test1

အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ကရင်အာဇာနည် စောဘဦးကြီးရုပ်ထု ဖြုတ်ချလိုက်ရ၊ ဖိအားပေးဖြုတ်ချခိုင်းခြင်းသည် ဖိနှိပ်မှုတစ်ခုဖြစ်


Western News- ထွန်းလှ

ဇွန်နဝါရီ ၅ ရက်

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂယက်ကြီးကျေးရွာတွင် စိုက်ထူထားသော ကရင်အာဇာနည် စောဘဦးကြီး ရုပ်ထုကို တိုင်းအစိုးရနှင့် စစ်ဖက်ရေးရာလုံခြုံရေးက ဖယ်ရှားရန် မကြာခဏ ဖိအားပေးမှုများရှိနေ၍ ဒေသခံကျေးရွာသားများက ဖြုတ်ချပေးလိုက်ရကြောင်း သိရသည်။

စောဘဦးကြီးရုပ်ထုကို ကရင်အာဇာနည်နေ့ နှစ် (၇၀) ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့က ကရင်လူထုနှင့် ကရင်လူငယ်အဖွဲ့အစည်းများက စိုက်ထူထားခဲ့ခြင်းဖြစ်ပြီး၊ အဏာပိုင်များက ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်ရန်ပြုနေ၍ ဒေသခံများက ဇွန်နဝါရီလ ၃ ရက်နေ့၊ ညနေ ၈ နာရီခန့်အချိန်က ဖြုတ်ချပေးလိုက်ရခြင်းဖြစ်သည်ဟု ဧရာဝတီ ကရင်လူငယ် ဦးဆောင်သူ ကိုစထွဋ်ဝေအောင်က Western News ကိုပြောသည်။

ရုပ်ထုဆောက်ဖို့ ဗိမာန်ဆောက်ကတည်းက စရဖ ကနေ အမျိုးမျိုးပေး ခြိမ်းခြောက်တာတွေရှိတယ်။ ရုပ်ထုဆောက်ပြီး ၄ လအကြာမှာတော့ ဖိအားပေး ခြိမ်းခြောက်တာတွေပိုများလာတယ်၊ ရုပ်ထုကို ဖြုတ်ချရမယ်၊ မဖြုတ်ချရင်တရားစွဲမယ်တို့ နေ့တိုင်းလိုလို ဖုန်းဆက်ပြီးတော့လည်း ပြောတယ်၊ လူကိုယ်တိုင်လာတွေ့ပြီးတော့လည်းပြောတယ်၊ မနေ့ကတော့ ပိုမိုခြိမ်း‌ခြောက်လိုက်တယ်၊ နင်တို့မဖြုတ်ရင် ငါတို့လာဖြုတ်မယ်ဆိုပြီးတော့ခြိမ်းခြောက်လိုက်တော့ ဒေသခံတွေကလည်း ဒီရုပ်ထုရှိနေရင် မလုံခြုံဘူး၊ မလွတ်လပ်ဘူး၊ အကြောက်တရားတွေဖြစ်နေရတယ်၊ ကြောက်နေရတယ်၊ တစ်ဖက်ကလည်း ပုံစုံအမျိုးမျိုးနဲ့ ခြိမ်းခြောက်ပြီးတော့ ရန်ပြုနေတော့ ဒေသခံတွေကလည်း မနေ့က ညနေက ဖြုတ်ချလိုက်ကြတယ်

ရာဝတီ ကရင်လူငယ် ဦးဆောင်သူ ကိုစထွဋ်ဝေအောင်

ကရင်အာဇာနည် စောဘဦးကြီးရုပ်ထုအား ဖြုတ်ချပေးရန် ဖိအားပေးမှုများက အုပ်ချုပ်သူနှင့် တိုင်းရင်းသားများကြား အပြန်အလှန် လေးစားတန်ဖိုးထားမှုမရှိခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကာ လက်ရှိအာဏာပိုင်အစိုးရများအနေဖြင့် မြန်မာနိုင်ငံရှိ လူမျိုးစုများ အကြားတွင် အပြန်အလှန် လေးစားတန်ဖိုးထားမှု၊ အသိအမှတ်ပြုမှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုများမရှိပါက နိုင်ငံရေး ပြဿနာများကို ပြေပြေလည်လည်ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပြည်တွင်းစစ်လည်း ဆက်လက်ကြာရှည်နေဦးမည်ဖြစ်ကြောင်း ကိုစထွဋ်ဝေအောင်က ထောက်ပြပြောဆိုသည်။

ကရင်တစ်မျိုးသားလုံး၏ အာဇာနည် ခေါင်းဆောင် စောဘဦးကြီး၏ ရုပ်ထုအား အာဏာပိုင်များက ဖိအားပေးဖြုတ်ချခိုင်းခြင်းသည် ဖိနှိပ်မှုတစ်ခုဖြစ်ကြောင်းနှင့် ယခု ဒီမိုကရေစီအစိုးရလက်ထက်တွင် မဖြစ်သင့်သည့် ကိစ္စဖြစ်သည်ဟု နိုင်ငံသား အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားသူဆုရှင် ဒေါ်နော်အုံးလှကပြောသည်။

တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှု အထိမ်းအမှတ်တွေကို ထိန်းသိမ်းဖို့ ဥပ‌ဒေအရကိုက ပေးထားပြီးသားဖြစ်တယ်၊ အခုက ထိန်းသိမ်းပေးဖို့မလုပ်ဘဲနဲ့ ဖိအားပေးပြီးတော့ ဖြုတ်ချဖို့လုပ်တယ်ဆိုတာက မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်၊ အရင်စစ်အာဏာရှင် ခေတ်တုန်းက လုပ်တယ်ဆိုတာတော့ လက်ခံလို့ရနိုင်သေးတယ်၊ အခု လူထုအစိုးရခေတ်မှာ ဒီလိုမျိုးလုပ်တယ်ဆိုတာတော့ မဖြစ်သင့်ဘူးလို့ ထင်တယ်၊ အာဏာပိုင်တွေက ကျွန်မတို့ရဲ့အခွင့်အရေးကို ချိုးဖောက်တယ်လို့မြင်တယ်

နိုင်ငံသား အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားသူဆုရှင် ဒေါ်နော်အုံးလှ

ဒီမိုကရေစီ အစိုးရအနေဖြင့် တိုင်းရင်းသားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးခြင်းမရှိဘဲ ဆက်လက်ပိတ်ပင် တားဆီးနေမည်ဆိုပါက ယခင် စစ်အာဏာရှင်အစိုးရများနှင့် ကွာခြားမှုရှိမည်မဟုတ်ကြောင်း လည်း ဒေါ်နော်အုံးလှက ထောက်ပြပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

Western News- WN

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်