test1

မင်းပြားကျိန်းတောင်၌ တပ်မတော်ကနေရာယူထားသဖြင့် ဘုရားဖူးခွင့်ဆုံးရှုံးနေဟုဆို


Western News – အောင်စိုး

ဇန်နဝါရီ ၅ ရက်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ထင်ရှားကျော်ကြားသော ကျိန်းတောင်ဘုရားတည်ရှိရာတောင်ပေါ်၌ တပ်မတော်မှ နေရာယူထားသည်မှာ တစ်နှစ်ကျော်ကြာနေရာယူထားသဖြင့် ဒေသခံဘုရားဖူးသွားလာသူများမှာ ဘုရားဖူးခွင့် ဆုံးရှုံးနေရသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများကပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ မင်းပြားကျိန်းတောင်၌ တပ်မတော်က ဝင်ရောက်နေရာယူထားသည်မှာ ယခုနှစ် ၂၀၂၁ ထိရှိနေပြီဖြစ်သဖြင့် ၎င်းနေရာမှအမြန်ဆုံး ဖယ်ရှားပေးစေလိုကြောင်း မင်းပြားမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောသည်။

တပ်မတော်ကကျိန်းတောင်ထက်မှာ နေရာယူထားတာ တစ်နှစ်ကျော်သွားပြီ။ အခုဆိုရင်ပွင့်လင်းတဲ့ရာသီရောက်လာတဲ့အတွက် ဘုရားဖူးခရီးသည်များမှာ ထင်းရှားတဲ့ဘုရားတွေကိုသွား ရောက်ဖူးမျှော် နေကြတဲ့ အချိန်ဖြစ်တယ်။ ကျိန်းတောင်ဘုရားကို အခုချိန်ထိတစ်ယောက်မှတက်ခွင့်မပေးဘူး။ ဒီတော့ဒေသခံတွေရဲ့ ဘုရားဖူးသွားလာခွင့်ကိုဆုံးရှုံးနေရတယ်

မင်းပြားမြို့နယ်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်

ယင်းအပြင် လွှတ်တော်ထဲ၌ ဗုဒ္ဓသာသနိကအဆောက်အဦးတည်ရှိသော တောင်ကုန်းများတွင် လက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် စခန်းမချရန် အဆိုတင်သွင်းခဲ့မှုများရှိခဲ့သော်လည်း ယနေ့အချိန်ထိ ၎င်းအဆိုနှင့် ပတ်သက်၍ အစိုးရဖက်မှတစ်စုံ တစ်ရာ အကြောင်းပြန် လာခြင်းမျိုးမတွေ့ရှိရကြောင်း ဦးလှသိန်းအောင်ကပြော သည်။

တပ်မတော်သားများအနေဖြင့် သာသနိကအဆောက်အဦးများပေါ်တွင် နေရာယူထားမှုများမရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေအဖွဲ့မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းပွဲတစ်ခုတွင်ပြောဆို ခဲ့သည်။

အဆိုပါ ဘုရားရင်ပြင်ပေါ်များတွင် တပ်မတော်သည် မည်သည့်အခါမှ တပ်စွဲလေ့မရှိကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နှစ်စပိုင်းများတွင် မီဒီယာများအား အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးသည်။

ရခိုင်ပြည်နယ်ရှိ အနယ်နယ်အရပ်ရပ်မှ ဒေသခံဘုရားဖူးသွားလာသူများမှာ မင်းပြားကျိန်းတောင် ဘုရားကိုအထွတ်အမြတ်ထားကာ လာရောက်ဖူးမျှော်ကြသူများရှိသဖြင့် ယခုလိုတောင်ပေါ်သို့တက်ရောက်၍ ဘုရားဖူးခွင့်မရရှိခဲ့သောကြောင့် စိတ်မကောင်းဖြစ်မိသည်ဟု ကိုယ်တိုင်သွားရောက်ဖူးမျှော်ရန်သွားရောက်ခဲ့သူ ပေါက်တောမြို့နယ်မှ ကိုမြင့်လွင်ကပြောသည်။

ကျွန်တော်က ဒီလအတွင်းမှာပဲ ကျိန်းတောင်ကို ဘုရားဖူးဖို့သွားခဲ့တယ်။ ဒါပေမဲ့ ဘုရားကိုဖူးခွင့်မရရှိခဲ့ဘူး။ တောင်ပေါ်ကို တစ်ပိုင်းလောက်ပဲတက်ခွင့်ရခဲ့တယ်။ တပ်မတော်သားတွေကတောင်ပေါ်ထက်မှာရှိတယ်။ ဘုရား ဖူးသွားခဲ့တာ အခုလိုဖူးခွင့်မရခဲ့လို့စိတ်မကောင်းဖြစ်မိတယ်

ပေါက်တောမြို့နယ်မှ ကိုမြင့်လွင်

ယခုလို ပွင့်လင်းရာသီသို့ရောက်ရှိလာသည်နှင့်အမျှ မှာမင်းပြားကျိန်းတောင် ဘုရားကိုဖူးချင်သော်လည်း တပ်မတော်ကနေရာယူထားသဖြင့် အန္တရာယ်တစ်ခုခုဖြစ်မည်ကိုစိုးရိမ်ကာမသွားရဲသလို တပ်မတော်ကလည်း ယင်းတောင်ပေါ်သို့တက်ခွင့်ကို ပိတ်ပင်ထားသည်ဟု မင်းပြားမြို့ခံကိုကျော်စိုးကပြောသည်။

တောင်ပေါ်ကိုတစ်ယောက်မှမတက်ရဲကြဘူး။ တပ်မတော်သားတွေရှိလို့မတက်ရဲတာပါ။ သူတို့ကလည်း တောင်ပေါ်ကိုတက်ခွင့်မပြုပါ။ ဒီတော့ ကျွန်တော်တို့ ဘုရားဖူးချင်ပေမယ့် ဖူးခွင့်မရ။ ဗုဒ္ဓဘာသာဝင်တွေရဲ့ဘုရားဖူး ခွင့်ကိုဆုံးရှုံးနေတယ်။ အရမ်းစိတ်မကောင်းဖြစ်မိတယ်

မင်းပြားမြို့ခံကိုကျော်စိုး

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှုး ဦးထွန်းငြိမ်းနိုင်ကို ဆက်သွယ်ခဲ့ပေမယ့် ၎င်းမှာအစည်း အဝေးတစ်ခုသို့တက်ရောက်နေသည်ဟုဆိုကာ ဖုန်းချသွားခဲ့သည်။

အလားတူ မြောက်ဦးမြို့နယ်ရှိ သင်းကျစ်တော်ဘုရားနှင့် ကျောက်တော်မြို့နယ်ရှိ ကျောက်တော်တောင်စေတီတို့ တည်ရှိရာတောင်ပေါ်၌ တပ်မတော်က နေရာယူထားသည်မှာတစ်နှစ်ကျော်ကြာမြင့်လာပြီဖြစ်သလို ၎င်းနေရာတို့မှာ ယခုအချိန်ထိဖယ်ရှားမှုများမရှိဟု ဒေသခံများကပြောဆိုကြသည်။

ထို့အတူ မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာရှိ ရဲစခန်း၊ တိမ်ညိုကျေးရွာရှိ ရဲစခန်းနှင့် စာသင်ကျောင်းတို့၌ လည်း တပ်မတော်က နေရာအသီးသီးယူထားလျက်ရှိသည်ဟု ကျေးရွာသားများကပြောဆိုကြသည်။

လက်ရှိအချိန်ကာလတွင် ရခိုင်ပြည်နယ်၌တိုက်ပွဲများရပ်တန့်နေသဖြင့် ဒေသခံပြည်သူများမှာထင်ရှား ကျော်ကြားသည့် ဘုရားများသို့သွားရောက်ဖူးမျှော်နေကြသည်များလည်းရှိသည်။

Western News-WN

ဓာတ်ပုံ-ဓဿ

 share

ဤနေရာတွင် ကြော်ငြာထည့်သွင်းနိုင်ပါသည်