လူများနှင့်နီးကပ်စွာ ထားရှိခြင်းမပြုဘဲ မူလပုံစံအတိုင်း ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းထားမှုရှိတတ်ကြသည်။ မြန်မာနိုင်ငံထဲတွင် ဆိုလျှင် ဥပမာအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားသော ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာစသည့် ပျူမြို့ဟောင်းသည် ၂၀၁၉ ခုနှစ်တွင် စာရင်ဝင်းထားသည့် ပုဂံဒေသများကို အခြေခံ ကြည့်ရှုလျှင် သိရှိနိုင်မည်ဖြစ်သည်။

ဖော်ပြပါ ရှေးဟောင်းအမွေအနှစ်များဖြစ်သည့် နေရာများမှာ လူနေထိုင်မှုဖြင့် တစ်သီးတစ်ခြားစီတည်ရှိနေကြပြီး ထိုသို့ဖြစ်နေခြင်းမှာ လူနေထိုင်မှုစနစ်မြင့်မားလိုမှု၏ အခက်ခဲကို ရင်ဆိုင်ရန် မလိုတော့သည့်အတွက် ရှေးဟောင်းအမွေနှစ်များ အဓွန့်ရှည်တည်တံ့ရေးအတွက် အဓိကအချက်တစ်ခုကို ထိန်းသိမ်းထားနိုင်ခြင်းပင် ဖြစ်သည်။

မည်သို့ဆိုစေကာမူ မြောက်ဦးရှိ အမွေအနှစ်များအား ထိန်းသိမ်းရေးကိစ္စမှာ ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့်အရာတစ်ခုဖြစ်သည့်အလျောက် ညီညွတ်မှုမရှိဘဲ တစ်နေရာရာမှ လစ်ဟင်းနေလျှင်ပင် လုပ်ဆောင်ချက်များ နှောင့်နှေးစေတတ်မည်မှာ မလွဲပင်ဖြစ်သည်။

သို့ဖြစ်၍ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်တွင် အဆိုပြုလွှာ မူချောအား တင်သွင်းထားမှုရှိခဲ့ပြီဖြစ်ပြီး ထိုတင်ပြထားချက်အတိုင်း အမွေအနှစ်စစ်မှန်ကြောင်း လက်တွေ့ချပြနိုင်ရန်မှာ လည်း အရေးကြီးဆုံးအချက်တစ်ခုပင်ဖြစ်သည်။ လက်ရှိတွင် မြောက်ဦးဒေသအပေါ်ထားရှိသည့်  ရခိုင်တစ်မျိုး သားလုံး ၏ ဆန္ဒမှာ ကမ္ဘာ့အမွေအနှစ်ကော်မတီမှ ၂၀၂၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ပြုလုပ်မည့် ညီလာခံ၏ အဆုံးအဖြတ်တွင် ကမ္ဘာ့အမွေနှစ်စာရင်းဝင်နိုင်ရန်ပင်ဖြစ်သည်ဟူသောအချက်ဟုဆိုလျှင် မှားနိုင်မည်မဟုတ်ပေ။

အဆိုပါမျှော်လင့်ချက် ပြည့်စုံနိုင်ရန်မှာလည်း အစွန်းနှစ်ဖက်ကြားတွင် ညှပ်နေသည့် မြောက်ဦးဒေသ၏ အခြေနေအား လျင်မြန်စွာဖြေရှင်းရန်လိုအပ်နေပြီး သို့မဟုတ်လျှင် လူနေမှူစနစ်မြင့်မားလိုမှုကြောင့် ဖွံ့ဖြိုးမှု၏ လွှမ်းမိုးမှု အစွန်းဖက်သို့ ရောက်သွားမည်မှာ မလွဲပင်ဖြစ်သည်။

မော်ရေးသားသည်

Western News-WN

 

 


ဆက်စပ်စကားလုံများ : #မြောက်ဦး
 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်